Wednesday , May 31 2017
Home / သတင်း / အမျိုးသမီးများဆိုင်ရာ / အမျိုးသမီးများ အကြမ်းဖက်ခံရပါက ယာယီတည်းခိုနိုင်မည့် Safe House ကို ၂၀၁၇ ခုနှစ်အတွင်း ပထဆုံး ဖွင့်လှစ်မည်

အမျိုးသမီးများ အကြမ်းဖက်ခံရပါက ယာယီတည်းခိုနိုင်မည့် Safe House ကို ၂၀၁၇ ခုနှစ်အတွင်း ပထဆုံး ဖွင့်လှစ်မည်

ယမုံ (မြစ်မခ)

ရန်ကုန်၊ ဧပြီ(၃)ရက်။

မြန်မာနိုင်ငံရှိ အမျိုးသမီးများ အကြမ်းဖက်ခံရပါက ယာယီတည်းခိုနိုင်မည့် Safe House ကို ရန်ကုန်တိုင်း ဒေသ ကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် ၂၀၁၇ ခုနှစ်အတွင်း ပထဆုံးဖွင့်လှစ်သွားမည်ဖြစ်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာနမှ သိရှိရသည်။

အဆိုပါ House တွင် လာရောက်နားခိုသည့် အမျိုးသမီးများမှ ပြန်လည်ထူထောင်ရေးပိုင်းအခက် အခဲရှိနေသူ များကိုတစ်ဦးလျှင် ကျပ်(၅)သိန်း ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

“အဓိက Safe House ဖွင့်လှစ်ပြီဆိုရင်လာပြီး အကူအညီတောင်းခံမယ့် အမျိုးသမီး၊ ဒီအမျိုးသမီးနဲ့ အတူပါလာ မယ့် ကလေးငယ်တွေ၊ အဲ့ဂေဟာမှာ အမျိုးသမီးနဲ့ ကလေးတွေကို စောင့်ရှောက်ပေးမယ့် အစိုးရဌာနဆိုင်ရာရှိ ဝန်ထမ်းဖြစ်စေ၊ သူတို့ရဲ့လုံခြုံရေးက တကယ်အရေးပါပြီးတော့ ထိရှလွယ်တဲ့ ကဏ္ဍတစ်ရပ်ဖြစ်ပါတယ်။ သူတို့ ရဲ့လုံခြုံရေးအတွက် ဒီမှာလာပြီးတော့ အကူအညီ တောင်းခံတဲ့ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေအတွက် တ ကယ့်ကိုဆီလျှော်တဲ့ ပတ်ဝန်းကျင်အနေအထားတစ်ခု ဖြစ်ဖို့အတွက် စီစဉ်နေတာဆိုတော့လက်ရှိဘယ် အချိန် မှာ တရားဝင်ဖွင့်လှစ်လိုက်ပါပြီလို့ ကြော်ငြာမယ်ဆိုတာမပြောနိုင်ပေမယ့် အမြန်ဆုံးဖွင့်လှစ်သွားဖို့ စီစဉ်နေပါ တယ်။” ဟု လူမှုဝန်ထမ်းဦးစီးဌာန အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဌာနခွဲ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဖြိုးသုနန္ဒာက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် ဖွင့်လှစ်မည့် ဂေဟာနှစ်ခုကို စံပြထား၍ အခြားတိုင်း ဒေသကြီးနှင့် ပြည်နယ်များတွင်လည်း တိုးချဲ့ဖွင့်လှစ်သွားမည်ဖြစ်ပြီး အိမ်တွင်းအကြမ်းခံရမှု၊ လိင်ပိုင်းဆိုင်ရာ အကြမ်းခံရမှု၊ စိတ်ပိုင်းဆိုင်ရာအကြမ်းခံရမှု အပါအဝင် အကြမ်းဖက်ခံရပါက တရားရင်ဆိုင်ရမည့် နေရာနှင့် ၎င်းနေထိုင်ရသည့် နေရာဝေးကွာခြင်း၊ တရားစွဲရန် အကူအညီတောင်းဆိုရာတွင် ရပ်ဝေးဒေသမှဖြစ်ခြင်း၊ အကြောင်းအမျိုးမျိုးကြောင့် မိမိနေရပ်သို့ ပြန်လည်နေထိုင်ရန် အခက်အခဲရှိသည့် အမျိုးသမီးများအနေဖြင့် ယာယီတည်းခိုနေထိုင်နိုင်ပြီး အဆိုပါ Safe House အားနိုင်ငံတကာ အဆင့်တန်းနှင့် အညီဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။

“ကျွန်မတို့ လျာထားတာက ကိုယ့်နေရပ်ကိုယ်ပြန်လို့ ပြန်လည်ထူထောင်နိုင်တဲ့ အမျိုးသမီးတွေကို ထောက်ပံ့ ကြေး ကျွန်မတို့မပေးဘူး။ တကယ်သူကိုမှီခိုထားတဲ့ သက်ကြီးရွယ်အိုဖြစ်စေ၊ ကလေးဖြစ်စေ၊ မိသားစုတွေရှိ
မယ်။ သူ့ဘဝ သူလျောက်ရမယ်ဆိုရင် ကျွန်မတို့က ငါးသိန်းထောက်ပံ့ပေးဖို့ စီစဉ်နေပါတယ်။ တစ်ဦးကို ငါးသိန်း ဆိုတာက အစိုးရဘက်က ရမလား။ ကျွန်မတို့ဌာနဆိုင်ရာ ဘတ်ဂျက်နဲ့ပဲ ရမလား။ အခြားပြင်ပ အဖွဲ့အစည်းတွေ
ကိုပဲ အားကိုးရမလားဆိုတာ လောလောဆယ် ဆွေးနွေးနေတုန်းပါ။ ကျွန်မတို့နဲ့ လာရောက်ပူးပေါင်းတဲ့ အဖွဲ့အ စည်းတွေကိုလည်း ဒါနဲ့ပတ်သက်ပြီးတော့ ကမ်းလှမ်းထားတာရှိပါတယ်။” ဟု ဒေါ်ဖြိုးသုနန္ဒာက ဆက်ပြောသည်။

လက်ရှိတွင် Safe House အားတရားဝင် ဖွင့်လှစ်ခြင်းမရှိသော်လည်း အကြမ်းဖက်ခံရသည့် အမျိုးသမီး(၄)ဦးကို စတင်ယာယီ လက်ခံထားကာ Safe House တွင် လာရောက်နားခိုသည့် အမျိုးသမီးများကို (၃)လသာ လက်ခံ သွားမည်ဖြစ်ပြီး ယင်းအမျိုးသမီးနှင့် အတူပါလာမည့် ကလေးများအတွက် ကလေးပျော်နေရာ ဖွင့်လှစ်နိုင်ရန် စီစဉ်နေလျက်ရှိကာ အမျိုးသမီးများနှင့် ပတ်သက်၍ လိုအပ်သည့်စောင့်ရှာက် မှုများပေးနိုင်ရန် ငွေကြေးအခက် အခဲရှိသဖြင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ဘတ်ဂျက်တိုးမြင့် တောင်းခံသွားမည်ဖြစ်ကြောင်း သိရသည်။

“ဒါကိုလူမှုဝန်ထမ်းက လုပ်မယ်ဆိုတဲ့ လုပ်ငန်းစဉ်ကိုတော့ ကျွန်မအသေးစိတ်မသိဘူး။ ဒါပေမယ့် အရင်က ထက်စာရင် တစ်ယောက်ကနေနှစ်ယောက်၊ နှစ်ယောက်နေ သုံးယောက်ပိုလုပ်လာနိုင်တယ်ဆိုရင် အရမ်း ကောင်းတာပေါ့။ အခုလူမှုဝန်ထမ်းက အဲ့လိုတွေတိုးချဲ့လုပ်မယ်ဆိုတော့ လုပ်ငန်းတွေ ပိုလုပ်လာတဲ့အတွက်
ကျွန်မတို့က အားပေးပါတယ်။ တက်နိုင်သလောက်လည်း ဝိုင်းဝန်းရမှာပေါ့။ အလှူရှင်တွေအနေနဲ့လည်း ငွေ ကြေးထောက်ပံ့တဲ့အခါ လိုအပ်တဲ့နေရာမှာ စနစ်တကျသုံးစွဲစေချင်တယ်။” ဟု United Women Organization ၏ Program Coordinator ဒေါ်သဇင်အေးက ပြောသည်။

အမျိုးသမီးနှင့် ကလေးသူငယ်များအနေဖြင့် လိင်းပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ အိမ်းတွင်းအကြမ်းဖက်ခံမှုများ ရှိပါက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန Hotline ၀၆၇ – ၄၀၄၂၂၂၊ ၀၆၇ – ၄၀၄၉၉၉ သို့ (၂၄)နာရီတိုက်ရိုက် တိုင်ကြားနိုင်ပြီး ယင်းတိုင်ကြားမှုတွင် မကွေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး၊ စစ်ကိုင်း တိုင်း ဒေသကြီးတို့မှ အများဆုံးတိုင်ကြားလျက်ရှိကြောင်း သိရသည်။

Check Also

အမျိုးသမီးများ ဘတ်စ်ကားလိုင်းများတွင် ယာဉ်မောင်းတာဝန်ထမ်းဆောင်လိုပါက Power Eleven အများပိုင် ဘတ်စ်ကားကုမ္ပဏီမှ သင်ကြားပေးမည်

မြင့်ဟိန်း(မြစ်မခ) ရန်ကုန်မြို့တွင်းပြေးဆွဲနေသည့် အများပိုင် ဘတ်စ်ကားလိုင်းများတွင် အမျိုးသမီးများ ယာဉ်မောင်း တာဝန် ထမ်းဆောာင် လိုပါက သင်ကြားပေးသွားမည်ဖြစ်ကြောင်း Power Eleven အများပိုင်ဘတ်စ်ကားကုမ္ပဏီမှ သိရှိရသည်။ ယာဉ်မောင်းအဖြစ်လုပ်ကိုင်ရန် …