Saturday , May 27 2017
Home / FNews / လားရှိုးမြို့ရှောင်လမ်းမဖွင့်ပေးလိုက်သဖြင့် ကွတ်ခိုင်မြို့နယ်အတွင်း ယာဉ်ကြောပိတ်ဆို့မှုဖြစ်ပေါ်

လားရှိုးမြို့ရှောင်လမ်းမဖွင့်ပေးလိုက်သဖြင့် ကွတ်ခိုင်မြို့နယ်အတွင်း ယာဉ်ကြောပိတ်ဆို့မှုဖြစ်ပေါ်

နောင် (မြစ်မခ)

လားရှိုး၊ ဒီဇင်ဘာ (၁၉)ရက်။

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မန္တလေး-မူဆယ်သွားပြည်ထောင်စုလမ်းမကြီးပေါ်တွင် လားရှိုးမြို့ရှောင်လမ်းကို ဒီဇင်ဘာ ၁၈ ရက်တွင် စတင်ဖွင့်လှစ်ပေးလိုက်သော်လည်း ကွတ်ခိုင်မြို့နယ်အတွင်း ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပေါ်နေကြောင်း သိရှိရသည်။

လမ်းကြောင်းပွင့်သွားခြင်းကြောင့် လားရှိုးမြို့ရှောင်လမ်း၌ရပ်ထားသောကားများအား ဒီဇင်ဘာ ၁၈ ရက် ညနေ ပိုင်းတွင် သွားလာခွင့်ပြုလိုက်သဖြင့် ယာဉ်ကြောပိတ်ဆို့မှုများမှာ ဒီဇင်ဘာ ၁၉ ရက်တွင် ကွတ်ခိုင်မြို့၌ ဖြစ်ပေါ် နေခြင်းဖြစ်ကြောင်း သိရသည်။

“လားရှိုးကနေ မနက်(၇)နာရီကထွက်လာတာပါ။ အခုမှ ကွတ်ခိုင်တောင် မရောက်သေးပါဘူး။ လူနာလာပို့တာ မို့လို့ အဆင်မပြေဖြစ်နေရတာပါ။ ထမင်းလည်း မစားရသေးပါဘူး။ ရောင်းတဲ့သူလည်း မတွေ့မိပါဘူး။”ဟု လူနာ တင်ယာဉ်မောင်း ကိုရန်နောင်က ဒီဇင်ဘာ ၁၉ ရက် နံနက်(၁၀း၀၀)နာရီဝန်းကျင်တွင် ပြောသည်။

လမ်းကြောတွင် ယာဉ်များမှာ အစီးရေထောင်နှင့်ချီ၍ ပိတ်မိနေသဖြင့် အချိန်အကန့်အသတ်ဖြင့် တင်ပို့ရသော ကုန်ပစ္စည်းပိုင်ရှင်များမှာ အချိန်မီမတင်ပို့နိုင်ဘဲ အရှုံးပေါ်မည်ကို စိုးရိမ်နေကြကြောင်း သိရသည်။

“သစ်သီးပိုင်ရှင်က အသီးတွေပုပ်မှာ၊ ဈေးကျမှာကို စိုးရိမ်နေတယ်။ ကျွန်တော်တို့ကားပိုင်ရှင်တွေကကျတော့ သူ တို့တွေအရှုံးပေါ်ပြီး ကားခမရမှာကို စိုးရိမ်နေကြတာပါ။ ကားကြီးရော၊ ကားလေးရော အားလုံးစည်းကမ်းမရှိလို့ လမ်းပိတ်သွားတာပါ။”ဟု (၁၂)ဘီးကားပိုင်ရှင် ဦးစိုင်းလုံကပြောသည်။

ကွတ်ခိုင်မြို့နယ်တွင်ပိတ်မိနေသောယာဉ်တန်းမှာ ယာဉ်(၅)စီးထပ်ရပ်ထားပြီး အစီးရေအားဖြင့် တစ် ထောင်ကျော်ရှိနိုင်ကြောင်း သိရသည်။

 

Check Also

မော်လမြိုင်ကျွန်းမြို့နယ်တွင် ဓနိဈေးများ ထက်ဝက်နီးပါးမြင့်တက်

ကျော်ထက်လင်း (မြစ်မခ) မော်လမြိုင်ကျွန်း၊ မေ ၂၅ ရက်။ ဧရာဝတီတိုင်းဒေသကြီး၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် မိုးဦးကာလ အိမ်ပြုပြင်သူများလာသဖြင့် မေလတတိယ အပါတ်မှ စတင်၍ ဓနိဈေးများမှာ ယခင်နှစ်ဈေးနှုန်းထက် …