Friday , October 19 2018
Home / Uncategorized / တိုင်းဧရာ ဝန်ကြီးချုပ် မန်းဂျော်နီနှင့် စိုက်ပျိုးရေး မွေးမြုရေး သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး ဦးဘဟိန်းတို့ကို ရာထူးမှ နှုတ်ထွက်ခွင့်ပြု

တိုင်းဧရာ ဝန်ကြီးချုပ် မန်းဂျော်နီနှင့် စိုက်ပျိုးရေး မွေးမြုရေး သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး ဦးဘဟိန်းတို့ကို ရာထူးမှ နှုတ်ထွက်ခွင့်ပြု

 

မျိုးမင်းထွန်း (မြစ်မခ)

ပုသိမ်၊ ဇန်နဝါရီ ၁၀ ရက်။

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် မန်းဂျော်နီနှင့် စိုက်ပျိုးရေး မွေးမြုရေး သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး ဦးဘဟိန်းတို့ကို ရာထူးမှ နှုတ်ထွက်ခွင့်ပြုလိုက်ကြောင်း နိုင်ငံတော် သမ္မတရုံးမှ ဇန်နဝါရီ ၉ ရက် ရက်စွဲဖြင့် ထုတ်ပြန်ကြေငြာချက်အရ သိရှိရသည်။

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် မန်းဂျော်နီကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတရုံး အမိန့် အမှတ်၊ ၁/၂၀၁၈ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၂၆၄၊ ပုဒ်မခွဲ (က) နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ ဥပဒေ ပုဒ်မ ၅၂၊ ပုဒ်မခွဲ (က) တို့ပါ ပြဋ္ဌာန်းချက်များအရ ယင်း၏ သဘောဆန္ဒအလျောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်ရာထူးမှ နုတ်ထွက်ခွင့်ပြုလိုက်ခြင်း ဖြစ်သည်။

ဧရာဝတီတိုင်းဒေသကြီး စိုက်ပျိုးရေး မွေးမြူရေး သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး ဦးဘဟိန်းကို ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတရုံးအမိန့်အမှတ်၊ ၂/၂၀၁၈ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၆၄၊ ပုဒ်မခွဲ (က) နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ ဥပဒေ ပုဒ်မ ၅၂၊ ပုဒ်မခွဲ (ခ)တို့ပါ ပြဋ္ဌာန်းချက်များအရ ယင်း၏ သဘော ဆန္ဒအလျောက် တိုင်းဒေသကြီး ဝန်ကြီး နုတ်ထွက်ခွင့်ပြုလိုက်ခြင်း ဖြစ်သည်။

“ရာထူးက နှုတ်ထွက်မယ်ဆိုတာ အမှန်ပါပဲ။ ကျန်းမာရေးက သိပ်မကောင်းတော့ဘူး။ ရုပ်ခံ ဓာတ်ခံတွေလည်း ကျလာတော့ တာဝန်တွေ မကျေပွန်မှာစိုးတယ်။ ဒါ့ကြောင့် ရာထူးက နှုတ်ထွက်စာ တင်တာပါ။”ဟု ဧရာဝတီတိုင်းဒေသကြီး စိုက်ပျိုးရေး မွေးမြူရေး သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး ဦးဘဟိန်းက ပြောသည်။

စိုက်ပျိုးရေးပညာရှင် ဦးဘဟိန်းသည် စိုက်ပျိုးရေးနည်းပညာဆိုင်ရာစာပေများ ရေးသားနေသူဖြစ်ပြီး ဝန်ကြီးချုပ် မန်းဂျော်နီဦးဆောင်သည့် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့တွင် ၂၀၁၆ ခုနှစ် ဧပြီ ၁ ရက်မှစတင်၍ တာဝန် ပေးအပ်ခြင်းခံခဲ့ရပြီး ယခုရာထူးမှ နှုတ်ထွက်စာတင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“ဝန်ကြီးချုပ်ကို ဘာ့ကြောင့်ရာထူးက နှုတ်ထွက်ခွင့်ပြုတာလည်း ဆိုတာတော့ ကျွန်တော်တို့လည်း ဂဃနဏ မသိရသေးဘူး။ ကျန်းမာရေးကြောင့်လား ဒါမှမဟုတ် ပါတီတွင်းကိစ္စဆိုရင်တော့ ကျွန်တော်တို့က ပြင်ပကနေ တာဝန်ထမ်းဆောင်နေတဲ့ ဝန်ကြီးတွေဆိုတော့ ပြောလို့မကောင်းဘူး။”ဟု ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ လျှပ်စစ် စက်မှုလက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီး ဦးဝင်းဌေးက ပြောသည်။

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်မန်းဂျော်နီသည် NLD ပါတီ၏ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် တစ်ဦး ဖြစ်ပြီး ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင် မြောင်းမြမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ကိုယ်စားလှယ် ဦးဖြိုးကိုကိုတင့်ဆန်းကို အနိုင်ရရှိ ရွေးချယ် တင်မြောက်ခံခဲ့ရပြီး ၂၀၁၅ ရွေးကောက်ပွဲတွင်လည်း ကျုံပျော်မဲဆန္ဒနယ်မှ ယခင် ဧရာဝတီတိုင်း ဒေသကြီး လွှတ်တော်ဥက္ကဌဟောင်း ဦးတင်စိုးကို အနိုင်ရကာ ဝန်ကြီးချုပ်အဖြစ် တာဝန်ပေးအပ်ခြင်းခံခဲ့ရသူဖြစ်သည်။

Check Also

ပြည်မြို့နယ်တွင် ယခုဘဏ္ဍာနှစ်အတွင်း ယခင်နှစ်ထက် အခွန်ငွေ ကျပ်သန်း(၂၅၀)ကျော် ပိုမိုကောက်ခံရရှိ

  သီဟလွင် (မြစ်မခ) ပြည်၊ မတ် ၂၃ ရက်။ ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ပြည်မြို့နယ်တွင် ယခု ဘဏ္ဍာနှစ်အတွင်း အခွန်ကောက်ခံရရှိမှုမှာ ယခင်နှစ်ထက် ကျပ်သန်း(၂၅၀)ကျော် …