Thursday , November 30 2017
Home / FNews / သရေခေတ္တရာမြို့ဟောင်းသို့ နိုင်ငံခြားသား ခရီးသွား ၈၀၀၀ ကျော် လာရောက် လည်ပတ် ယခင်နှစ်ကထက် တိုးလာ

သရေခေတ္တရာမြို့ဟောင်းသို့ နိုင်ငံခြားသား ခရီးသွား ၈၀၀၀ ကျော် လာရောက် လည်ပတ် ယခင်နှစ်ကထက် တိုးလာ

သီဟလွင် (မြစ်မခ)

ပြည်၊ ဧပြီ (၂၈)ရက်။

ပဲခူးတိုင်းဒေသကြီး (အနာက်ပိုင်း) ပြည်မြို့အနီးရှိ ကမ္ဘာ့အမွေအနှစ်စာရင်းဝင် သရေခေတ္တရာမြို့ဟောင်းသို့ ၂၀၁၆ – ၂၀၁၇ ဘဏ္ဍာရေးနှစ်အတွင်း နိုင်ငံခြားသားခရီးသွား ၈၀၀၀ ကျော်လာရောက်လည်ပတ်ခဲ့ပြီး ယခင်နှစ်ကထက်လာရောက်လည်ပတ်သူ ပိုမိုများပြားလာကြောင်း ကမ္ဘာ့အမွေအနှစ်ဌာနခွဲ သရေခေတ္တရာ ဌာနစုမှ သိရှိရသည်။

၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် သရေခတ္တရာရှေးဟောင်းဇုံနှင့် ပြတိုက်သို့ နိုင်ငံခြားသားခရီးသွား ၆၉၃၆ ဦး လာရောက်လည်ပတ်ခဲ့ပြီး ၂၀၁၆ – ၂၀၁၇ ဘဏ္ဍာနှစ်တွင် နိုင်ငံခြားသားခရီးသွား ၈၅၅၆ ဦး လာရောက် လည်ပတ်ခဲ့ခြင်းဖြစ်သည်။

“အရင်နှစ်ကထက် နိုင်ငံခြားသားခရီးသွားက တိုးလာတယ် ၀င်ငွေအနေနဲ့ဆိုရင်တော့ အရင်နှစ်က ရရှိ ဝင်ငွေထက် ကျပ်သိန်းတစ်ရာနီးပါးပိုလာတယ်ပေါ့။ ဒီနှစ်မှာ လုပ်ဖြစ်တာတွေကတော့ တူးဖော်ထိန်းသိမ်းခြင်း တွေအပြင် သတင်းအချက်အလက်ဌာန အဆင့်မြှင့်တင်ခြင်းလုပ်ငန်းတွေနဲ့ ဇုံထဲမှာ ဆင်စီးပြီး လှည့်လည် ကြည်ရှုနိုင်တဲ့ အစီအစဉ်တွေက ပိုပြီးဆွဲဆောင်လာနိုင်တယ်လို့ထင်တယ်။”ဟု ကမ္ဘာ့အမွေအနှစ်ဌာနခွဲ သရေခေတ္တရာဌာနစုမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ယခုကဲ့သို့ ပွင့်လင်းရာသီတွင် ပြည်တွင်းခရီးသွားလုပ်ငန်းများကပါ သရေခေတ္တရာမြို့ဟောင်းအား ခရီးစဉ်တစ်ခု အနေဖြင့် ထည့်သွင်းရေးဆွဲလာမှုများကြောင့်  ပြည်တွင်း ပြည်ပ ခရီးသည်ဝင်ရောက်မှုမှာ ပိုမိုများပြားလာပြီး စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်များနှင့် အထိမ်းအမှတ် နေ့ထူး နေ့မြတ်များတွင် လာရောက်သူပိုမိုများကြောင်း သိရသည်။

ပျူယဉ်ကျေးမှုထွန်းကားခဲ့သည့် မြန်မာနိုင်ငံအလယ်ပိုင်းရပ်ဝန်းနှင့် ဧရာဝတီမြစ်ဝှမ်းတစ်လျှောက် တည်ရှိခဲ့ သော သရေခေတ္တရာပျူမြို့ဟောင်း အပါအ၀င် ဟန်လင်းနှင့် ဗိဿနိုးတို့အား ကုလသမဂ္ဂ ပညာရေးသိပံ္ပနှင့် ယဉ်ကျေးမှုအဖွဲ့ (ယူနက်စကို)က ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် ၂၀၁၄ ခုနှစ် ဇွန် (၂၂) ရက်နေ့က သတ်မှတ်လိုက်ပြီး နောက်ပိုင်း ရှေးဟောင်းဇုံများအတွင်းရှိ အဆောက်အဦများ တူးဖော်ခြင်း သုတေသနပြု ထိန်းသိမ်းခြင်းလုပ်ငန်းများနှင့် ခရီးသွားဝန်ဆောင်မှုလုပ်ငန်းများကို တိုးမြှင့်လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

သရေခေတ္တရာမြို့ဟောင်းသည် ပြည်မြို့၏ တောင်ဘက် ငါးမိုင်ခန့်အကွာတွင် တည်ရှိပြီး အေဒီ (၄) ရာစုမှ အေဒီ(၉) ရာစုအတွင်း ထွန်းကားခဲ့သော ရှေးပျူမြို့ဟောင်းတစ်မြို့ဖြစ်ကာ မြို့ရိုး၊ ကျုံး၊ နန်းတော်ရာ၊ ဘာသာရေးဆိုင်ရာအဆောက်အအုံများ၊ ဒင်္ဂါးများ၊ ဆင်းတုတော်များ၊ ပျူကချေသည်အရုပ်များနှင့် ရွှေပေလွှာများကို တွေ့ရှိခဲ့ရပြီး မြို့ရိုးသည် (၈) မိုင် (၅) ဖာလုံရှိပြီး ဧရိယာအကျယ်အ၀န်းအားဖြင့် (၅.၅)စတုရန်းမိုင်ကျယ်ဝန်းသည်။ 

Check Also

ဝါသနာရှင်များ စုဆောင်းထားသည့် ကားပုံစံငယ်များ ပြပွဲ (၂)ရက်တာကျင်းပမည်

  မြစ်မခ ရန်ကုန်၊ နိုဝင်ဘာ ၂၁ ရက်။ မြန်မာနိုင်ငံမှ ကားဝါသနာရှင်များ စုဆောင်းထားသည့် ကားပုံစံငယ် (Diecast Scale Model)များကို အများပြည်သူ လေ့လာနိုင်စေရန် …