Monday , December 18 2017
Home / FNews / တောင်မြေပြိုကျမှုဒဏ်သင့် ဒုက္ခသည်ကလေးများ နေ့ကလေးထိန်းကျောင်းအတွက် အကူအညီလိုအပ်နေ

တောင်မြေပြိုကျမှုဒဏ်သင့် ဒုက္ခသည်ကလေးများ နေ့ကလေးထိန်းကျောင်းအတွက် အကူအညီလိုအပ်နေ

ဝင်းဇော်နိုင် (မြစ်မခ)

 

ချင်းပြည်နယ် တီးတိန်မြို့နယ်တွင် တောင်မြေပြိုမှုကြောင့် ရွေ့ပြောင်းနေထိုင်ရသည့် ဒုက္ခသည် ကလေးငယ်များအတွက် ရည်ရွယ်ဖွင့်လှစ်သည့် သဘာဝဘေးအန္တရာယ်သင့် ကလေးများ နေပျော်ရာရိပ်မြုံ၌ အကူအညီများ လိုအပ်လျှက်ရှိကြောင်း Tedim Youth Fellowship အဖွဲ့မှ သိရသည်။

တီးတိန်မြို့နယ်နယ်တွင်  မိုးရွှာသွန်းမှုများသောကြောင့် တောင်မြေများမှာ သြဂုတ်လနှင့် စက်တင်ဘာလတွင် ပြိုကြမှုကြောင့် ကဂင်ကျေးရွာ၊ ဝေါလ်မွာလ်ကျေးရွာ၊ ထင်ဇန်ကျေးရွာစသည့် ကျေးရွာများမှာ တီးတိန်မြို့ပေါ်သို့ ရွာလုံးကျွတ်ပြောင်းရွေ့ပေးခဲ့ရကြောင်းနှင့် ၄င်းတို့မှာ လက်ရှိတွင် တီးတိန်မြို့ပေါ်ရှိ စကောလာမ်းနှစ်ခြင်း အသင်းတော်နှင့် ကမ်းဟောက်ခန်းမတွင်နေထိုင်ကြောင်းကိုလည်း သိရသည်။ 

“အသက် ၃နှစ်ကနေ ၅ နှစ်တွင်းကလေးတွေကို  စာသင်ပေးမယ်၊ ထမင်းကျွေးတယ်စသဖြင့်ပေါ့ နေ့ပိုင်း လုပ်ဆောင်ပေးတယ်၊ မနက်ဆိုရင် မိဘတွေက လာပို့ပေးတယ်၊ လိုအပ်ချက်တွေကတော့ ရှိတာပေါ့၊ ကလေးတွေကို ဆင်တူဝတ်စုံလေးတွေ လုပ်ပေးချင်တယ် ၊ နေ့လည်ပိုင်း အိပ်တဲ့အခါမှာသုံးတဲ့  ခုံတွေ လိုအပ်ပါတယ် ၊ နေ့ထမင်းကျွေးဖို့အတွက်လည်း အလှူရှင်ရှိရင်တော့ ဒီထက် ကောင်းအောင် ကျွေးချင်တာပေါ့ ”  ဟု Tedim Youth Fellowship အဖွဲ့မှ ဥက္ကဌ ဦးနုံရှင်းတွောင်က ပြောသည်။

သဘာဝဘေးအန္တရာယ်သင့် ကလေးများ နေပျော်ရာရိပ်မြုံတွင် ကျောင်းသား ၃၀ ဝန်းကျင်ရှိပြီး၊ ကျောင်းဆရာမ ၂ ဦးနှင့် စာသင်ပေးနေကြောင်း၊ ကျောင်းသားများအား နံနက် ၉ နာရီမှ ညနေ ၃ နာရီအတွင်း စာသင်ပေးခြင်း၊ ကစားခြင်း၊ မုန့်စားခြင်း၊ ထမင်းစားခြင်း၊ ဘုရာဝတ်ပြုခြင်းစသည့်တို့ပြုလုပ်လျက်ရှိကြောင်းကိုလည်း သိရသည်။

“ ကျောင်းဖွင့်စကတော့ ကလေးတွေ သိပ်မပျော်ဘူး၊ နောက်ပြီးတော့ ကလေးတွေ ပျော်လာတယ်၊ ကျောင်းမှာ က ကလေးတွေကို စိတ်ဓာတ်မကြအောင်ပေါ့၊ သူတို့ကြုံခဲ့ရတာက အရမ်းကြမ်းတမ်းလွန်းတယ်၊ နောက်ပြီး တော့ အခုလို ကျောင်းဖွင့်ထားတော့ သူတို့ မိဘတွေအနေနဲ့လည်း အလုပ်ကို ပုံမှန်လုပ်လို့ရတာပေါ့ ” ဟု သဘာဝဘေးအန္တရာယ်သင့်ကလေးများနေပျော်ရာရိပ်မြုံမှ ဆရာမ ဒေါ်မန်းခေါင်ကျိန်က ပြောသည်။

ယခုလိုကျောင်းဖွင့်ထားသည့်အတွက် ဒုက္ခသည်စခန်းမှနေပိုင်းကြုံတွေ့ရမည့် အခက်အခဲတစ်စိတ်တစ်ဒေသကို ကျော်လွှားနိုင်မည်ဖြစ်ကြောင်း၊ ပြောင်းရွေ့လာရသော်လည်း တီးတိန်မြို့ပေါ်မှ ကလေးများနှင့်အတူ ပညာရေး၊ လူမှုရေးစသည်တို့ တန်းတူဖြစ်စေရန် ရွည်ရွယ်၍ ဖွင့်လှစ်ထားခြင်းဖြစ်ကြောင်း Tedim Youth Fellowship အဖွဲ့မှ တွဲဘက်အတွင်းရေးမှူး ကိုမုန်နိုးက ပြောသည်။

“ကျွန်တော်တို့ အခုလို ဖွင့်ထားတဲ့အတွက် ကျောင်းသားလေးတွေရဲ့ စိတ်ထဲမှာ သိမ်ငယ်စိတ်တွေ ပျောက် သွားမယ်၊ သူတို့မိဘတွေအနေနဲ့လည်း အလုပ်ပိုလုပ်နိုင်မယ်၊ မြို့ပေါ်က ကလေးတွေလိုပဲ သူတို့ အသိတွေ အတူဖြစ်လာမယ်လို့ ယုံကြည်ထားပါတယ် ” ဟု ၄င်းကပြောသည်။

တောင်မြေပြိုမှုကြောင့် ဒုက္ခသည်အဖြစ် တီးတိန်မြို့သို့ ရောက်ရှိနေသည့် မိသားစုများမှ ကလေးများကို သဘာဝဘေးအန္တရာယ်သင့်ကလေးများနေပျော်ရာရိပ်မြုံမှ ၄ လအထိ ကျောင်းဖွင့်ရန် ရည်ရွယ်ထားကြောင်း၊ လတ်တလောတွင် ရေဘေးဒုက္ခသည်များအတွက် လှူဒါန်းထားသည်များထဲမှ ထုတ်နုတ်၍ကျောင်းစားရိတ် သုံးစွဲနေကြောင်း သိရသည်။

 

Check Also

လားရှိုးမြို့တွင် စစ်ဘေးရှောင်များထဲမှ မိဘမဲ့ကလေးသူငယ်များအား ပြုစုပျိုးထောင်ပေးသွားရန် ဂေဟာတစ်ခုတည်ဆောက်သွားမည်

  ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် စစ်ဘေးရှောင်များထဲမှ မိဘမဲ့ကလေးသူငယ်များအား ပြုစု ပျိုးထောင်ပေးသွားရန် ဂေဟာတစ်ခုတည်ဆောက်သွားမည်ဖြစ်ကြောင်း ဖြစ်မြောက်ရေးကော်မတီထံ မှ သိရှိရသည်။ “စစ်ဘေးသင့်ပြည်သူတွေထဲကမှ လုံးဝမိဘမဲ့ကလေးသူငယ်တွေအတွက် ပြုပြင်ပျိုးထောင်ရေး ဂေဟာ တည်ဆောက်သွားဖို့ …