Saturday , May 27 2017
Home / FNews / ၂၀၁၇ သင်္ကြန်ကာလမတိုင်ခင် မန္တလေး-မူဆယ်လမ်းပိုင်းယာဉ်လိုင်းများ ယာဉ်စီးခတိုးမြှင့်ကောက်ခံမည် မဟုတ်

၂၀၁၇ သင်္ကြန်ကာလမတိုင်ခင် မန္တလေး-မူဆယ်လမ်းပိုင်းယာဉ်လိုင်းများ ယာဉ်စီးခတိုးမြှင့်ကောက်ခံမည် မဟုတ်

မင်းခန့် (မြစ်မခ)

မန္တလေး၊ မတ် (၂၄) ရက်။

မန္တလေး-မူဆယ် ကားလမ်းပိုင်းတွင် ပြေးဆွဲနေသော အဝေးပြေးယာဉ်လိုင်းများအနေဖြင့် သင်္ကြန်မတိုင်ခင် ကာလအတွင်း ယာဉ်စီးခများတိုးမြှင့်ကောက်ခံမည် မဟုတ်ကြောင်း ပြည်ကြီးမျက်ရှင်ကားဝန်းရှိ ယာဉ်လိုင်းများထံမှ သိရှိရသည်။

“ကျွန်တော်တို့ဂိတ်အနေနဲ့ကတော့ သင်္ကြန်မတိုင်ခင် ဧပြီ ၁၀ ရက်ကစပြီး  မူဆယ်ကို တက်မယ့် ကားတွေ အားလုံးပိတ်သွားမှာပါ။ မူဆယ်ကနေဆင်းလာမယ့်ကားကတော့ ဧပြီ ၁၁ ရက်နေ့နောက်ဆုံးအထိ စောင့်ပေးသွားမှာပါ။ သင်္ကြန်ကာလအတွင်းမှာ နားနေပြီးတော့ သင်္ကြန်နှစ်ဆန်း ၂ ရက်နေ့မှ ပြန်ပြီး ပြေးဆွဲပေးသွားမှာပါ။”ဟု GI Group Express မှဂိတ်မှူး ဦးသီဟကပြောသည်။

ပုံမှန်ယာဉ်စီးခအနေဖြင့် ခရီးသည်တစ်ဦးလျှင် (၁၁၅၀၀)ကျပ်သတ်မှတ်ထားပြီး အထူးကားအနေဖြင့် ခရီးသည် တစ်ဦးလျှင် (၁၅၀၀၀)ကျပ်ရှိကာ ယာဉ်ထွက်ချိန်မှာ မန္တလေး-မူဆယ်ကို ည(၇း၃၀)နာရီ သတ်မှတ်ထားပြီး မူဆယ်-မန္တလေးကို ညနေ(၃:၀၀)နာရီနှင့် (၃:၃၀)နာရီအထိသတ်မှတ်ပေးထားကြောင်း ဦးသီဟကဆက် ပြောသည်။

“ကျွန်မတို့ဂိတ်တွေလည်း နှစ်စဉ်အတိုင်း သင်္ကြန်ကာလအတွင်းကို ပိတ်ထားမှာပါ။ သင်္ကြန်မတိုင်ခင် ရက်ပိုင်း လောက်အထိတော့ ပြေးဆွဲနေဦးမှာပါ။ ဒါပေမဲ့ ရက်အတိအကျတော့ မသိရသေးပါဘူး။ နောက်ပြီး ကျွန်မတို့ ဂိတ်အနေနဲ့လည်း ကားခတွေကို ပြင်ဆင်ပြောင်းလဲပြီးကောက်ဖို့ အစီအစဉ်မရှိပါဘူး။ ပုံမှန်အတိုင်းပါပဲ။”ဟု ရွှေလီရတနာယာဉ်လိုင်းမှ ဂိတ်မှူး ဒေါ်ဝင်းဝင်းက ပြောသည်။

လက်ရှိတွင် ယာဉ်လိုင်းများမှ သင်္ကြန်ကာလအတွင်း ယာဉ်စီးခ(၅၀)ရာခိုင်နှုန်း တိုးမြှင့်ပြေးဆွဲရန် အစိုးရထံသို့ တင်ပြထားမှုများရှိနေသော်လည်း မန္တလေး-မူဆယ်ယာဉ်လိုင်းများအနေဖြင့် ခရီးသွားပြည်သူများ  အဆင်ပြေ စေရန် ယာဉ်စီးခတိုးမြှင့်ကောက်ခံမည် မဟုတ်ကြောင်း သိရသည်။

Check Also

မော်လမြိုင်ကျွန်းမြို့နယ်တွင် ဓနိဈေးများ ထက်ဝက်နီးပါးမြင့်တက်

ကျော်ထက်လင်း (မြစ်မခ) မော်လမြိုင်ကျွန်း၊ မေ ၂၅ ရက်။ ဧရာဝတီတိုင်းဒေသကြီး၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် မိုးဦးကာလ အိမ်ပြုပြင်သူများလာသဖြင့် မေလတတိယ အပါတ်မှ စတင်၍ ဓနိဈေးများမှာ ယခင်နှစ်ဈေးနှုန်းထက် …