Wednesday , May 31 2017
Home / သတင်း / အမျိုးသမီးများဆိုင်ရာ / အမျိုးသမီးအကြမ်းဖက်ခံရမှုများ ကူညီဆောင်ရွက်ပေးရာ၌ ငွေကြေးအခက်အခဲများကြောင့် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ခြင်း မရှိသေး

အမျိုးသမီးအကြမ်းဖက်ခံရမှုများ ကူညီဆောင်ရွက်ပေးရာ၌ ငွေကြေးအခက်အခဲများကြောင့် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ခြင်း မရှိသေး

ယမုံ (မြစ်မခ)

ရန်ကုန်၊ ဧပြီ(၅)ရက်။

မြန်မာနိုင်ငံရှိ အမျိုးသမီးအဖွဲ့အစည်းများအနေဖြင့် အမျိုးသမီးအကြမ်းဖက်ခံရမှုများ ကူညီဆောင်ရွက်ပေးရာ၌ ငွေကြေးအခက်အခဲများကြောင့် ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်နိုင်ခြင်း မရှိသေးကြောင်း မန္တလေးတိုင်း ဒေသကြီး အမျိုးသမီးအခွင့်အရေးလှုပ်ရှားဆောင်ရွက်သူများထံမှ သိရှိရသည်။

အဆိုပါ အမျိုးသမီးအဖွဲ့အစည်းများအနေဖြင့် အမျိုးသမီးများ အကြမ်းဖက်ခံရမှုနှင့် ပတ်သက်၍ အသိပညာပေး လုပ်ငန်းများကို မန္တလေးတိုင်းဒေသကြီးအတွင်း၌ အဓိကထားဆောင်ရွက်သွားမည်ဖြစ်ပြီး အခြားတိုင်း
ဒေသကြီးနှင့် ပြည်နယ်မှလည်း အသိပညာပေးလုပ်ငန်းများနှင့် အခြားအကူအညီများ တောင်းခံလာပါက ကူညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ 

“ငွေကြေးမရှိတာတော့ လုပ်ချင်သလောက် လုပ်လို့မရဘူး။ ကျွန်မမှာ လုပ်ချင်တာတွေ ရှိတယ်။ ငွေကြေးရှိသ လောက်နဲ့ လုပ်နေရတော့ အားမရဘူး။ အများကြီးတော့ ကိုယ်သွားချင်သလောက် လုပ်ချင်သလောက်လုပ်လို့ မရတဲ့အတွက် အခက်အခဲတော့ ရှိပါတယ်။ ငွေကြေးလုံလုံလောက်လောက်နဲ့ဆိုရင်တော့ ကိုယ်လုပ်ချင်တာ တွေ ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်နိုင်မယ်။”ဟု United Women Organization (မန္တလေး)၏ Program Coordinator ဒေါ်သဇင်အေးက ပြောသည်။

အမျိုးသမီးများ အကြမ်းဖက်ခံရမှုနှင့် ပတ်သက်၍ ပြည်သူလူထုများကို အသိပညာပေးလုပ်ငန်းများ ဆောင်ရွက် ရာတွင် ၎င်းတို့အသင်းဖွဲ့များအနေဖြင့် အသင်းရန်ပုံငွေအခက်အခဲများကြောင့် ပြည်တွင်း အရပ်ဖက် အဖွဲ့အစည်းများမှ စေတနာဝန်ထမ်းအား ဖိတ်ခေါ်ဆောင်ရွက်နေရခြင်းဖြစ်ကြောင်း သိရသည်။

အမျိုးသမီးများအနေဖြင့် စိတ်ပိုင်းဆိုင်ရာ၊ လိင်ပိုင်းဆိုင်ရာ၊ ယဉ်ကျေးမှုဓလေ့ထုံးလမ်းစဉ်လာများနှင့် အိမ်တွင်း
အကြမ်းဖက်ခံရမှုများကြောင့် စီးပွားရေးလုပ်ငန်းများ ဝင်ရောက်လုပ်ကိုင်နိုင်ရန် အခက်အခဲများရှိနေကြောင်း အမျိုးသမီးအခွင့်အရေး လှုပ်ရှားနေသူများထံမှ သိရသည်။

“အမှုတစ်ခုဖြစ်နေတယ်ဆိုရင် ကျွန်မတို့ ဖြေရှင်းပေးရတဲ့ အိမ်တွင်းအကြမ်းဖက်မှုနဲ့ ပတ်သက်ပြီးတော့ လင်မ ယားချင်းရန်ဖြစ်တယ်ဆိုရင် သူမှာ သက်သေခိုင်လုံပေမယ့်လည်း အမှုမပြီးမြောက်လိုက်ဘူး။ ကောင်မလေးမှာ
ငွေရေးကြေးရေးမတက်နိုင်တဲ့အတွက် စိတ်ထဲမှာတော့ နည်းနည်းလေးမကောင်းဘူး။ တကယ်လို့ ကျွန်မတို့ အဖွဲ့မှာသာ ငွေကြေးပြည့်ပြည့်စုံစုံရှိမယ်ဆိုရင် ဒီအမှုပြီးမြောက်သွားမယ်လို့ ထင်တယ်။”ဟု အမရအောင် အမျိုး သမီးအဖွဲ့ အတွင်းရေးမှူး မခင်အေးမျိုးက ပြောသည်။

ထို့ပြင် အမျိုးသမီးများ အကြမ်းဖက်ခံရခြင်းကြောင့် ၎င်းအဖွဲ့အစည်းများသို့ အကူအညီများ လာရောက်တောင်း ခံသည့်အချိန်တွင် ပညာရှင်များနှင့် ချိတ်ဆက်ပေးခြင်း၊ အကြံဥာဏ်ပေးခြင်းတို့ကို လုပ်ဆောင်ပေးလျက်ရှိပြီး အကြမ်းဖက်မှုများအား ကူညီဖြေရှင်းဆောင်ရွက်ပေးရာတွင် အောင်မြင်သည့်အမှုများရှိသလို ငွေကြေးအခက်
အခဲများကြောင့် အမှုရင်ဆိုင်နိုင်ခြင်းမရှိဘဲ ရပ်နားထားရသည့် ကိစ္စရပ်များလည်းရှိနေကြောင်း သိရသည်။

လက်ရှိလူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့်လည်း အမျိုးသမီးများ
အကြမ်းဖက်ခံရမှုနှင့် ပတ်သက်၍ ကူညီဆောင်ရွက်ပေးရန် ပြည်ထောင်စုဘတ်ဂျက်ရန်ပုံငွေ (၀)ရာခိုင်နှုန်းသာ ရှိခြင်းကြောင့် အမျိုးသမီးနှင့် ကလေးသူငယ်အကြမ်းဖက်ခံရမှုကိစ္စရပ်များ ဆောင်ရွက်ရာ၌ အခက်အခဲများရှိနေ ကြောင်း လူမှုဝန်ထမ်းဦးစီးဌာန အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဌာနခွဲ လက်ထောက်ညွှန်ကြားရေးမှူး
ဒေါ်ဖြိုးသုနန္ဒာထံမှ သိရသည်။

ထို့ပြင် အမျိုးသမီးနှင့် ကလေးသူငယ်များအနေဖြင့် လိင်းပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ အိမ်းတွင်းအကြမ်းဖက် ခံရမှုများရှိပါက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန Hotline ၀၆၇- ၄၀၄၂၂၂၊ ၀၆၇ – ၄၀၄၉၉၉ သို့ (၂၄)နာရီတိုက်ရိုက် တိုင်ကြားနိုင်ပြီး မကွေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးတို့မှ အများဆုံးတိုင်ကြားလျက်ရှိကြောင်း သိရသည်။

Check Also

အမျိုးသမီးများ ဘတ်စ်ကားလိုင်းများတွင် ယာဉ်မောင်းတာဝန်ထမ်းဆောင်လိုပါက Power Eleven အများပိုင် ဘတ်စ်ကားကုမ္ပဏီမှ သင်ကြားပေးမည်

မြင့်ဟိန်း(မြစ်မခ) ရန်ကုန်မြို့တွင်းပြေးဆွဲနေသည့် အများပိုင် ဘတ်စ်ကားလိုင်းများတွင် အမျိုးသမီးများ ယာဉ်မောင်း တာဝန် ထမ်းဆောာင် လိုပါက သင်ကြားပေးသွားမည်ဖြစ်ကြောင်း Power Eleven အများပိုင်ဘတ်စ်ကားကုမ္ပဏီမှ သိရှိရသည်။ ယာဉ်မောင်းအဖြစ်လုပ်ကိုင်ရန် …