Wednesday , May 31 2017
Home / သတင်း / အမျိုးသမီးများဆိုင်ရာ / ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် အမျိုးသမီးကိုယ်စားလှယ်အချိုးမှာ ၂၀၁၅ ရွေးကောက်ပွဲထက် များလာ

၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် အမျိုးသမီးကိုယ်စားလှယ်အချိုးမှာ ၂၀၁၅ ရွေးကောက်ပွဲထက် များလာ

ကျော်ကျော် (မြစ်မခ)

ရန်ကုန်၊ ဧပြီ (၅) ရက်။

၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် အမျိုးသမီးကိုယ်စားလှယ်အချိုးမှာ ၂၀၁၅ ခုနှစ် နှင့် နှိုင်းယှဉ်ပါက တိုးတက်မှုရှိလာကြောင်း  ရွေးကောက်ပွဲပညာပေးနှင့် စောင့်ကြည့်လေ့လာရေးမိတ်ဖက်များ အဖွဲ့(EEOP)ထံမှ သိရှိရသည်။

၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် အမျိုးသမီးကိုယ်စားလှယ်အချိုးမှာ (၁၆)ဦးရှိခဲ့ ပြီး ကိုယ်စားလှယ်စုစုပေါင်း၏ (၁၇)ရာခိုင်နှုန်းရှိခဲ့ကာ ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် (၁၃)ရာခိုင်နှုန်းသာ ရှိခဲ့ကြောင်း သိရသည်။

“အမျိုးသမီးတွေ လွတ်တော်ထဲမှာများများပါဝင်လာရင် အမျိုးသမီးအထောက်အကူပြုဥပဒေတွေ၊ အထောက်အ ကူပြုလုပ်ငန်းတွေ၊ နောက်ပြီးတော့ တိုင်းရင်းသားဒေသက အမျိုးသမီးတွေရဲ့အသံကို ပိုမိုထည့်သွင်းလာနိုင်မှာ ပါ။”ဟု ရွေးကောက်ပွဲပညာပေးနှင့် စောင့်ကြည့်လေ့လာရေးမိတ်ဖက်များအဖွဲ့မှ ရွေးကောက်ပွဲလေ့လာစောင့် ကြည့်သူ ဒေါ်မြနန္ဒာတင်က ပြောသည်။

ကြားဖြတ်ရွေးကောက်ပွဲကို မြို့နယ်ပေါင်း(၂၂)မြို့တွင်ကျင်းပခဲ့ပြီး လွှတ်တော်အားလုံးတွင် အမျိုးသားဒီမိုကရေ စီဖွဲ့အချုပ်မှ(၉)ဦး၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ(၁)ဦး၊ ရခိုင်အမျိုးသားပါတီမှ(၂)ဦး၊ ရှမ်းတိုင်းရင်း သားဒီမိုကရေစီအဖွဲ့ချုပ်မှ(၆)ဦး၊ လူမျိုးပေါင်းစုံဒီမိုကရေစီပါတီမှ(၁)ဦး အနိုင်ရရှိခဲ့သည်။

အနိုင်ရရှိခဲ့သည့် ကိုယ်စားလှယ်များအနက် အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်အဖြစ် ရှမ်းပြည်နယ်၊ မိုင်းရှုးမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တစ်ဦးနှင့် ပဲခူးတိုင်းဒေသကြီး အမျိုးသားလွှတ်တော်မဲဆန္ဒနယ်(၄)မှကိုယ်စားလှယ်တစ်ဦး စုစုပေါင်း(၂)ဦး အနိုင်ရရှိခဲ့သည်။

“အမျိုးသမီးတွေ ဘယ်လောက်ရာခိုင်နှုန်းပါဝင်သင့်တယ်ဆိုတာထက် ဥပမာ- အမျိးသမီး(၅၀)ရာခိုင်နှုန်းပါဝင် ပေမယ့် အမျိုးသမီးအရေးကို မလုပ်ဆောင်ရင် အလကားပါပဲ။ အမျိုးသမီးအရေးကိုခံစားပြီး ထဲထဲဝင်ပါဝင်တဲ့ အမျိုးသမီးပဲဖြစ်ဖြစ်၊ အမျိုးသားပဲဖြစ်ဖြစ် ကိုယ်စားလှယ်တွေများများပဲ ပါဝင်လာဖို့လိုအပ်ပါတယ်။”ဟု United Women Organization (မန္တလေး)မှ Program Coordinator ဒေါ်သဇင်အေးက ပြောသည်။

EEOP အဖွဲ့သည် ပြည်တွင်း(NGO)အဖွဲ့အစည်းတစ်ခုဖြစ်ကာ ၂၀၁၀ ခုနှစ်က စတင်တည်ထောင်ခဲ့ပြီး ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ ကာလအတွင်း မဲဆန္ဒရှင်ပညာပေးသင်တန်းများ၊ မဲဆန္ဒရှင်စာရင်းသွင်းခြင်းနှင့် မဲဆွယ်စည်းရုံးခြင်း ကာလများကို စောင့်ကြည့်လေ့လာခဲ့ကြောင်း သိရသည်။

Check Also

အမျိုးသမီးများ ဘတ်စ်ကားလိုင်းများတွင် ယာဉ်မောင်းတာဝန်ထမ်းဆောင်လိုပါက Power Eleven အများပိုင် ဘတ်စ်ကားကုမ္ပဏီမှ သင်ကြားပေးမည်

မြင့်ဟိန်း(မြစ်မခ) ရန်ကုန်မြို့တွင်းပြေးဆွဲနေသည့် အများပိုင် ဘတ်စ်ကားလိုင်းများတွင် အမျိုးသမီးများ ယာဉ်မောင်း တာဝန် ထမ်းဆောာင် လိုပါက သင်ကြားပေးသွားမည်ဖြစ်ကြောင်း Power Eleven အများပိုင်ဘတ်စ်ကားကုမ္ပဏီမှ သိရှိရသည်။ ယာဉ်မောင်းအဖြစ်လုပ်ကိုင်ရန် …