Saturday , May 27 2017
Home / သတင်း / ခရီးသွားလာရေးသတင်း / ကားလက်မှတ်ဈေးနှုန်းမြင့်တက်၍ ယာဉ်လိုင်းများကို ဒဏ်ငွေရိုက်မည်

ကားလက်မှတ်ဈေးနှုန်းမြင့်တက်၍ ယာဉ်လိုင်းများကို ဒဏ်ငွေရိုက်မည်

ကျော်မျိုးထွဋ် (မြစ်မခ)

မန္တလေး၊ ဧပြီ (၇) ရက်။

သင်္ကြန်ကာလတွင် ကားလက်မှတ်ဈေးနှုန်းမြင့်တက်၍ ရောင်းချသည်ဟု တိုင်ကြားခံရသည့်ယာဉ်လိုင်းများကို ဒဏ်ငွေရိုက်သွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ယာဉ်လုပ်ငန်းများကြီးကြပ်မူကော်မတီ (အဝေးပြေး) ဥက္ကဌ ဦးအောင်ကျော်လင်းက ပြောဆိုလိုက်သည်။

နှစ်စဉ်သင်္ကြန်ကာလအတွင်း ခရီးသွားဧည့်သည်များ ကြန့်ကြာခြင်းမရှိစေရန် ကော်မတီမှ  တာဝန်ရှိသူများ ကိုယ်တိုင် ကားကွင်းများတွင်လက်မှတ်ရောင်းချပေးမည်ဖြစ်ပြီး ဈေးနှုန်းမြင့်၍ရောင်းချသည့်ယာဉ်လိုင်းကို ကား ဝန်းအဝင်ပေါက်တွင်ရှိသော ယ.က.ကရုံးများတွင် တိုင်ကြားနိုင်ကြောင်းသိရသည်။

“အရေးကြီးခရီးသွားရမယ့်သူတွေအတွက် ကားတစ်သင်းကို ကားလက်မှတ်(၅)စောင်စီ ချန်ခိုင်းထားပါတယ်။ သင်္ကြန်ကာလမတိုင်ခင် ဈေးပိုမရောင်းဖို့လည်း ညွှန်ကြားထားပါတယ်။ ကားတွေ လိုင်းနားမယ့်အချိန်ကိုလည်း အကြောင်းပြန်ဖို့ ကြိုပြောထားပါတယ်။ ဧပြီ ၇ ရက်မှာ ကြိုတင်အကြောင်းပြန်မှာပါ။ တကယ်လို့ လက်မှတ်ပို ရောင်းတယ်ဆို ယ.က.ကစခန်းမှာပြောရင် ချက်ချင်းအရေးယူဆောင်ရွက်ပါတယ်။ ပိုတောင်းတဲ့ ပိုက်ဆံကို လည်း ပြန်တောင်းပေးမှာပါ။ သင်္ကြန်တွင်း ခရီးသည်တွေအရမ်းများလာရင် ကိုယ်တိုင်ထိုင်ပြီး လက်မှတ်တွေ ရောင်းပေးမှာပါ။”ဟု ဦးအောင်ကျော်လင်းကပြောသည်။

သင်္ကြန်ရက်အတွင်း ခရီးသွားပြည်သူများအဆင်ပြေစေရန် (၃)ရက်ကြိုတင်၍ လက်မှတ်များရောင်းချပေးနေပြီး ကိုယ်တိုင်လာရောက်ဝယ်ယူသည့်သူများကို ဦးစားပေးရောင်းချပေးခြင်းနှင့် လာရောက်ဝယ်ယူရာတွင် တစ်ဦး လျှင် တစ်စောင်သာရောင်းချပေးကြောင်း သိရသည်။

ကားလက်မှတ်များ သတ်မှတ်နှုန်းထက်ပိုရောင်းချသည်ကိုစစ်ဆေးတွေ့ရှိလျှင် ဝန်ထမ်းဖြစ်ပါက အလုပ်မှထုတ် ပယ်ခြင်းနှင့် ကားလက်မှတ်ဂိတ်ခွဲများကိုဖြုတ်သိမ်းသည်အထိ အရေးယူသွားမည်ဖြစ်ကြောင်း ငွေနှင်းမန္တလာ အဆင်မြင့်ပို့ဆောင်ရေးမှ မန္တလေးဂိတ်မှူးတာဝန်ခံ ဦးလှမျိုးကပြောသည်။

“ကားကွင်းတိုင်းမှာ ပို့ဆက်၊ ယ.က.က၊ စည်ပင်သာယာအဖွဲ့တွေထိုင်တဲ့ ရုံးခန်းရှိပါတယ်။ ပိုတောင်းတယ်၊ ပို ရောင်းတယ်ဆို ချက်ချင်း ကြောင်းကြားပေးဖို့ ခရီးသွားပြည်သူတွေ ခရီးသွားဖို့လက်မှတ်ဝယ်မယ်ဆိုရင် ကိုယ် တိုင်ယာဉ်အသင်းတွေကို တိုက်ရိုက်သွားပြီးတော့ဝယ်ဖို့လိုပါတယ်။ တိကျတဲ့ဈေးနူန်း၊ သတ်မှတ်တဲ့ဈေးနှုန်း ဖြစ် မှာပါ။ အပြင်မှာ တွေ့တဲ့နေရာမှာ လက်မှတ်ရတယ်ဆိုပြီးမဝယ်ကြပါနဲ့။ ကွာခြားချက်တွေ ဖြစ်ပေါ်မှာများလို့ပါ။ ကိုယ်တိုင်သွားဝယ်ဖို့ တိုက်တွန်းပါတယ်။”ဟု မန္တလေးတိုင်းဒေသကြီး လုပ်ငန်းလိုင်စင်နှင့် သယ်ယူပို့ဆောင်ရေး ကြီးကြပ်ညှိနှိုင်းမှုဌာနမှ ဒုတိယဦးစီးမှူး မောင်မောင်အေးထွန်းကပြောသည်။

မန္တလေးမြို့တွင် ယာဉ်ရပ်နားစခန်း(၅)ခုရှိပြီး ယာဉ်အသင်းပေါင်း(၄၈၁)သင်းတွင် ယာဉ်အစီးရေ(၆၀၀၀)ကျော် ဖြင့် မန္တလေးမြို့ကိုအခြေပြု၍ အခြားတိုင်းနှင့် ပြည်နယ်များသို့ ပြေးဆွဲနေကြောင်း သိရသည်။

Check Also

သင်္ကြန်ကာလ နယ်ပြန်မည့် သူများ ညအိပ်စောင့်ကာ ကြိုတင်ရထားလက်မှတ်ဝယ်ယူနေရ

မင်းအောင်မြင် (မြစ်မခ) ရန်ကုန်၊ ဧပြီ(၅)ရက်။ ရန်ကုန်ဘူတာကြီးရှိ ရက်ကြိုလက်မှတ်ရုံအရောင်းဌာနတွင် ဧပြီလပထမပတ်မှ စတင်ကာ ရထားလက်မှတ် ဝယ်ယူရန် ညအိပ်လာရောက်စောင့်ဆိုင်းကာ လက်မှတ်များကို တန်းစီဝယ်ယူသူများ ရှိနေကြောင်း ရန်ကုန်ဘူတာကြီး …