Thursday , October 18 2018
Home / FNews / ကျိုက်ထီးရိုးတောင်ပေါ်တွင် စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်သူများအား ငွေဒဏ်နှင့် ဆိုင်ပိတ်သိမ်းသည်အထိ အရေးယူမည်

ကျိုက်ထီးရိုးတောင်ပေါ်တွင် စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်သူများအား ငွေဒဏ်နှင့် ဆိုင်ပိတ်သိမ်းသည်အထိ အရေးယူမည်

 

အောင်မြင့်ထွန်း (မြစ်မခ)

သထုံ၊ ဒီဇင်ဘာ ၂၁ ရက်။

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ကျိုက်ထီးရိုးတောင်ပေါ်တွင် စည်းကမ်းမဲ့အမှိုက်စွန့်ပစ်သူများအား ပညာပေး စည်းရုံးပြီးပါက ဒဏ်ငွေဆောင်ခိုင်းခြင်း၊ ဆိုင်ပိတ်သိမ်းသည်အထိအရေးယူခြင်းများ ပြုလုပ်သွားမည် ဖြစ်ကြောင်း ကျိုက်ထီးရိုးစေတီတော် ဂေါပကအဖွဲ့မှ သိရှိရသည်။

ကျိုက်ထီးရိုးတောင်ပေါ်ရှိ နေ့စဉ်ထွက်ရှိသော အမှိုက်များအား စနစ်တကျစွန့်ပစ်နိုင်ရေး မုဆိုးတောင်၌ နေရာ သတ်မှတ်ပေးထားသော်လည်း စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုများရှိနေခြင်းကြောင့် ပညာပေးစည်းရုံးရေးများ လုပ်ဆောင်ရန်စီစဉ်နေကြောင်း ကျိုက်ထီးရိုးစေတီတော် ဂေါပကအဖွဲ့ဝင် ဦးစိုးနောင်ဦးက ပြောသည်။

“ကျွန်တော်တို့ ဂေါပကအဖွဲ့ တာဝန်ယူပြီးတဲ့နောက်ပိုင်းမှာ ဈေးတန်းပတ်ဝန်းကျင်မှာ နေရာလေးသတ်မှတ်ပြီး အမှိုက်တွေကို စွန့်ပစ်ဖို့လုပ်သေးတယ်။ ဒါပေမဲ့ ဒီဇင်ဘာလို ဘုရားဖူးများတဲ့ကာလတွေမှာဆို အမှိုက်ထွက်တာ လည်းများတော့ အမှိုက်ကထွက်တဲ့အနံတွေက ရင်ပြင်တော်ပေါ်ထိရောက်လို့ မခံနိုင်ဘူး။ ဒါကြောင့် ရင်ပြင်နဲ့ အလှမ်းဝေးတဲ့ မုဆိုးတောင်ဘက်ကို ပြောင်းရွှေ့စွန့်ပစ်ဖို့သတ်မှတ်လိုက်တယ်။ လက်ရှိမှာ ပညာပေးကာလ မသတ်မှတ်ရသေးဘူး။”ဟု ဦးစိုးနောင်ဦးက ပြောသည်။

ကျိုက်ထီးရိုးတောင်တော်ပေါ်ရှိ ဈေးဆိုင်ခန်းများမှထွက်ရှိသောအမှိုက်များ၊ ဘုရားဖူးလာပြည်သူများထံမှ စွန့်ပစ် သောအမှိုက်များကြောင့် တောင်ဝန်းကျင်တွင် အမှိုက်များပြန့်ကျဲနေပြီး အနံအသက်မကောင်းခြင်းကြောင့် ဘုရားဖူးလာပြည်သူများ စိတ်အနှောင့်အယှက်ဖြစ်ရသဖြင့် အမှိုက်များစနစ်တကျစွန့်ပစ်နိုင်ရန် နေရာသတ်မှတ် ပေးထားခြင်းဖြစ်ကြောင်း သိရသည်။

မုဆိုးတောင်၌ စနစ်တကျအမှိုက်စွန့်ပစ်နိုင်ရေး ဈေးကော်မတီမှတဆင့် တောင်ပေါ်ရှိဈေးဆိုင်တန်းပိုင်ရှင်များထံ နှိုးဆော်မှုများ ပြုလုပ်ထားပြီး အခါအားလျော်စွာ ကြပ်မတ်စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။

“နေရာကိုလည်း ယာယီသတ်မှတ်ထားပါတယ်။ အမှန်တကယ် အမှိုက်တွေကို စနစ်တကျစက်တွေနဲ့ ဖျက်ဆီး နိုင်မယ့်နေ့ရောက်လာရင်တော့ အနေထားတစ်မျိုးပြောင်းသွားမှာပါ။ လက်ရှိအချိန်ထိ သတ်မှတ်နေရာမှာ စနစ် တကျစွန့်ပစ်တဲ့လူရှိသလို အလွယ်တကူပစ်နေတဲ့သူတွေလည်းရှိနေသေးတယ်။ အဲဒီလို စည်းကမ်းမဲ့အမှိုက်ပစ် တဲ့သူတွေကိုတွေ့ရှိပေမယ့်လည်း စည်းရုံးမှုအနေနဲ့ပညာပေးနေရတုန်းပဲ။”ဟု ဦးစိုးနောင်ဦးကပြောသည်။

ကျိုက်ထီးရိုးဘုရားရင်ပြင်တော်ပေါ်၌ ဘူရားဖူးများ အမှိုက်စနစ်တကျစွန့်ပစ်နိုင်ရေး အမှိုက်ပုံး(၅၀)လုံးဝန်းကျင် ထားရှိပေးထားပြီး ပုံမှန်ရက်များတွင် တစ်နေ့လျှင်(၂)ကြိမ်၊ ရုံးပိတ်ရက်များနှင့် ဘုရားဖူးအလာများသောရက် များတွင် တစ်နေ့လျှင်(၅)ကြိမ်ခန့်သိမ်းဆည်းနေရကြောင်း သိရသည်။

“ဂေါပကအဖွဲ့ကတော့ အမှိုက်ကိစ္စနဲ့ ပတ်သက်ပြီး မုဆိုးတောင်ဘက်မှာ စနစ်တကျစွန့်ပစ်ဖို့ အစည်းအဝေးလုပ် ပြီး ခေါ်ပြောတာတော့ရှိတယ်။ ကျွန်မတို့ ဆိုင်ကထွက်တဲ့အမှိုက်တော့အဲဒီဘက်မှာပဲသွားပစ်တယ်။ တောင်ပေါ် မှာက ဆိုင်တွေအများကြီး၊ လူအများကြီးဆိုတော့ အလွယ်တကူစွန့်ပစ်တဲ့သူလည်းရှိနိုင်တာပဲလေ။ ဒါကိုတော့ ကျွန်မတို့ မသိပါဘူး။”ဟု မြတ်ထိပ်စံ ထမင်းဆိုင်မှ ဒေါ်တင်တင်အေးက ပြောသည်။

ကျိုက်ထီးရိုးတောင်ပေါ်မှထွက်ရှိသော အမှိုက်များအား စနစ်တကျဖျက်ဆီးပြီး ပြန်လည်အသုံးပြုနိုင်သော စက်ရုံများတည်ဆောက်ရန် လာရောက်လေ့လာနေသော အဖွဲ့(၃)ဖွဲ့ခန့်ရှိပြီး ၎င်းအဖွဲ့များ၏ လုပ်ဆောင်ချက်ပေါ် မူတည်၍ အမှိုက်ဖျက်သိမ်းသည့် စနစ်ကောင်းများ ပေါ်ပေါက်လာနိုင်ကြောင်း သိရသည်။

Check Also

Huawei P20 နှင့် P20 Pro ကို ဇွန် ၃ ရက်မှ စတင်ကာ မြန်မာနိုင်ငံတွင် ဝယ်ယူနိုင်ပြီ

  ယမုံ (မြစ်မခ) ရန်ကုန်၊ ဇွန် ၄ ရက်။ ကမ္ဘာ့ပထမဆုံး Leica ကင်မရာသုံးလုံးပါ စမတ်ဖုန်းမှ အသိဥာဏ်တုစွမ်းဆောင်ရည်နည်းပညာ(AI) ပါဝင်သည့် နာမည်ကျော် Flagship …