Saturday , May 27 2017
Home / FNews / ပြင်ဦးလွင်မြို့အနီးဝန်းကျင်ရှိ မြေကွက်များအား လုပ်ငန်းရှင်များမှ စိတ်ဝင်စားမှုမြင့်တက်

ပြင်ဦးလွင်မြို့အနီးဝန်းကျင်ရှိ မြေကွက်များအား လုပ်ငန်းရှင်များမှ စိတ်ဝင်စားမှုမြင့်တက်

မင်းခန့် (မြစ်မခ)

မန္တလေး၊ ဧပြီ (၂၆)ရက်။

၂၀၁၇ သင်္ကြန်ကာလအပြီး နောက်ပိုင်းတွင် ပြင်ဦးလွင်မြို့အတွင်းရှိ ကျေးရွာများရှိ မြေကွက်များကို လုပ်ငန်းရှင်များမှ စိတ်ဝင်တစားဝယ်ယူမှုများရှိနေကြောင်း ပြင်ဦးလွင်မြို့ အိမ်ခြံမြေအကျိုးဆောင်များထံမှ  သိရှိရသည်။

လက်ရှိ ပြင်ဦးလွင်မြို့ပေါ်အနီးဝန်းကျင် ကျေးရွာများရှိ မြေကွက်များ အရောင်းအဝယ်အများဆုံး ဖြစ်နေပြီး စီးပွားရေးလုပ်ကိုင်လိုသူများအနေဖြင့် မြေဧကအလိုက် ၀ယ်ယူရန် စိတ်ဝင်မှုများရှိနေကြောင်း ဒေသတွင်း အိမ်ခြံမြေအရောင်းအဝယ်လုပ်ကိုင်သူများထံမှ သိရသည်။

“အရင်က ထက်စာရင်တော့ မြေ အရောင်းအဝယ်ကိစ္စ တွေလာပြီး မေးကြတယ်။ ဈေးနှုန်း အဆင်ပြေရင်လည်း အရောင်းအဝယ်တစ်ခါတည်း ဖြစ်တာမျိုး ရှိတယ်။ မြေဈေးကွက်က အေးသွားတာ ၂ နှစ်ရှိပြီ။ အခုဒီနှစ် ဧပြီ လလောက်မှ စပြီး မြေကွက်မေးတဲ့ သူတွေ ရှိလာတယ်။ ကျွန်မတို့ ဒီမြို့မှာက ပြင်ဦးလွင်အနီးဝန်းကျင်က ရွာမြေပိုင်၊ မြေကွက်တွေသာ အဓိကထားပြီး အရောင်း အဝယ်လုပ်နေရတယ်။”ဟု ပြင်ဦးလွင်မြို့မှ အိမ်ခြံမြေ လုပ်ငန်းလုပ်ကိုင်သည့် မလွမ်းဝေက ပြောသည်။

ပြင်ဦးမြို့နယ်အတွင်းရှိ ကျေးရွာများမှ မြေလွတ်မြေရိုင်းဝယ်ယူရန် စိတ်ဝင်တစားသဖြင့် မေးမြန်းမှုများလည်း ရှိနေကြောင်း သိရသည်။

“ဒီနှစ်မှာက မြေအရောင်းအဝယ် မဆိုးဘူးလို့ ပြောလို့ရတယ်။ အရောင်းအဝယ် မကောင်းဘူးဆိုပေမယ့် ပုံမှန်လေးတော့ ဖြစ်တာပေါ့။ ဒါကလည်း စီးပွားရေး လုပ်ကိုင်တဲ့သူ အများစုကသာ စိတ်ဝင်စားပြီး ဝယ်ကြတယ်။ မြို့ပေါ်က မြေကွက်တွေကတော့ ကြိုက်ရောင်းကြိုက်ဝယ်လောက်ပဲ အလုပ်ဖြစ်တယ်။  မြေဈေးကွက်လေးတွေ ပြန်ပြီးကောင်းလာမှ အဆင်ပြေတာပေါ့ဗျာ။”ဟု ပြင်ဦးလွင်မြို့နယ်ရှိ ကမ္ဘာမြေအောင် အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းမှ ဦးထွန်းနိုင်က ပြောသည်။

ပြင်ဦးလွင်အိမ်ခြံမြေဈေးကွက်အတွင်း မြို့သစ်အပိုင်းရှိ မြေဈေးနှုန်းများမှာ ယခင်က မြေဈေး ပေ ၄၀ × ၆၀ တစ်ကွက်ကို ကျပ်သိန်း(၂၀၀၀)ဝန်းကျင်ထိ ရှိခဲ့သော်လည်း လက်ရှိ ကျပ်သိန်း(၁၅၀၀)ခန့်အထိ ကျဆင်းသွား ကြောင်း သိရသည်။

ကျေးရွာများမှ ဧကအကွက်များသည် အကျယ်အဝန်းပေါ် မူတည်ပြီး  ကျပ်သိန်း(၁၀၀၀)မှ ကျပ်သိန်း (၃၀၀၀)ဝန်းကျင်အထိ ပေါက်ဈေးရှိပြီး ပြင်ဦးလွင်-လားရှိုးလမ်းဘေးရှိ ရပ်ကွက်ကြီးများကို ယခင်က လုပ်ငန်းရှင်များ စိတ်ဝင်စားမှုရှိသော်လည်း လက်ရှိတွင် ဧကအကွက်များသာ ဝယ်ယူမေးမြန်းမှုများသာ ရှိနေကြောင်း သိရသည်။

 

Check Also

မော်လမြိုင်ကျွန်းမြို့နယ်တွင် ဓနိဈေးများ ထက်ဝက်နီးပါးမြင့်တက်

ကျော်ထက်လင်း (မြစ်မခ) မော်လမြိုင်ကျွန်း၊ မေ ၂၅ ရက်။ ဧရာဝတီတိုင်းဒေသကြီး၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် မိုးဦးကာလ အိမ်ပြုပြင်သူများလာသဖြင့် မေလတတိယ အပါတ်မှ စတင်၍ ဓနိဈေးများမှာ ယခင်နှစ်ဈေးနှုန်းထက် …