Wednesday , November 29 2017
Home / သတင်း / ဒေသတွင်းသတင်း / ဘုတ်ဖိုး မတတ်နိုင်၍ မဲစာရင်းမကပ်မှု ရေကြည်-ညောင်ပင်ကျေးရွာအုပ်စု၌ဖြစ်ပွား

ဘုတ်ဖိုး မတတ်နိုင်၍ မဲစာရင်းမကပ်မှု ရေကြည်-ညောင်ပင်ကျေးရွာအုပ်စု၌ဖြစ်ပွား

ကိုဖြိုး(မြစ်မခ)

မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် ရေကြည်- ညောင်ပင်ကျေးရွာအုပ်စုအတွင်း မဲစာရင်းများ ကပ်ထားခြင်း မရှိသည့်အတွက် ဒေသခံများမဲစာရင်းစစ်ရန် အခက်အခဲကြုံနေရကြောင်း ရေကြည်- ညောင်ပင် ကျေးရွာ ဒေသခံများထံမှ သိရှိရသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မဲဆန္ဒရှင်စာရင်းများကို တစ်နိုင်ငံလုံးတွင် စက်တင်ဘာ (၁၄)ရက်မှ (၂၇) ရက်အထိ ထုတ်ပြန်ခြင်းဖြစ်သော်လည်း ရေကြည် – ညောင်ပင်ကျေးရွာတွင် အောက်တိုဘာ(၇) ရက်အထိ မဲစာရင်းကပ်ပေးခြင်းမရှိကြောင်း ဒေသခံများထံမှ သိရသည်။

“ညောင်ပင်ကျေးရွာမှာ ကပ်ထားတာတော့ တွေ့တယ်။ ရေကြည်ကျေးရွာကို မကပ်သေးဘူး။ မဲပေးချင်လို့ မဲစာရင်းကြည့်ချင်ပါတယ်ပြောတော့ black board ဖိုးမရှိလို့ မကပ်နိုင်တာ။ ရုံးထဲမှ အပုံလိုက် သိမ်းထားတယ် ပြောတယ်။” ဟု ရေကြည်ကျေးရွာဒေသခံ ဦးမြင့်အောင်က ဆိုသည်။

ရေကြည်ရွာတွင် မဲပေးနိုင်သူစာရင်း (၁၈၀၂) ဦးနှင့် ညောင်ပင်ရွာတွင် (၄၄၂) ဦး ရှိကြောင်း ပုသိမ်ကြီး မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့မှ သိရသည်။

“ ကျွန်တော်တို့တွေက မဲစာရင်းကပ်ဖို့နေ့မတိုင်ခင်ကတည်းက သက်ဆိုင်ရာကျေးရွာတွေဆီကို မဲစာရင်းတွေ ပို့ထားပါတယ်။ ကျွန်တော်တို့ ဆီကိုလည်း သူတို့ကျေးရွာတွေမှာ ကပ်ထားပါတယ်လို report တွေလည်း လာပါတယ်။ မဲစာရင်းကပ်ဖို့ အတွက်ကိုလည်း ရပ်ကျေးအလိုက် ကော်မရှင်တွေကို ဘတ်ဂျက်အနေနဲ့ ကျပ် သုံးသောင်းစီချထားပေးပြီး ဖြစ်ပါတယ်။ အခု ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော်ခေါ်တွေ့ပြီးတော့ အဆင်ပြေအောင် လုပ်ပေးမှာပါ။” ဟု မြို့ရွေးကောက်ပွဲကော်မရှင် ဦးစီးအရာရှိ ဦးဝင်းနိုင်က ပြောသည်။

ပုသိမ်ကြီးမြို့နယ်အတွင်း မဲရုံပေါင်း (၁၃၆) ရုံ၊ လက်ရှိစာရင်းများအရ မဲပေးနိုင်သူ (၁၄၁၄၉၂) ယောက်ရှိ ကြောင်း မြို့နယ်ကော်မရှင်အဖွဲ့မှ သိရသည်။

“ကပ်ပေးမှာပါ။ ရှိပါတယ်။ လာမကြည့်ကြလို့ မကပ်တာပါ။ အခုညနေ သွားကပ်ပေးမှာပါ” ဟု ရေကြည်ညောင်ပင် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးး ဦးဆန်းဝင်းက ပြောသည်။

 

Check Also

ဝါသနာရှင်များ စုဆောင်းထားသည့် ကားပုံစံငယ်များ ပြပွဲ (၂)ရက်တာကျင်းပမည်

  မြစ်မခ ရန်ကုန်၊ နိုဝင်ဘာ ၂၁ ရက်။ မြန်မာနိုင်ငံမှ ကားဝါသနာရှင်များ စုဆောင်းထားသည့် ကားပုံစံငယ် (Diecast Scale Model)များကို အများပြည်သူ လေ့လာနိုင်စေရန် …