Monday , November 27 2017
Home / FNews / ဝါသနာရှင်များ စုဆောင်းထားသည့် ကားပုံစံငယ်များ ပြပွဲ (၂)ရက်တာကျင်းပမည်

ဝါသနာရှင်များ စုဆောင်းထားသည့် ကားပုံစံငယ်များ ပြပွဲ (၂)ရက်တာကျင်းပမည်

 

မြစ်မခ

ရန်ကုန်၊ နိုဝင်ဘာ ၂၁ ရက်။

မြန်မာနိုင်ငံမှ ကားဝါသနာရှင်များ စုဆောင်းထားသည့် ကားပုံစံငယ် (Diecast Scale Model)များကို အများပြည်သူ လေ့လာနိုင်စေရန် ပြပွဲပြုလုပ်၍ ခင်းကျင်းပြသသွားမည်ဖြစ်ကြောင်း Myanmar Diecast Collectors အဖွဲ့ထံမှ သိရှိရသည်။

အဆိုပါကားပုံစံငယ်များကို ရန်ကုန်မြို့၊ အထက်ပုဇွန်တောင်လမ်းမပေါ်ရှိ Thuwunna Bhumi Event Park ၌ နိုဝင်ဘာ ၂၅ ရက်နှင့် ၂၆ ရက်တို့တွင် ပြုလုပ်မည့် မော်တော်ယာဉ်အရောင်းပြပွဲ (Cars DB Auto Show 2017)တွင် ပြသသွားမည်ဖြစ်ကြောင်း သိရသည်။

“ပြသရတဲ့ ရည်ရွယ်ချက်ကတော့ diecast ဆိုတာကို တချို့တွေထင်သလို အရုပ်မဟုတ်ဘူးဆိုတာကို သိစေ ချင်တာရော၊ မြန်မာနိုင်ငံမှာလည်း တခြားနိုင်ငံတွေမှာလို ဝါသနာအရစုနေတဲ့သူတွေ ရှိနေတယ်ဆိုတာရောကို သိစေချင်လို့ပါ။ တခြားနိုင်ငံတွေမှာဆို သီးသန့်ပြပွဲတွေအနေနဲ့ ပြသနေကြပေမယ့် ဒီမှာတော့ ဝယ်ယူရမလွယ် တဲ့ အခက်အခဲတွေရော၊ စိတ်ဝင်စားတဲ့လူတွေ နည်းနေသေးတာရောကြောင့် သီးသန့်ပွဲလုပ်ဖို့ မလွယ်ကူနိုင် သေးပါဘူး။”ဟု Myanmar Diecast Collectors အဖွဲ့၏ Admin တစ်ဦးဖြစ်သူ ကိုထက်အောင်က ပြောသည်။

Diecast ကားဆိုသည်မှာ ကားအစစ်အချိုးအစား(Scale)နှင့် ပုံသဏ္ဍာန်အတိုင်း အရွယ်အစားချုံ့၍ သတ္ထု၊ ဒြပ် ပေါင်းများဖြင့် သွန်းလောင်း၍ ထုတ်လုပ်ထားသည့် ကားပုံစံငယ်များဖြစ်ကာ အဓိကအားဖြင့် ၁ အချိုး ၁၈ ၊ ၁ အချိုး ၄၃၊ ၁ အချိုး ၆၄ စသည့် အချိုးအစားအလိုက် ကားချစ်မြတ်နိုးသူများက ဝါသနာအရ စုဆောင်းကြခြင်း  ဖြစ်ကြောင်း သိရသည်။

Myanmar Diecast Collectors အဖွဲ့အနေဖြင့် ၎င်းတို့အဖွဲ့ဝင်များ စုဆောင်းထားသည့် Diecast ကားအစီးရေ (၂၅၀) ခန့်ကို ပြသသွားမည်ဖြစ်ပြီး Diecast များနှင့်ပတ်သက်၍ ကားဝါသနာရှင်များလေ့လာနိုင်စေရန် ရည် ရွယ်ပြသခြင်းဖြစ်ကာ ရောင်းချသွားမည်မဟုတ်ကြောင်း သိရသည်။

အဆိုပါ ကားပုံစံငယ်များမှာ အရွယ်အစား၊ အမျိုးအစား၊ တံဆိပ်အမျိုးမျိုးရှိပြီး ငွေကျပ် ၂၅၀၀ မှ စတင် သိန်းဂဏန်းအထိပေါက်ဈေးအမျိုးမျိုးရှိကြောင်း သိရသည်။

Check Also

ပုသိမ်မြို့တွင် ဂျပန်ဦးနှောက်ရောင်ရောဂါကာကွယ်ဆေးထိုးအပြီး (၄)တန်းကျောင်းသူတစ်ဦးသေဆုံး

  မျိုးမင်းထွန်း (မြစ်မခ) ပုသိမ်၊ နိုဝင်ဘာ ၂၂ ရက်။ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၌ (၄)တန်းကျောင်းသူတစ်ဦး ဂျပန်ဦးနှောက်ရောင်ရောဂါကာကွယ် ဆေးထိုးပြီးနောက် မူးဝေအော့အန်ကာ နိုဝင်ဘာ ၂၁ …