Friday , September 22 2017
Home / သတင်း / နည်းပညာသတင်း / အနုပညာတီထွင်ဖန်တီးမှုများကို အကာအကွယ်ပေးနိုင်ရန် USAID မှ နည်းပညာနှင့် ငွေကြေးထောက်ပံ့မည်

အနုပညာတီထွင်ဖန်တီးမှုများကို အကာအကွယ်ပေးနိုင်ရန် USAID မှ နည်းပညာနှင့် ငွေကြေးထောက်ပံ့မည်

 

ပိုင်ထက်(မြစ်မခ)

ရန်ကုန်၊ မေ (၁၂) ရက်။

အနုပညာတီထွင်ဖန်တီးမှုများကို မူပိုင်ခွင့်အရ အကာအကွယ်ပေးနိုင်မည့် Collective Management Organization-CMO အဖွဲ့ ဖွဲ့စည်းနိုင်ရေးအတွက် USAID မှ နည်းပညာနှင့် ငွေကြေးပိုင်းဆိုင်ရာ ကူညီထောက် ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

အသိဥာဏ်ပစ္စည်းဆိုင်ရာ မူပိုင်ခွင့်နှင့်ပတ်သက်သည့် ဥပဒေပေါ်ထွက်လာရေးအတွက်လည်း မြန်မာအစိုးရကို ကူညီမှုများလုပ်ဆောင်နေပြီး သက်ဆိုင်ရာအကြောင်းအရာများအလိုက် တီထွင်ဆန်းသစ်မှုများကိုလည်း လုပ်ဆောင်နိုင်ရန် ငွေကြေးကူညီမှုများ လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း USAID မှသိရသည်။

“ဂီတအနုပညာတီထွင်ဆန်းသစ်မှုတွေကို မူပိုင်ခွင့်အရ အကာအကွယ်ပေးနိုင်မယ့် CMO အဖွဲ့တွေ ဖွဲ့ထားဖို့လို တယ်။ ဖွဲ့စည်းနိုင်ဖို့လည်း ကျွန်တော်တို့ဖက်က ကူညီပေးသွားမယ်။ အသိပညာပေးသင်တန်းတွေ၊ ငွေကြေး ထောက်ပံ့မှုတွေ လုပ်ပေးသွားမယ်”ဟု USAID မှ ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးပရိုဂရမ်ဒါရိုက်တာ Steve Parker ကပြောသည်။

CMO ဖွဲ့စည်းပါက ထောက်ပံ့ကြေးရယူရန်အတွက် USAID ရုံးတွင် လာရောက်လျှောက်ထားနိုင်မည်ဖြစ်ပြီး ထောက်ပံ့ကြေးအနေဖြင့် တစ်နှစ်စာအတွက် အမေရိကန်ဒေါ်လာတစ်သိန်းပေးအပ်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါကိစ္စနှင့်ပတ်သက်သည့် အလုပ်ရုံဆွေးနွေးပွဲတစ်ခုကို မေ ၁၁ ရက်က Park Royal ဟိုတယ်တွင် ပညာ ရေးဝန်ကြီးဌာန၊ USAID၊ မြန်မာနိုင်ငံဂီတအစည်းအရုံးနှင့် စာပေအနုပညာအသိုင်းအဝိုင်းမှ တက်ရောက်ဆွေး နွေးမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

“အဖွဲ့ ဖွဲ့စည်းနိုင်ရင်တော့ အနုပညာရှင်တွေ တီထွင်ဖန်တီးထားတွေကို အကာကွယ်ပေးနိုင်မယ်။ ပြီးတော့ နစ် နာမှု၊ ရပိုင်ခွင့်အခွင့်ရေးတွေကိုလည်း လုပ်ဆောင်လာနိုင်မယ့်အဖွဲ့ ဖွဲ့ဖို့ USAIDက အကူညီပေးမယ်လို့ပြောတာ ကောင်းပါတယ်။ ပြီးတော့ အသိပညာပိုင်းကိုပါ အကူအညီပေးစေချင်တယ်။”ဟု မြန်မာနိုင်ငံဂီတအစည်းအရုံး (ဗဟို)၊ မူပိုင်ခွင့်ကာကွယ်ထိန်းသိမ်းရေးကော်မတီဥက္ကဌ ဦးမျိုးဆွေကပြောသည်။

နိုင်ငံတကာတွင် ဂီတအနုပညာတီထွင်မှုများကို မူပိုင်ခွင့်ကိစ္စရပ်များ ဆောင်ရွက်ပေးနိုင်မည့် CMO အဖွဲ့များ ရှိ နေခြင်းကြောင့် မူပိုင်ခွင့်ကို အကာအကွယ်များရရှိနေပြီး မြန်မာနိုင်ငံတွင်လည်း ဖွဲ့စည်းလုပ်ဆောင်ရန် လိုအပ် နေကြောင်း ပညာရေးဝန်ကြီးဌာန၊ သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာနမှ တာဝန်ရှိသူကပြောသည်။

“အသိဥာဏ်ပစ္စည်းမူပိုင်ခွင့်ကို ကာကွယ်တဲ့နေရာမှာ စုပေါင်းဖွဲ့စည်းတဲ့အဖွဲ့လေးတွေ လိုအပ်ပါတယ်။ ပိုပြီးထိ ရောက်မှုတွေရှိလာဖို့ပါ။ အဖွဲ့ ဖွဲ့ဖို့အတွက်လည်း USAID က ထောက်ပံ့ငွေပေးမယ်ပြောထားတယ်”ဟု ပညာရေး ဝန်ကြီးဌာန၊ သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းခိုင်မိုးကပြောသည်။

လက်ရှိမူပိုင်ခွင့်ဥပဒေကိုလည်း ပြဌာန်းနိုင်ရန်လုပ်ဆောင်နေပြီး ဥပဒေနှင့်အတူ ချိတ်ဆက်ဆောင်ရွက်နိုင်မည့် CMO အဖွဲ့ ဖွဲ့စည်းမှုအတွက်လည်းလုပ်ဆောင်နေကြောင်း ဦးဝင်းခိုင်မိုးကပြောသည်။

အဆိုပါ CMO အဖွဲ့မှာ မူပိုင်ခွင့်အတွက် အကာအကွယ်ပေးရန် စာပေ၊ အနုပညာ၊ ဂီတ စသည့်အကြောင်းအရာ အလိုက် စုပေါင်းဖွဲ့စည်းထားသည့်အဖွဲ့ဖြစ်ပြီး မူပိုင်ခွင့်ကြေးများရရှိအောင် ဖြေရှင်းပေးရန်၊  ဖန်တီးမှုပိုမိုကောင်း မွန်လာစေရန်တို့ကို ဆောင်ရွက်မည့်အဖွဲ့ဖြစ်ကြောင်း သိရသည်။

Check Also

မန္တလေးတွင် မှတ်ပုံတင်များကို စမတ်ကတ်ဖြင့် ထုတ်ပေးနိုင်ရန် စတင်စမ်းသပ်နေ

ကျော်မျိုးထွဋ် (မြစ်မခ) မန္တလေးတိုင်းဒေသကြီးအတွင်း လူဝင်မူကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ အမျိုးသားမှတ်ပုံတင်ကတ် များကို စမတ်ကတ်ဖြင့်ထုတ်ပေးနိုင်ရန် လုပ်ငန်းစဉ်စမ်းသပ်မှုများကို ဒီဇင်ဘာ ၁၃ ရက်တွင် ချမ်းအေးသာစံ မြို့နယ်ရှိ ဗထူးကွင်းအားကစားခန်းမ၌ …