Saturday , September 30 2017
Home / FNews / မွန်အခြေခံမဲဆန္ဒရှင်စာရင်းအပေါ်စိတ်ဝင်စားသူနည်းပါး၍ ပညာပေးလုပ်ငန်းများ ထပ်မံ လုပ်ဆောင်မည်

မွန်အခြေခံမဲဆန္ဒရှင်စာရင်းအပေါ်စိတ်ဝင်စားသူနည်းပါး၍ ပညာပေးလုပ်ငန်းများ ထပ်မံ လုပ်ဆောင်မည်

ချိုမာအောင် (မြစ်မခ)

၂၀၁၅ ရွေးကောက်ပွဲအတွက် မွန်ပြည်နယ်၏ ခြေခံမဲစာရင်းများကို ရပ်/ကျေးကော်မရှင်ရုံးခွဲများတွင် ကပ်ထားသော်လည်း လာရောက်ကြည့်ရှုသူနည်းပါးနေခြင်းကြောင့် ရွေးကောက်ပွဲကော်မရှင်မှ ပညာပေး လုပ်ငန်းများကို ထပ်မံလုပ်ဆောင်သွားမည်ဖြစ်ကြောင်း မွန်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲထံမှ သိရှိရသည်။

“ကျွန်တော်တို့ အခြေခံမဲစာရင်းမကပ်ခင်ပြည်သူတွေကို ပညာပေးလုပ်ငန်းအနေနဲ့ ဇွန်လ(၁) ရက်နေ့ကနေ စပြီးတော့ လော်စပီကာတွေနဲ့ ရပ်ကွက်တွေကိုကားနဲ့လှည့်ပြီး မဲစာရင်းကြည့်ဖို့ နှိုးဆော်တယ်။ ပန်းဖလက်တွေ ဝေတယ်။ ဗွီနိုင်းထောင်တယ်။ တကယ်မဲစာရင်းကပ်တဲ့အခါမှာ လာရောက်ကြည့်ရှုသူတွေနည်းပါတယ်။ ပြည်သူတွေ စိတ်ဝင်စားမှုနည်းပါတယ်။ ဒါကြောင့်အခု ပညာပေးလုပ်ငန်းတွေကို မြို့နယ် ကော်မရှင်အဖွဲ့ တွေနဲ့ပူးပေါင်းပြီး ထပ်မံလုပ်ဆောင်မယ်။”ဟု မွန်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ဒုတိယညွှန်ကြား ရေးမှူး ဦးဟိဏ်းလင်းထက်က ပြောသည်။

ပညာပေးလုပ်ငန်းများကို မော်လမြိုင်မြို့ရှိ လူစည်ကားသောနေရာဖြစ်သည့် ကမ်းနားလမ်းရှိ LED ဆိုင်းဘုတ် တွင် မဲဆန္ဒရှင်စာရင်းပညာပေးဇတ်ကားများဖွင့်လှစ်ခြင်း၊ ပညာပေးသီချင်းခွေဖွင့်လှစ်ခြင်း၊ မြို့နယ်ကော်မရှင် အဖွဲ့ခွဲ များနှင့်ပူးပေါင်း၍ လက်ကမ်းစာစောင်များကို လူစည်ကားရာ နေရာများတွင် ထပ်မံဝေငှခြင်း စသည့် လုပ်ငန်းများအပြင် ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့မှ တာဝန်ရှိသူများမှ လည်း ရပ်ကျေးကော်မရှင် ရုံးခွဲများအထိ လိုက်လံကြည့်ရှု၍ လိုအပ်ချက်များကို ပြုပြင်သွားမည်ဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

မွန်ပြည်နယ် မဲဆန္ဒရှင်ပညာပေးလုပ်ငန်းများအား မွန်အရပ်ဘက်လူမှုအဖွဲ့အစည်း၊ မြို့နယ်ကော်မရှင် အဖွဲ့ခွဲနှင့် ညှိုနှိုင်း၍ မြန်မာ၊ မွန်၊ ကရင်၊ ပအိုဝ်းဘာသာဖြင့် ပိုစတာများ၊ လက်ကမ်းစာစောင်များ၊ ဖြန့်ဝေခြင်းလုပ်ငန်းများ၊ သီချင်းများဖွင့်လှစ်၍ ပညာပေးလုပ်ငန်းများ ဆောင်ရွက်ခံကြောင်းလည်း သိရသည်။

“ကျတော်တို့သီရိမြိုင်ရပ်ကွက်ကတော့ မဲစာရင်းစကပ်တဲ့နေ့ကနေစပြီးတော့ အခုဒုတိယနေ့အထိ လာရောက် ကြည့်ရှု သူအလွန်များတယ်၊ မဲစာရင်းကပ်တဲ့နေ့မနက်အစောကြီးမှာလဲ တစ်လမ်းဝင် တစ်လမ်းထွက် အိမ်တိုင်း မဲစာရင်းလာကြည့် ဆော်သြတယ်၊ ဒါကြောင့်လာကြည့်သူများတယ်”ဟု သီရိမြိုင်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးသောင်းဝင်းက ပြောသည်။

မွန်ပြည်နယ်ရှိ အခြေခံမဲဆန္ဒနယ်စာရင်းကို ဇွန်လ(၈)ရက်နေ့မှ၊ ဇွန်လ(၂၁)ရက်နေ့အထိ (၁၄)ရက် အကြာ ရပ်ကျေးကော်မရှင်ရုံးများတွင် ကပ်ထားမည်ဖြစ်ကြောင်း သိရသည်။

ပြည်သူများ လာရောက်ကြည့်ရှုသည့်အခါ အမှားများတွေ့ရှိပါက မိမိတို့မိသားစုဝင်များ၏ အမည် စာရင်း မပါဝင်ပါက ပုံစံ(၃)ဖြင့်လျှောက်ရမည်ဖြစ်ပြီး အချက်အလက်မမှန်ကန်လျှင် ပုံစံ(၄-ဂ)ဖြင့် လျှောက်ထား ပြင်ဆင်၍၊ ကွယ်လွန်သူများနှင့် မဲပေးခွင့်မရှိသူများ မဲစာရင်းတွင်ပါလာပါက အထောက် အထားနှင့် အတူ ပုံစံ(၄)ဖြင့် ကန့်ကွက်နိုင်ကြောင်း အဆိုပါလုပ်ငန်းများကို ယခုမဲစာရင်း ကပ်သည့်(၁၄)ရက်အတွင်း လုပ် ဆောင်ရန် လိုအပ်ကြောင်း မွန်ပြည်နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲထံမှ သိရသည်။

“ကျွန်တော်ဒီနေ့ မဲစာရင်းကပ်တာကို လာကြည့်တယ်။ အခြားသူတွေလဲ လာရောက်ကြည့်ရှုဖို့ ပြောချင်တယ်။ ဘာကြောင့်လဲဆိုတော့ ရွေးကောက်ပွဲက ကျွန်တော်တို့ ပြည်သူတွေအတွက် အရမ်းပဲ အရေးကြီးပါတယ်။ ကျွန်တော်ဆိုရင်အခုမှ အသက်(၂၀)ပြည့်တယ်။ အရင်ရွေးကောက်ပွဲလုပ်တုန်းက မဲမထည့်ခဲ့ရဘူး။ နိုင်ငံရေး အပြောင်းအလဲကို ရင်ခုန်စွာနဲ့စောင့်မျှော်နေတယ်။ ဒါကြောင့်ဒီနှစ်မှာတော့ မဲမထည့်ရမဖြစ်ရအောင် ကျွန်တော် ကျတော့ မိသားစုဝင်တွေရဲ့နာမည်ပါမပါ မဲစာရင်းလာကြည့် ရခြင်းဖြစ်တယ်။”ဟု မော်လမြိုင်မြို့နယ် ရွှေမြိုင် သီရိနယ်မြေမှ မဲစာရင်းလာကြည့်သူ ကိုမင်းမင်းနောင် က ပြောသည်။

မွန်ပြည်နယ်အတွင်း အခြေခံမဲဆန္ဒ ရှင်စာရင်း ကောက်ယူမှုလုပ်ငန်းကို မတ်လ(၁၁)ရက်နေ့မှ စတင် ပြုစုခြင်း ဖြစ်ပြီး မေလ(၁၅)ရက်နေ့တွင် မွန်ပြည်နယ်တစ်ခုလုံး မဲစာရင်း ပြီးစီးအောင်ပြုစုနိုင်ခဲ့ကာ မွန်ပြည်နယ်တွင် ခန့်မှန်းမဲဆန္ဒရှင်ဦးရေ (၁၄၂၁၉၄၇)ဦးရှိသည့်အနက် (၁၄၂၁၁၈၀)ဦးအား မဲစာရင်း ပြုစုနိုင်ခဲ့ကြောင်း သိရသည်။

Check Also

သထုံမြို့နယ်အတွင်း ခြံရှင်များထံမှ ရာဘာစေးဝယ်ယူ၍ ရာဘာအသန့်များထုတ်လုပ်မည်

  အောင်မြင့်ထွန်း (မြစ်မခ) သထုံ၊ စက်တင်ဘာ ၁၉ ရက်။ မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်း ဈေးကွက်ဝင်အရည်အသွေးကောင်းမွန်သည့်ရာဘာများ ထုတ်လုပ်နိုင်ရန် အောက်တိုဘာလမှစတင်ကာ ရာဘာအရည်များ(အစေး) ဝယ်ယူသွားမည်ဖြစ်ကြောင်း သထုံမြို့နယ် …