Friday , September 22 2017
Home / FNews / ပြည်ပခရီးသွားများထံမှ နေထိုင်သည့်ရက်အလိုက် အခွန်ကောက်ခံကာ Tourism Promotion ရန်ပုံငွေအဖြစ် သုံးစွဲရန်စီစဉ်နေ

ပြည်ပခရီးသွားများထံမှ နေထိုင်သည့်ရက်အလိုက် အခွန်ကောက်ခံကာ Tourism Promotion ရန်ပုံငွေအဖြစ် သုံးစွဲရန်စီစဉ်နေ

ယမုံ (မြစ်မခ)

ရန်ကုန်၊ မေလ (၁)ရက်။

ပြည်ပခရီးသွားဧည့်သည်များထံမှ နေထိုင်သည့်ရက်အလိုက် အခွန်ကောက်ခံကာ Tourism Promotion ရန်ပုံငွေအဖြစ် သုံးစွဲရန်စီစဉ်နေကြောင်း မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်းမှ သိရှိရသည်။

ပြည်တွင်းဒေသများသို့ ဝင်ရောက်လည်ပတ်သည့် နိုင်ငံခြားသား ခရီးသွားဧည့်သည်များအား ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၏ ဦးဆောင်မှုဖြင့် တစ်ညလျှင် တစ်ဒေါ်လာနှုန်းခန့်အခွန်ကောက်ခံသွားရန် ဧပြီ ၂၆ ရက်တွင် ပြုလုပ်သည့် အမျိုးသားခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီ ညှိနှိုင်း အစည်းအဝေးတွင် အကြမ်းဖျင်းအားဖြင့် ဆုံဖြတ်ခဲ့ခြင်းဖြစ်သည်။

“Tourism Promotion ရန်ပုံငွေအတွက် နိုင်ငံတော်ကို နှစ်စဉ်ဘတ်ဂျတ်တင်ပြပြီးတောင်းတယ်။ ဒါပေမဲ့ နိုင်ငံတော်ရဲ့ငွေအခြေအနေအရ မရခဲ့ဖူးဘူး။ အခုတော့ ကျန်တဲ့အာဆီယံနိုင်ငံတွေ ကျန်တဲ့ ကမာ့္ဘနိုင်ငံတွေ သုံးလေ့သုံးထရှိတဲ့ စနစ်အတိုင်း နိုင်ငံတော် ဘတ်ဂျတ်ထဲက တောင်းတာမဟုတ်တော့ဘဲနဲ့ လာတဲ့ ခရီးသွား ဧည့်သည်တွေ အပေါ်မှာ တစ်ယောက်လာရင် တစ်ဒေါ်လာ၊ နှစ်ဒေါ်လာ၊ ကောက်ခံတာမျိုးတို့ နိုင်ငံမှာလဲလုပ်ဖို့ ဆုံးဖြတ်လိုက်တာပါ။ တစ်ယောက်ကို အကြမ်းဖျင်း တစ်ညလာရင် တစ်ဒေါ်လာနှုန်း ဧည့်သည်ဆီက ကောက်မယ်။ ဒီပိုက်ဆံနဲ့ Tourism Promotion ရန်ပုံငွေသုံးမယ်လို့ အစည်းအဝေးမှာ သဘောတူခဲ့တယ်။”ဟု မြန်မာနိုင်ငံ ဟိုတယ်လုပ်ငန်းဆိုင်ရာ လုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးရန်ဝင်းက ပြောသည်။

ဟိုတယ်နှင့် တည်းခိုခန်းများမှ တစ်ဆင့် ကောက်ခံသည့် စနစ်ဖြင့် ကောက်ယူသွားရန် အကြမ်းဖျင်းအားဖြင့် သဘောတူထားပြီး ထို့သို့ကောက်ခံသွားနိုင်ရန် ဥပဒေ၊ စည်းမျဉ်း စည်းကမ်းများနှင့် လုပ်ထုံးလုပ်နည်း မူဝါဒများကို ရေးဆွဲပြဌာန်းသွားမည်ဖြစ်ကြောင်း သိရသည်။

“ကော်မတီကတော့ အဆင့်ဆင့်လုပ်ရမယ့် လုပ်နည်းလုပ်ဟန်တွေ ဥပဒေပြဌာန်းတာတွေ လူကြီးတွေ ဘက်က အတည်ပြုတာတွေ လုပ်ရဦးမယ်။ အဲဒါတွေပြီးရင်တော့ နောက်ငါးလ ခြောက်လလောက်ဆို စတင်နိုင်မယ် ထင်ပါတယ်။ ဒါမှ Tourism ပရိုမိုးရှင်းကို ကျကျနနလုပ်နိုင်မှာပါ။ ကျွန်တော်တို့ နိုင်ငံက ပရိုမိုးရှင်း မလုပ်နိုင်လို့ မြန်မာကို မသိဘူး။ မြန်မာကို မသိတဲ့အတွက် ပရိုမိုးရှင်း မလုပ်နိုင်ဘူး။ ငွေမရှိလို့ ဒီလိုနဲ့ လည်နေတယ်။ နောက်ဆို အဆင်ပြေသွားမယ်။”ဟု ဦးရန်ဝင်းကပြောသည်။

ပြည်တွင်းသို့ ၀င်ရောက်လာသည့် မည့်သည့်နိုင်ငံခြားသား ဧည့်သည်မဆို နေထိုင်မည့် ရက်အလိုက် အခွန် ကောက်ခံသွားမည်ဖြစ်ပြီး Work permit ဖြင့် လာရောက်၍ ပြည်တွင်း၌ အချိန်ကြာကြာ နေထိုင်မည့် နိုင်ငံခြား သားများအတွက် ကောက်ခံမည့်နှုန်းထားကို အစိုးရအဖွဲ့မှ ဆုံးဖြတ်ကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံအနေဖြင့် ဆောင်ရွက်လျက်ရှိသည့် Tourism Promotion လုပ်ငန်းစဉ်များ၌ နိုင်ငံတကာနှင့် နှိုင်းယှဉ်ပါက အလွန်ပင်နည်းပါးနေပြီး နှစ်စဉ်သန်းချီ ဝင်ရောက်လျက်ရှိသည့် နိုင်ငံခြားသား ဧည့်သည်များထံမှ နေထိုင်သည့် ရက်အလိုက်အခွန် ကောက်ခံမှုဖြင့် Tourism Promotion ကို အာဆီယံနိုင်ငံများ နည်းတူ ဆောင်ရွက်နိုင်ရန် ရည်ရွယ်ကြောင်း သိရသည်။

Check Also

ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသအတွင်း ရှေးဟောင်းအမွေအနှစ် အဆောက်အအုံနှင့် စေတီ၊ ပုထိုး (၃၈၀၀)ကျော်ရှိ

အောင်မျိုးခိုင် (မြစ်မခ) ရန်ကုန်၊ စက်တင်ဘာ ၆ ရက်။ ပုဂံဒေသအတွင်း ရှေးဟောင်းအမွေအနှစ် အဆောက်အအုံနှင့် စေတီ၊ ပုထိုးစုစုပေါင်း(၃၈၂၂)ခုရှိကြောင်း မြန်မာနိုင်ငံဗိသုကာအသင်းက စက်တင်ဘာ ၅ ရက်တွင်ထုတ်ပြန်ချက်အရ …