Friday , September 22 2017
Home / FNews / မင်းပြားမြို့နယ် ရန်ကုန်-စစ်တွေ အဝေးပြေးကားလမ်းဘေး၌ လက်လုပ်မိုင်း(၃)လုံး ပေါက်ကွဲမှုဖြစ်ပွား

မင်းပြားမြို့နယ် ရန်ကုန်-စစ်တွေ အဝေးပြေးကားလမ်းဘေး၌ လက်လုပ်မိုင်း(၃)လုံး ပေါက်ကွဲမှုဖြစ်ပွား

 

ပန်လှအောင် (မြစ်မခ)

မင်းပြား၊ စက်တင်ဘာ ၂၀ ရက်။

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်အတွင်း ရန်ကုန်-စစ်တွေ အဝေးပြေးကားလမ်း မိုင်တိုင်အမှတ် ၉၆/၄ နှင့် ၉၆/၅ တို့အကြား စက်တင်ဘာလ ၁၉ ရက် ည(၇)နာရီ(၂၀)မိနစ်ခန့်က လက်လုပ်မိုင်း(၃)လုံး ပေါက်ကွဲခဲ့ကြောင်း မင်းပြားမြို့မ ရဲစခန်းမှ သိရှိရသည်။

အဆိုပါ ပေါက်ကွဲမှုဖြစ်ပွားသည့် နေရာသည် မင်းပြားမြို့မှ (၈)မိုင်ခန့်အကွာ ဆပ်ကျာနှင့် တန်းဆိပ် ဘင်္ဂါလီ  ကျေးရွာ(၂)ရွာကြား ရန်ကုန်-စစ်တွေ ကားလမ်းဘေး ပိတောက်ပင်(၃)ပင်၏ ခြေရင်းတွင် ဖြစ်ကြောင်း သိရသည်။

”အဲဒီနေရာမှာ မိုင်း(၃)လုံးပေါက်တယ်။ ကြောက်လန့်အောင် လုပ်တဲ့ သဘောမျိုးလို့ထင်တယ်။”ဟု မင်းပြားမြို့မ ရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ရဲအုပ်ညီညီက ပြောသည်။

မိုင်းပေါက်ကွဲချိန်သည် မန္တလေးမြို့မှ ရခိုင်ပြည်နယ်သို့ ကယ်ဆယ်ရေးပစ္စည်းများ လာရောက်လှူဒါန်းသည့် Fedwell ကုမ္ပဏီမှ အလှူရှင်များကို တင်ဆောင်လာသည့် ကစ္ဆပနဒီယာဉ်နှင့် ရန်ကုန်မှ စစ်တွေသို့ မောင်းနှင်လာသည့် (၆)ဘီးကုန်တင်ယာဉ်တို့ တစ်စီးနှင့်တစ်စီး ရှောင်တိမ်းနေချိန်တွင် ပေါက်ကွဲခြင်းဖြစ်ပြီး လူထိခိုက်သေဆုံးမှု မရှိကြောင်း သိရသည်။

လက်လုပ်မိုင်းပေါက်ကွဲသည့် အရှိန်ကြောင့် (၆)ဘီးကုန်တင်ယာဉ်၏ ရှေ့လေကာမှန်၊ ရှေ့ဘော်ဒီတို့ ထိခိုက်ပျက်စီးခဲ့ပြီး ကစ္ဆပနဒီယာဉ်မှာ ဝဲဘက်ပြတင်းမှန် (၄)ချပ် ပျက်စီးခဲ့ကြောင်း သိရသည်။

လက်လုပ်မိုင်းပေါက်ကွဲမှု ဖြစ်စဉ်ကို မင်းပြားမြို့မရဲစခန်းက (ပ)၁၇၄/၁၇ ၊ ၁၉၀၈ ခုနှစ် ပေါက်ကွဲစေတတ်သော ပစ္စည်းများ အက်ဥပဒေပုဒ်မ(၃)အရ အမှုဖွင့်ကာ ပြည်သူများ အန္တရာယ်ဖြစ်အောင် လက်လုပ်မိုင်းထောင်ခဲ့သူ အား စုံစမ်းဖော်ထုတ်နေကြောင်း သိရသည်။

လက်ရှိတွင် ရဲတပ်ဖွဲ့ဝင်များနှင့် တပ်မတော်က ရန်ကုန်-စစ်တွေ လမ်းမကြီးပေါ်တွင် မိုင်းရှင်းလင်းရှာဖွေမူများ  ပြုလုပ်နေကြပြီး အဆိုပါ နေရာတစ်ဝိုက်တွင် လုံခြုံရေးတိုးမြှင့်ချထားကြောင်း သိရသည်။

 

Check Also

မန္တလေးနှင့် ကျောက်မြောင်းအကြား လင်းပိုင်သားပေါက်တစ်ကောင်တွေ့ရှိသည့်သတင်း အတည်မပြုနိုင်သေး

ကျော်မျိုးထွဋ် (မြစ်မခ) မန္တလေး၊ စက်တင်ဘာ ၆ ရက်။ မန္တလေးမြို့နှင့် ကျောက်မြောင်းမြို့အကြားရှိ လင်းပိုင်ထိန်းသိမ်းရေးဧရိယာအတွင်း စက်တင်ဘာလပထမအ ပါတ်က လင်းပိုင်သားပေါက်တစ်ကောင်တွေ့ရှိသည့်သတင်းကို အတည်မပြုနိုင်သေးကြောင်း လင်းပိုင်ထိန်းသိမ်း ရေးအဖွဲ့မှ …