Sunday , May 28 2017
Home / ငြိမ်းချမ်းရေး / ငြိမ်းချမ်းရေးနှင့် အပစ်ခတ်ရပ်စဲခြင်း မတူညီဟု ပြည်သူ့လွှတ်တော် ဥပဒေ ကြမ်းကော်မတီဥက္ကဌဦးထွန်းထွန်းဟိန်က ပြောဆို

ငြိမ်းချမ်းရေးနှင့် အပစ်ခတ်ရပ်စဲခြင်း မတူညီဟု ပြည်သူ့လွှတ်တော် ဥပဒေ ကြမ်းကော်မတီဥက္ကဌဦးထွန်းထွန်းဟိန်က ပြောဆို

ဝဏ္ဏထွန်း(မြစ်မခ)

ငြိမ်းချမ်းရေးနှင့် အပစ်ခတ်ရပ်စဲခြင်းမတူညီကြောင်းနှင့်အပစ်ခတ်ရပ်စဲရုံဖြင့် ငြိမ်းချမ်းရေးမရနိုင်ကြောင်းနှင့်  တစ်နိုင်ငံလုံးငြိမ်းချမ်းရေးရချင်လျှင် တစ်နိုင်ငံလုံးမှ ပြည်သူများ ပါဝင်ရန်လိုအပ်ကြောင်း ပြည်သူ့လွှတ်တော်၊ ဥပဒေ ကြမ်းကော်မတီဥက္ကဌ၊ နောင်ချိုမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဟိန်က ပြောဆိုလိုက်သည်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့ရှိ မြနန်းတော်ဝင်ခန်းမ၌ မတ် ၂၁ ရက် နံနက်ပိုင်းက ပြုလုပ်ခဲ့သည့် နိုင်ငံတော်အစိုးရမှပြုလုပ်နေသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းဆွေနွေးခြင်း အခမ်းအနားတွင် ပြောဆိုလိုက်ခြင်းဖြစ်သည်။

“ငြိမ်းချမ်းရေးရချင်ရင် မိမိကစငြိမ်းချမ်းရေးရအောင်လုပ်ယူရမယ်။ တစ်ဦးတစ်ယောက်ချင်းစီကစပြီး ငြိမ်းချမ်း ရေးရရင် တစ်နိုင်ငံလုံးရမယ်၊ ဒါမှအောင်မြင်မယ်။ ငြိမ်းချမ်းရေးနဲ့အပစ်ရပ်စဲတာ မတူပါဘူး၊ အပစ်ခတ်ရပ်စဲရုံနဲ့ ငြိမ်းချမ်းရေးမရနိုင်ပါဘူး။ ခဏပါပဲ။ တစ်နိုင်ငံလုံးငြိမ်းချမ်းရေးရချင်ရင် တစ်နိုင်ငံ လုံးကပြည်သူတွေပါဝင်လာမှ တစ်နိုင်ငံလုံးငြိမ်းချမ်းရေးရပါမယ်။ လူတိုင်းလုပ်နိုင်တဲ့အလုပ်ပါ။ ငြိမ်းချမ်းရေးလက်မှတ်ထိုးပွဲကြီးမှာပါမှ မဟုတ် ပါဘူး။ မိမိကစလို့ တစ်အိမ်လုံး၊ တစ်မြို့လုံး၊ တစ်နယ်လုံး၊ တစ်နိုင်ငံလုံး ငြိမ်းချမ်းရေးမှာပါဝင်လာဖို့ မိမိကစ ငြိမ်း ချမ်းဖို့လိုတယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုတာဒါပါပဲ။”ဟု  ဦးထွန်းထွန်းဟိန်ကပြောသည်။

လောက်ကိုင်ဒေသနှင့် ရှမ်းပြည်နယ်အချို့နေရာများ၌ဖြစ်ပွားနေသော လက်နက်ကိုင်စစ်ပွဲများကြောင့် ပြည်သူ များ အတိဒုက္ခရောက်နေကြရသဖြင့် စိတ်မကောင်းမိကြောင်း နောင်ချိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက အဖွင့်အမှားစကားတွင် ထည့်သွင်းပြောဆိုခဲ့သည်။

“မိမိတို့နောင်ချိုမြို့နယ်ဟာ ရှမ်းပြည်နယ်ဆိုသော်လည်း တိုက်ပွဲဖြစ်ပွားနေတဲ့ မြို့နယ်များကဲ့သို့ စစ်ဘေးဒုက္ခမရှိသော်လည်း မိမိတို့အနေဖြင့် စစ်ဘေး ဒုက္ခခံစားနေရသောပြည်သူများနဲ့ ထပ်တူစိတ်မကောင်းဖြစ်မိပါတယ်။ မိမိတို့အနေနဲ့ပြည်သူများနဲ့ အတူတကွ ငြိမ်းချမ်းရေးရရှိလာစေရန် ပူးပေါင်းပါဝင်ရန်လိုအပ်ပါတယ်။”ဟု ဦးချမ်းမြေ့စောက ပြောသည်။

နောင်ချိုမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှုမရှိသော်လည်း စစ်ဘေးရှောင်ပြည်သူများမှာ နောင်ချိုမြို့နယ်သို့ လာ ရောက်တိမ်းရှောင်မှုများရှိနေပြီး မြို့ခံလူထုမှ စားဝတ်နေရေးအတွက် ထောက်ပံ့ကူညီပေးခဲ့ကြသည်။

Check Also

ဖက်ဒရယ်စနစ်မဖော်ဆောင်ရသေးသည့်ကာလတွင် တိုင်းရင်းသားဒေသများ၌ ရေကာတာကြီးများဆောက်လုပ်မှုခေတ္တရပ်ဆိုင်းထားရန် တောင်းဆို

မောင်မောင်ငြိမ်း(မြစ်မခ) မြန်မာနိုင်ငံ၏ ပဋိပက္ခဖြေရှင်းနိုင်သည့် ဖက်ဒရယ်စနစ်မဖော်ဆောင်ရသေးသည့်ကာလတွင် တိုင်းရင်းသား ဒေသများ၌ ရေကာတာကြီးများဆောက်လုပ်မှုအစီအစဉ်မှန်သမျှ ခေတ္တရပ်ဆိုင်းထားရန် မြန်မာနိုင်ငံမြစ် ချောင်းများဆိုင်ရာ ကွန်ယက်၊ သံလွင်မြစ်ထိန်းသိမ်းကာကွယ်ရေးကွန်ယက်နှင့် မြန်မာနိုင်ငံပတ်ဝန်းကျင် ဆိုင်ရာအဖွဲ့တို့မှ ကြေငြာချက်ထုတ်ပြန်တောင်းဆိုလိုက်ကြောင်း …