Monday , September 25 2017
Home / သတင်း / ဈေးဝယ်လမ်းညွန် / ပဲခူးဆိုင်ကယ်ဈေးကွက်အတွင်း ဆိုင်ကယ်ဈေးနှုန်းများ တည်ငြိမ်နေပြီး အရောင်းအဝယ်ပါးနေ

ပဲခူးဆိုင်ကယ်ဈေးကွက်အတွင်း ဆိုင်ကယ်ဈေးနှုန်းများ တည်ငြိမ်နေပြီး အရောင်းအဝယ်ပါးနေ

မျိုးမြတ် (မြစ်မခ)

ပဲခူး၊ ဧပြီ (၂၇)ရက်။

ပဲခူးမြို့ ဆိုင်ကယ်အရောင်းအဝယ်ဈေးကွက်တွင် သင်္ကြန်ကာလအပြီး၌ ဆိုင်ကယ်ဈေးနှုန်းများ တည်ငြိမ်မှုရှိနေ သော်လည်း ဆိုင်ကယ်အရောင်းအဝယ်မှာ ပါးနေကြောင်း ပဲခူးမြို့ ဆိုင်ကယ်ဈေးကွက်အတွင်းမှ သိရှိရသည်။

“သင်္ကြန်ပွဲပြီးရင် ထုံးစံအတိုင်းပဲ အရောင်းအဝယ်အေးသွားပါတယ်။ ဆိုင်ကယ်ဈေးနှုန်းကတော့ သင်္ကြန်မတိုင် ခင် ဈေးနှုန်းအတိုင်းပါပဲ။ ဈေးမတက်ပါဘူး။ တချို့ကျတော့ သင်္ကြန်မှာသုံးဖို့ ဆိုင်ကယ်ဝယ်ကြပြီး၊ သင်္ကြန်ပွဲပြီး  တော့ ပြန်ရောင်းကြတာရှိပါတယ်။ မိုးကျခါနီးတော့ ဆိုင်ကယ်ကိုသိပ်မဝယ်ကြတော့ဘူး။”ဟု ပဲခူးမြို့၊ သနပ်ပင်  လမ်းရှိ ဆိုင်ကယ်အရောင်းဆိုင်မှ ကိုမိုးနိုင်က ပြောသည်။

ပဲခူးဆိုင်ကယ်အရောင်းအဝယ်ဈေးကွက်တွင် တရုတ်ဆိုင်ကယ်အမျိုးအစားများဖြစ်သည့် Canda၊ Feeling စသောအမျိုးအစားများ အရောင်းရဆုံးဖြစ်ပြီး ဗီယက်နမ်ဆိုင်ကယ်အမျိုးအစားတွင် Click 2017၊ Wave 100 အမျိုးအစားဆိုင်ကယ်များ အရောင်းရဆုံးဖြစ်ကာ ရန်ကုန်တိုင်းဒေသကြီးဘက်မှ လာရောက်ဝယ်ယူသူအများစု မှာ တရုတ်ဆိုင်ကယ်ဝယ်ယူသူများပြားကြောင်း သိရသည်။

“ပဲခူးတိုင်းဒေသကြီးမှာတော့ နယ်တွေက တရုတ်ဆိုင်ကယ်လာရောက်ဝယ်ယူသူများပါတယ်။ ရန်ကုန်တိုင်း ဒေသကြီးမှာတော့ မင်္ဂလာဒုံ၊ အင်းစိန်မြို့နယ်၊ သန်လျင်မြို့နယ်ဘက်တွေက များတယ်။ လိုင်စင်ရှိတဲ့ ဆိုင်ကယ် နဲ့ လိုင်စင်မဲ့ဆိုင်ကယ်မှာ လိုင်စင်မဲ့ဆိုင်ကယ်ကိုဝယ်ယူသူ ပိုများပြားပါတယ်။ ဈေးနှုန်းကလည်း လိုင်စင်ရှိတာနဲ့ မရှိတာ၊ ငွေ(၂)သိန်းလောက်ကွာတယ်။”ဟု ပဲခူးမြို့ဆိုင်ကယ်အရောင်းအဝယ်ပွဲစားတန်းမှ ကိုစံဝင်းက ပြောသည်။

မြန်မာပြည်အောက်ပိုင်း၌ ပဲခူးမြို့ဆိုင်ကယ်အရောင်းအဝယ်ဈေးကွက်သည် အကြီးဆုံးဖြစ်ပြီး ပဲခူးမြို့ဆိုင်ကယ် ဈေးကွက်အတွင်းသို့ တရုတ်ဆိုင်ကယ်များကို မန္တလေး၊ မူဆယ်ဘက်မှ တင်သွင်းလျက်ရှိကြောင်း သိရသည်။

ထိုင်းဆိုင်ကယ်၊ ဗီယက်နမ်ဆိုင်ကယ်နှင့် အိန္ဒိယဆိုင်ကယ်များကို မြဝတီ၊ မဲဆောက်ဘက်မှ တင်သွင်းလျက်ရှိ ပြီး တရုတ်ဆိုင်ကယ်အနိမ့်ဘီးများသည် ကျပ်သုံးသိန်းဝန်းကျင်၊ အမြင့်ဘီးများမှာ ခြောက်သိန်းဝန်းကျင်နှင့် ထိုင်းဆိုင်ကယ်၊ ဗီယက်နမ်ဆိုင်ကယ်နှင့် အိန္ဒိယဆိုင်ကယ်များမှာ မော်ဒယ်အလိုက်ဈေးကွာခြားပြီး အနည်းဆုံး ကျပ်ဆယ်သိန်းမှ အများဆုံး ကျပ်သိန်းသုံးဆယ်အထိ ပေါက်ဈေးရှိကြောင်း သိရသည်။

Check Also

မွန်အခြေခံမဲဆန္ဒရှင်စာရင်းအပေါ်စိတ်ဝင်စားသူနည်းပါး၍ ပညာပေးလုပ်ငန်းများ ထပ်မံ လုပ်ဆောင်မည်

ချိုမာအောင် (မြစ်မခ) ၂၀၁၅ ရွေးကောက်ပွဲအတွက် မွန်ပြည်နယ်၏ ခြေခံမဲစာရင်းများကို ရပ်/ကျေးကော်မရှင်ရုံးခွဲများတွင် ကပ်ထားသော်လည်း လာရောက်ကြည့်ရှုသူနည်းပါးနေခြင်းကြောင့် ရွေးကောက်ပွဲကော်မရှင်မှ ပညာပေး လုပ်ငန်းများကို ထပ်မံလုပ်ဆောင်သွားမည်ဖြစ်ကြောင်း မွန်ပြည်နယ် ရွေးကောက်ပွဲ …