Saturday , May 27 2017
Home / ငြိမ်းချမ်းရေး / ဖက်ဒရယ်စနစ်မဖော်ဆောင်ရသေးသည့်ကာလတွင် တိုင်းရင်းသားဒေသများ၌ ရေကာတာကြီးများဆောက်လုပ်မှုခေတ္တရပ်ဆိုင်းထားရန် တောင်းဆို

ဖက်ဒရယ်စနစ်မဖော်ဆောင်ရသေးသည့်ကာလတွင် တိုင်းရင်းသားဒေသများ၌ ရေကာတာကြီးများဆောက်လုပ်မှုခေတ္တရပ်ဆိုင်းထားရန် တောင်းဆို

မောင်မောင်ငြိမ်း(မြစ်မခ)

မြန်မာနိုင်ငံ၏ ပဋိပက္ခဖြေရှင်းနိုင်သည့် ဖက်ဒရယ်စနစ်မဖော်ဆောင်ရသေးသည့်ကာလတွင် တိုင်းရင်းသား ဒေသများ၌ ရေကာတာကြီးများဆောက်လုပ်မှုအစီအစဉ်မှန်သမျှ ခေတ္တရပ်ဆိုင်းထားရန် မြန်မာနိုင်ငံမြစ် ချောင်းများဆိုင်ရာ ကွန်ယက်၊ သံလွင်မြစ်ထိန်းသိမ်းကာကွယ်ရေးကွန်ယက်နှင့် မြန်မာနိုင်ငံပတ်ဝန်းကျင် ဆိုင်ရာအဖွဲ့တို့မှ ကြေငြာချက်ထုတ်ပြန်တောင်းဆိုလိုက်ကြောင်း သိရှိရသည်။

မတ်လ (၁၄)ရက်တွင် ကျရောက်သည့် မြစ်ချောင်းများအတွက် နိုင်ငံတကာလှုပ်ရှားမှုနေ့တွင် အဆိုပါ အဖွဲ့များမှ ယင်းကဲ့သို့တောင်းဆိုလိုက်ခြင်းဖြစ်သည်။

“မဖြစ်မနေ လျှပ်စစ်ဓာတ်အားထုတ်မယ်ဆိုရင်တောင် ရေအားလျှပ်စစ်ကြီးတွေ၊ ကျောက်မီးသွေးလျှပ်စစ်တွေ ကို ကန့်ကွက်တယ်၊ လျှပ်စစ်ဓာတ်အားလိုအပ်တယ်ဆိုရင် လိုအပ်တဲ့ပမာဏကိုတွက်ချက်လို့ရတယ်ဗျ၊  ဥပမာ ပြန်လည်ဖြည့်စွမ်းမြဲစွမ်းအင်လိုသုံးမလား၊ မြစ်လက်တက်တွေမှာ အသေးစားရေအားလျှပ်စစ်ထုတ်မလားပေါ့၊ လိုအပ်ချက်အရလိုအပ်သလောက် အသေးစားမဂ္ဂါဝပ်လောက်ပဲ ပြည်နယ်အတွက်အဆင်ပြေမယ် ကျွန်တော် တို့ ဒီနေ့မြစ်ချောင်းထိန်းသိမ်းရေးဆိုင်ရာ ကမ်ပိန်းမှာ ကချင်၊ ရှမ်း၊ ကယား၊  မွန်နဲ့ ကရင်အားလုံးပါတယ် အား လုံးရင်ဖွင့်ဆွေးနွေးတဲ့သဘောထားတွေ ရရှိပါတယ်။”ဟု ဘားအံအခြေစိုက် သံလွင်မြစ်ထိန်းသိမ်းကာကွယ် ရေးကွန်ယက်ဦးဆောင်သူ စောသာဖိုးက ပြောသည်။

မြန်မာနိုင်ငံ၏ အဓိကမြစ်ချောင်းများသည် သန်းပေါင်းများစွာပြည်သူတို့၏ မှီခိုအသက်မွေးဝမ်းကြောင်းပြုရာ ဖြစ်ပြီး လူသားအပါအဝင် သက်ရှိဇီဝကွဲပြားမှု အမျိုးမျိုးနှင့် သဘာဝပတ်ဝန်းကျင်အတွက် အလွန်အရေးကြီး သည့် ဂေဟစနစ်အားထိန်းသိမ်းပေသည့်မြစ်ချောင်းများဖြစ်သည့်အတွက် ထိခိုက်ပျက်စီးမှု မရှိစေရန်ရေကာတာစီမံကိန်းကြီးများအား ကန့်ကွက်ရခြင်းဖြစ်ကြောင်း ကန့်ကွက်သည့် အဖွဲ့အစည်းများထံမှ သိရသည်။

မြန်မာ့စွမ်းအင်မာစတာအစီအစဉ်တွင် ရေကာတာပေါင်း(၅၀) တည်ဆောက်ရန် ချမှတ်ထားပြီး အဓိကအားဖြင့် သံလွင်မြစ်၊ ဧရာဝတီမြစ်နှင့် ၎င်းတို့၏မြစ်လက်တက်များပေါ်တွင် လျှပ်စစ်ဓာတ်အား (၃၀၀၀)မဂ္ဂါဝပ်မှ (၄၆၀၀၀)မဂ္ဂါဝပ်ထိ ထုတ်လုပ်မည့် ရေကာတာများကို ၂၀၃၀ ခုနှစ်ထိ တည်ဆောက်သွားမည်ဖြစ်ပြီး ထွက်ရှိမည့် လျှပ်စစ်ဓါတ်အား လေးပုံတစ်ပုံတွင် သုံးပုံကို အိမ်နီးချင်းနိုင်ငံများသို့ တင်ပို့မည်ဖြစ်ကြောင်း ရေကာတာဆောက်လုပ်ခြင်းကိုကန့်ကွက်နေသည့် အဖွဲ့အစည်းတို့က ဆိုသည်။

 

Check Also

ငြိမ်းချမ်းရေးနှင့် အပစ်ခတ်ရပ်စဲခြင်း မတူညီဟု ပြည်သူ့လွှတ်တော် ဥပဒေ ကြမ်းကော်မတီဥက္ကဌဦးထွန်းထွန်းဟိန်က ပြောဆို

ဝဏ္ဏထွန်း(မြစ်မခ) ငြိမ်းချမ်းရေးနှင့် အပစ်ခတ်ရပ်စဲခြင်းမတူညီကြောင်းနှင့်အပစ်ခတ်ရပ်စဲရုံဖြင့် ငြိမ်းချမ်းရေးမရနိုင်ကြောင်းနှင့်  တစ်နိုင်ငံလုံးငြိမ်းချမ်းရေးရချင်လျှင် တစ်နိုင်ငံလုံးမှ ပြည်သူများ ပါဝင်ရန်လိုအပ်ကြောင်း ပြည်သူ့လွှတ်တော်၊ ဥပဒေ ကြမ်းကော်မတီဥက္ကဌ၊ နောင်ချိုမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဟိန်က ပြောဆိုလိုက်သည်။