Sunday , May 28 2017
Home / ငြိမ်းချမ်းရေး / ပြည်တွင်းငြိမ်းချမ်းရေးနှင့် ပြည်တွင်းစစ်ရပ်စဲရေး မကွေးဆေးတက္ကသိုလ်နှင့် နည်းပညာတက္ကသိုလ်မှ ကျောင်းသား(၅၀)ဦးခန့် ဆန္ဒထုတ်ဖော်

ပြည်တွင်းငြိမ်းချမ်းရေးနှင့် ပြည်တွင်းစစ်ရပ်စဲရေး မကွေးဆေးတက္ကသိုလ်နှင့် နည်းပညာတက္ကသိုလ်မှ ကျောင်းသား(၅၀)ဦးခန့် ဆန္ဒထုတ်ဖော်

မျိုးမင်းစိုး(မြစ်မခ)

 

ပြည်တွင်း ငြိမ်းချမ်းရေးနှင့် ပြည်တွင်းစစ်ရပ်စဲရေး ခေါင်းစဉ်များဖြင့် မကွေးဆေးတက္ကသိုလ်နှင့် နည်းပညာ တက္ကသိုလ်ကျောင်းသားသမဂ္ဂအဖွဲ့ဝင် ကျောင်းသား (၅၀)ဦးခန့် မတ်လ (၁၁) ရက်တွင် လမ်းလျှောက်ဆန္ဒထုတ်ဖော်မှု ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ဆန္ဒဖော်ထုတ်ခြင်းကို မကွေးမြို့အေးစေတီကန်ဘောင်မှ ပြည်တော်သာတစ်လျှောက်မှ အေးစေတီ ကန်ဘောင်သို့ ပြန်ရောက်သည်အထိ လှည့်လည်လမ်းလျှောက် ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်သည်။

“ပညာရေးအသုံးစရိတ်တွေ မြှင့်တင်ဖို့ဆိုရင် ကျွန်တော်တို့နိုင်ငံမှာ အသုံးစရိတ်အများဆုံးဖြစ်နေတဲ့ စစ်အသုံး စရိတ်ကို လျော့ချဖို့ လိုပါတယ်။ ကျွန်တော်တို့ စစ်အသုံးစရိတ်ဘာကြောင့်များနေရသလဲ။ ပြည်တွင်းစစ်ရှိလို့ပါ။ ပြည်တွင်းစစ်ရပ်စဲဖို့ တိုင်းရင်းသား ညီအကိုအားလုံးပူးပေါင်းဆောင်ရွက်မှ ပြည်တွင်းစစ်ကရပ်စဲမှာ ဖြစ်ပါတယ်။”ဟု ဆန္ဒပြကျောင်းသားအဖွဲ့တွင်ပါဝင်သည့် မကွေးနည်းပညာတက္ကသိုလ်ကျောင်းသားသမဂ္ဂဥက္ကဌ ကိုချစ်ဝင်းမောင်က ပြောသည်။

အဆိုပါ ဆန္ဒထုတ်ဖော်ပွဲတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ချက်ချင်းပြင်ဆင်ပေးရန်၊ ပညာရေး၊ ကျန်းမာရေးဖွံ့ဖြိုးရန်၊  ပြည်တွင်းစစ်ချက်ချင်းရပ် စသည့်ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ ဆန္ဒထုတ်ဖော်ကြသည်။

“ကျွန်တော်တို့တိုင်းပြည်မှာ တခြားနိုင်ငံတကာနဲ့ မတူတာက နိုင်ငံတကာမှာ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ လုပ်ရင် လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ အစိုးရနဲ့ညှိနှိုင်းရင် အဆင်ပြေပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ အဲ့ဒီလိုမပြေပါဘူး။ ကျွန်တော်တို့နိုင်ငံမှာ ငြိမ်းချမ်းရေးရဖို့ဆိုရင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ အစိုးရတင် မဟုတ်ဘဲ တပ်မတော်ကိုပါ ညှိနှိုင်းဆောင်ရွက်နေရပါတယ်။ ကျွန်တော်တို့ပညာရေး၊ ကျန်းမာရေး၊ တိုးတက်အောင် ပညာရေးအသုံးစရိတ်တွေ မြှင့်တင်ဖို့လိုပါတယ်။”ဟု ဆန္ဒပြကျောင်းသားများက ကြွေး ကြော်ကြသည်။

ယင်းဆန္ဒပြပွဲအတွက် ခွင့်ပြုချက်တင်ထားပြီး ဆန္ဒပြပွဲတွင် မကွေးနည်းပညာ တက္ကသိုလ်ကျောင်းသား(၂၅)ဦး ခန့်နှင့် နည်းပညာတက္ကသိုလ်ကျောင်းသားသမဂ္ဂအဖွဲ့ဝင်များနှင့် ရွှေဝါရောင်သံဃာတော်နှစ်ပါးတို့ ပါဝင်ခဲ့ပြီး နိုင်ငံရေးအကျဉ်းသားဟောင်း ကိုအောင်ကျော်ကျော်က ဝန်းရံသူအဖြစ် ပါဝင်ခဲ့ကြောင်း သိရသည်။

 

Check Also

ငြိမ်းချမ်းရေးနှင့် အပစ်ခတ်ရပ်စဲခြင်း မတူညီဟု ပြည်သူ့လွှတ်တော် ဥပဒေ ကြမ်းကော်မတီဥက္ကဌဦးထွန်းထွန်းဟိန်က ပြောဆို

ဝဏ္ဏထွန်း(မြစ်မခ) ငြိမ်းချမ်းရေးနှင့် အပစ်ခတ်ရပ်စဲခြင်းမတူညီကြောင်းနှင့်အပစ်ခတ်ရပ်စဲရုံဖြင့် ငြိမ်းချမ်းရေးမရနိုင်ကြောင်းနှင့်  တစ်နိုင်ငံလုံးငြိမ်းချမ်းရေးရချင်လျှင် တစ်နိုင်ငံလုံးမှ ပြည်သူများ ပါဝင်ရန်လိုအပ်ကြောင်း ပြည်သူ့လွှတ်တော်၊ ဥပဒေ ကြမ်းကော်မတီဥက္ကဌ၊ နောင်ချိုမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဟိန်က ပြောဆိုလိုက်သည်။