Monday , November 27 2017
Home / FNews / ပုသိမ်မြို့တွင် ဂျပန်ဦးနှောက်ရောင်ရောဂါကာကွယ်ဆေးထိုးအပြီး (၄)တန်းကျောင်းသူတစ်ဦးသေဆုံး

ပုသိမ်မြို့တွင် ဂျပန်ဦးနှောက်ရောင်ရောဂါကာကွယ်ဆေးထိုးအပြီး (၄)တန်းကျောင်းသူတစ်ဦးသေဆုံး

 

မျိုးမင်းထွန်း (မြစ်မခ)

ပုသိမ်၊ နိုဝင်ဘာ ၂၂ ရက်။

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၌ (၄)တန်းကျောင်းသူတစ်ဦး ဂျပန်ဦးနှောက်ရောင်ရောဂါကာကွယ် ဆေးထိုးပြီးနောက် မူးဝေအော့အန်ကာ နိုဝင်ဘာ ၂၁ ရက်က သေဆုံးသွားခဲ့ကြောင်း မိသားစုဝင်များထံမှ သိရှိရသည်။

ပုသိမ်မြို့ရှိ အ.ထ.က တက္ကသိုလ်တွင် ပညာသင်ကြားနေသည့် (၄)တန်းကျောင်းသူ မရှင်းသန့်ဝေသည်
နိုဝင်ဘာ ၂၀ ရက်နေ့က ဂျပန်ဦးနှောက်ရောင်ရောဂါကာကွယ်ဆေးထိုးအပြီးမကြာမီ ခေါင်းမူး၍ ကိုယ်ပူ လာသဖြင့် အတန်းပိုင်ဆရာမက မိဘများကို ဖုန်းဆက်ခေါ်ကာ ကျောင်းမှ အိမ်သို့ပြန်ခေါ်စေခဲ့ကြောင်း သိရသည်။

အိမ်ရောက်ပြီးနောက် ည(၇)နာရီမှ စတင်ကာ  တစ်ညလုံး အဝါရောင်အရည်များ အော့အန်နေခဲ့ပြီး နိုဝင်ဘာ ၂၁ ရက်တွင် သွေးပေါင်များ တအားကျနေသဖြင့် ဆေးရုံတက်ခဲ့ရကြောင်း မိသားစုဝင်များထံမှ သိရသည်။

“ဆေးရုံရောက်တော့ ခြေဖျားလက်ဖျားတွေ တအားအေးနေတယ်။ ဆေးရုံကကုပေးနေရင်း ညနေမှာ (၂)ခါ လောက်တက်ပြီး နောက်ဆုံးတစ်ခါထပ်တက်ပြီး သတိပြန်မလည်တော့တာ”ဟု (၄)တန်းကျောင်းသူ၏မိခင်
ဒေါ်မူမူမြင့်က ပြောသည်။

သေဆုံးသူကလေးငယ်အား ပုသိမ်ပြည်သူ့ဆေးရုံကြီးက နိုဝင်ဘာ ၂၂ ရက်တွင် ဂျပန်ဦးနှောက်ရောင်ရောဂါကာ ကွယ်ဆေးကြောင့် သေဆုံးခြင်းဟုတ်၊ မဟုတ်  စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း တိုးချဲ့ကာကွယ်ဆေးထိုး
လုပ်ငန်း တာဝန်ရှိသူများထံမှ သိရသည်။

“ဆေးမထိုးခင် မိဘတွေအနေနဲ့လည်း တိုးချဲ့ကာကွယ်ဆေးလုပ်ငန်းကနေထုတ်ပြန်ထားတဲ့ ညွန်ကြားချက်တွေ ကို လေ့လာထားစေချင်ပါတယ်။ အကယ်၍ ကလေးက ဆေးတစ်ခုခုသောက်နေရတယ်။ ရောဂါအခံတစ်ခုရှိနေ ရင် အရင်ဆုံး ဆရာဝန်နဲ့တိုင်ပင်ပြီး ထိုးသင့်၊ မထိုးသင့် အကြံဥာဏ်တောင်းသင့်တယ်။ ဆေးမထိုးခင်ရက်တွေ မှာလည်း ရောဂါတစ်ခုခုခံစားနေရမယ်၊ ဆေးထိုးမယ့်ရက်မှာလည်း ကလေးကမအီမသာဖြစ်ပြီး စိတ်ထဲမသင်္ကာ ဖြစ်ရင် ဆရာဝန်နဲ့တိုင်ပင်ပါ။ ဒါမှမဟုတ် ရက်ရွေ့ထိုးသင့်တယ်။”ဟု ပုသိမ်ဆေးရုံမှ ကလေးအထူးကုဆရာဝန် ကြီး ဒေါက်တာ သူရဇော်က ပြောသည်။

ဧရာဝတီတိုင်းဒေသကြီး၊ သာပေါင်းမြို့နယ်၊ ကညင်ချောင်းရွာတွင်လည်း ပထမတန်းကျောင်းသားတစ်ဦးသည် နိုဝင်ဘာ ၁၆ ရက်က ဂျပန်ဦးနှောက်ရောင်ရောဂါကာကွယ်ဆေးထိုးအပြီး နေမကောင်းဖြစ်ကာ (၃)ရက်အ ကြာတွင် သေဆုံးမှုတစ်ခုဖြစ်ပွားခဲ့သော်လည်း ရွာများကို ဖြတ်ကျော်သယ်ဆောင်ရမည့် အခက်အခဲများကြောင့် ဂျပန်ဦးနှောက်ရောင်ရောဂါကာကွယ်ဆေးကြောင့် သေဆုံးခြင်းဟုတ်၊ မဟုတ် မစစ်ဆေးနိုင်ခဲ့ကြောင်း တိုးချဲ့ ကာကွယ်ဆေးထိုးလုပ်ငန်းတာဝန်ရှိသူများထံမှ သိရသည်။

ပုသိမ်မြို့နယ်အတွင်း ကျောင်းအခြေပြု ဂျပန်ဦးနှောက်ရောင်ရောဂါကာကွယ်ရေးလုပ်ငန်းများကို မြို့နယ်
အတွင်းရှိ အခြေခံပညာကျောင်းပေါင်း(၂၆၅)ကျောင်းရှိ ကျောင်းသား၊ ကျောင်းသူ(၅၇၅၉၄)ဦးကို နိုဝင်ဘာ ၁၅ ရက်မှ စတင်ထိုးနှံပေးနေခြင်းဖြစ်ကြောင်း ပုသိမ်မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

Check Also

ဝါသနာရှင်များ စုဆောင်းထားသည့် ကားပုံစံငယ်များ ပြပွဲ (၂)ရက်တာကျင်းပမည်

  မြစ်မခ ရန်ကုန်၊ နိုဝင်ဘာ ၂၁ ရက်။ မြန်မာနိုင်ငံမှ ကားဝါသနာရှင်များ စုဆောင်းထားသည့် ကားပုံစံငယ် (Diecast Scale Model)များကို အများပြည်သူ လေ့လာနိုင်စေရန် …