Monday , November 27 2017
Home / FNews / UEHRD ၏ ပုဂ္ဂလိကလုပ်ငန်းအဖွဲ့(၉)ဖွဲ့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် သွားရောက် တွေ့ဆုံမည်

UEHRD ၏ ပုဂ္ဂလိကလုပ်ငန်းအဖွဲ့(၉)ဖွဲ့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် သွားရောက် တွေ့ဆုံမည်

 

ယမုံ (မြစ်မခ)

ရန်ကုန်၊ နိုဝင်ဘာ ၁၀ ရက်။

ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုး ရေးစီမံကိန်း(UEHRD)၏ ပုဂ္ဂလိကလုပ်ငန်းအဖွဲ့(၉)ခုက ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် နိုဝင်ဘာ ၁၅ ရက်တွင် သွားရောက်တွေ့ဆုံကာ ရခိုင်ပြည်နယ်တွင် ပြန်လည်ထူထောင်ရေးကိစ္စများကို ညှိနှိုင်းသွားမည်ဖြစ်ကြောင်း UEHRD မှသိရသည်။

ယင်းသို့တွေ့ဆုံရာတွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့်အတူ ရခိုင်ပြည်နယ်ရှိလုပ်ငန်းရှင်များကိုပါ တွေ့ဆုံဆွေးနွေး သွားမည်ဖြစ်ပြီး UEHRD ညှိနှိုင်းရေးမှူးချုပ် ပါမောက္ခဒေါက်တာ အောင်ထွန်းသက်နှင့် တာဝန်ရှိသူများ၊ UMFCCI မှ တာဝန်ရှိသူများ သွားရောက်ကြမည်ဖြစ်ကြောင်း သိရသည်။

“ဒေသခံတွေရဲ့ လိုအပ်ချက်ကို ပုဂ္ဂလိကလုပ်ငန်းရှင်တွေ လုပ်ပေးနိုင်တာနဲ့ ပေါင်းစပ်လိုက်ရင် အကောင်းဆုံး ရလာဒ်တစ်ခုကို ရလာလိမ့်မယ်။”ဟု UEHRD ညှိနှိုင်းရေးမှူးချုပ် ပါမောက္ခဒေါက်တာ အောင်ထွန်းသက်ကပြော သည်။

UEHRD၏ လုပ်ငန်းအဖွဲ့(၉)ဖွဲ့မှာ (၁)ဆောက်လုပ်ရေးနှင့် အခြေခံအဆောက်အအုံတည်ဆောက်ရေးလုပ်ငန်းအ ဖွဲ့၊ (၂)စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းအဖွဲ့၊ (၃)စီးပွားရေးဇုန်များ ဖွံ့ဖြိုးရေးလုပ်ငန်းအဖွဲ့၊ (၄)ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးလုပ်ငန်းအဖွဲ့၊ (၅)အလုပ်အကိုင်ဖန်တီးရေးနှင့် အသက်မွေးဝမ်းကျောင်းသင်တန်းများ စီစဉ် ဖွင့်လှစ်ရေးလုပ်ငန်းအဖွဲ့၊ (၆)ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းအဖွဲ့၊ (၇)အသေးစားငွေကြေးထောက်ပံ့မှုလုပ် ငန်းအဖွဲ့၊ (၈)ဘဏ္ဍာငွေစုဆောင်းရေးလုပ်ငန်းအဖွဲ့၊ (၉)ခရီးသွားလုပ်ငန်းကဏ္ဍမြင့်တင်ရေးလုပ်ငန်းအဖွဲ့တို့ဖြစ် ကြောင်း သိရသည်။

“ရခိုင်ပြည်နယ် ဒေသဖွံ့ဖြိုးရေး မဟာဗျူဟာတွေကို ချမှတ်ပြီးသားဖြစ်တဲ့အတွက် UEHRD လုပ်ငန်းအဖွဲ့တွေ အနေနဲ့ မဟာဗျူဟာကို ရှင်းရှင်းလင်းလင်းနားလည်သိရှိပြီးတော့ လိုက်လျောညီထွေစွာ ဆက်စပ် ဆောင်ရွက် သွားနိုင်ဖို့  ရခိုင်ပြည်နယ်အစိုးရနဲ့ ဆွေးနွေးမှာဖြစ်ပါတယ်။”ဟု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှု၊ လက်မှု လုပ်ငန်းရှင်များ အသင်းချုပ်မှ အထွေထွေ အတွင်းရေးမှူးချုပ် ဦးအောင်ကြည်စိုးက ပြောသည်။

အဆိုပါ လုပ်ငန်းအဖွဲ့သည် ရခိုင်ပြည်နယ်တွင်ရှိသည့် မြို့နယ်(၁၇)မြို့နယ်မှ မောင်တော၊ ရသေ့တောင်၊ ဘူးသီး တောင်မြို့နယ်တို့တွင် အဓိက အကူညီပေးလျက်ရှိကြောင်း သိရသည်။

Check Also

ပုသိမ်မြို့တွင် ဂျပန်ဦးနှောက်ရောင်ရောဂါကာကွယ်ဆေးထိုးအပြီး (၄)တန်းကျောင်းသူတစ်ဦးသေဆုံး

  မျိုးမင်းထွန်း (မြစ်မခ) ပုသိမ်၊ နိုဝင်ဘာ ၂၂ ရက်။ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၌ (၄)တန်းကျောင်းသူတစ်ဦး ဂျပန်ဦးနှောက်ရောင်ရောဂါကာကွယ် ဆေးထိုးပြီးနောက် မူးဝေအော့အန်ကာ နိုဝင်ဘာ ၂၁ …