Saturday , May 27 2017
Home / FNews / တောင်သမန်အင်းနှင့် ဦးပိန်တံတားသို့ သင်္ကြန်ကာလတွင် တစ်ရက်လျှင် ပြည်တွင်း၊ ပြည်ပခရီးသွား ဧည့်သည် တစ်သိန်းနီးပါးဝင်ရောက်

တောင်သမန်အင်းနှင့် ဦးပိန်တံတားသို့ သင်္ကြန်ကာလတွင် တစ်ရက်လျှင် ပြည်တွင်း၊ ပြည်ပခရီးသွား ဧည့်သည် တစ်သိန်းနီးပါးဝင်ရောက်

ကျော်မျိုးထွဋ် (မြစ်မခ)

မန္တလေး၊ ဧပြီ (၂၀) ရက်။

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်ရှိ တောင်သမန်အင်းနှင့် ဦးပိန်တံတားသို့ သင်္ကြန်ကာလတွင် တစ်ရက် လျှင် ပြည်တွင်း၊ ပြည်ပခရီးသွားဧည့်သည် ခန့်မှန်းခြေတစ်သိန်းနီးပါး ဝင်ရောက်ခဲ့ကြောင်း တောင်သမန်အင်း ငှက်လှေအသင်းမှ သိရှိရသည်။

ပြည်ပခရီးသွားများသည် ဦးပိန်တံတားသို့ နေဝင်ဆည်းဆာအချိန်မျိုးတွင် လာရောက်သူများပြားပြီး  အမေရိကန်၊ ပြင်သစ်၊ စပိန်၊ အီတလီနှင့် အာရှတွင် ထိုင်း၊ ကိုရီးယား၊ တရုတ်စသည့်နိုင်ငံများမှ လာရောက် လည်ပတ်ခဲ့ကြောင်း သိရသည်။

“ဒီနှစ်သင်္ကြန် ဦးပိန်တံတားကိုလာတဲ့ ပြည်တွင်းခရီးသွား မနှစ်ကသင်္ကြန်ထက်နည်းသွားတာက လမ်းလျှောက် သင်္ကြန်တို့ ၇ မိုင်တို့ဘက်ကိုသွားရောက်ကြလို့ သုံးသပ်လို့ရပါတယ်။ လာရောက်တဲ့ လူဦးရေနှုန်းကတော့ မနှစ် ကထက်မလျှော့ပါဘူး။ ပြည်တွင်းခရီးသွားပဲ အရင်နှစ်လူဦးရေထက် နည်းသွားတာတွေ့ရတယ်။ အင်းရေကျချိန် ဆိုတော့ ငှက်လှေသမားတွေအတွက်တော့ ရေရှိတဲ့နေရာလေးတွေ လိုက်ပို့တာမျိုးလေးတွေ လုပ်ကြရတာပါ။” ဟု တောင်သမန်အင်း ငှက်လှေအသင်းဥက္ကဌ ဦးစိုးဝင်းက ပြောသည်။

၂၀၁၇ ခုနှစ် သင်္ကြန်ကာလတွင် တောင်သမန်အင်းရေကျသွားသဖြင့် ငှက်လှေစီးသူ အနည်းငယ်သာရှိပြီး အင်း ရေရှိသည့်နေရာများသို့ လိုက်လံပို့ဆောင်ပေးရကာ နိုင်ငံခြားသားခရီးသွားအများစု အဓိကငှားရမ်းကြကြောင်း သိရသည်။

“ဒီနှစ်သင်္ကြန်မှာ ဦးပိန်တံတားမှာ ခိုက်ရန်ဖြစ်ပွားတာမျိုး သိပ်မရှိဘူး။ လွတ်လွတ်လပ်လပ်နဲ့ သွားလာကြတယ်။ အမှိုက်တွေ ရှုပ်ပွနေတာမျိုးလည်မရှိဘူး။ စည်ပင်ကနေလည်း အမှိုက်တွေအမြဲလာသိမ်းတယ်။ အဓိက လူစည်တဲ့ အချိန်တွေကတော့ မနက်ပိုင်းနဲ့ ညနေ နေဝင်ဆည်းဆာအချိန်တွေကို ပိုစည်ပါတယ်။”ဟု တောင်သမန်အင်း ငှက်လှေအသင်းဥက္ကဌ ဦးစိုးဝင်းကပြောသည်။

တောင်သမန်အင်း ဦးပိန်တံတားတွင်  နေဝင်ချိန်လှည့်လည်ကြည့်ရှုရန် ငှက်လှေဌားရမ်းပါက ပြည်ပခရီးသွား များမှာ တစ်စီးလျှင်ကျပ်(၁၂၀၀၀)ဖြစ်ကာ နံနက်ပိုင်းတွင် ငှားရမ်းပါက တစ်စီးလျှင်(၁၀၀၀၀)ကျပ်ဖြင့် ငှားရမ်း ပေးကြောင်း သိရသည်။

ပြည်တွင်းခရီးသွားများအား သတ်မှတ်နှုန်းထားထက် (၂၀၀၀)ကျပ်ဈေးလျှော့ပေးထားကြောင်း လူတစ်ဦးချင်း စီးပါက အသွား/အပြန် ၁၀၀၀ ကျပ်ဖြင့် ပို့ဆောင်ပေးကာ ယင်းတံတားတွင် ငှက်လှေ(၄၆)စီးရှိပြီး အရန်လှေ (၂၀) စီးရှိကြောင်း သိရသည်။

၂၀၁၆ ခုနှစ် စက်တင်ဘာလတွင် နိုင်ငံခြားခရီးသွားဧည့်သည်ဦးရေ(၂၅၀)ကျော် ဝင်ရောက်ခဲ့ပြီး နိုဝင်ဘာလ တွင် (၁၀၀၀)နီးပါးရှိခဲ့ကြောင်း သိရသည်။

Check Also

မော်လမြိုင်ကျွန်းမြို့နယ်တွင် ဓနိဈေးများ ထက်ဝက်နီးပါးမြင့်တက်

ကျော်ထက်လင်း (မြစ်မခ) မော်လမြိုင်ကျွန်း၊ မေ ၂၅ ရက်။ ဧရာဝတီတိုင်းဒေသကြီး၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် မိုးဦးကာလ အိမ်ပြုပြင်သူများလာသဖြင့် မေလတတိယ အပါတ်မှ စတင်၍ ဓနိဈေးများမှာ ယခင်နှစ်ဈေးနှုန်းထက် …