Tuesday , November 28 2017
Home / FNews / ပုဂံဒေသမှ ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သည့် အဆောက်အအုံနှင့် ဘုရားစေတီများကို ၂၀၂၀ ခုနှစ်မတိုင်ခင် အပြီး ပြုပြင်မည်

ပုဂံဒေသမှ ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သည့် အဆောက်အအုံနှင့် ဘုရားစေတီများကို ၂၀၂၀ ခုနှစ်မတိုင်ခင် အပြီး ပြုပြင်မည်

ဝေဖြိုး (မြစ်မခ)

နေပြည်တော်၊ သြဂုတ် (၃၀)ရက်။

ရှေးဟောင်း ယဉ်ကျေးမှု ပုဂံဒေသတွင်ရှိသည့် ငလျင်ဒဏ်သင့် သာသနိက အဆောက်အအုံတွေ အားလုံးကို ၂၀၂၀ ခုနှစ် မတိုင်ခင် အားလုံး အပြီးပြင်ဆင်သွားမည်ဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ  သိရှိရသည်။

“နံရံဆေးရေးပန်းချီရှိတဲ့ စေတီဘုရားတွေကိုတော့ အိန္ဒိယနိုင်ငံရယ်၊ ဂျပန်နိုင်ငံရယ်၊ တရုတ်နိုင်ငံရယ် နောက် အီတလီ၊ စပိန် ပါပါတယ်။ အဲဒီနိုင်ငံတွေကပဲ ပြန်လည်ပြုပြင်ပေးဖို့ တာဝန်ယူထားကြပါတယ်။ ပြီးခဲ့တဲ့ (၂၇) ရက်က လုပ်တဲ့ ပုဂံအစည်းအဝေးမှာလည်းပဲ နိုင်ငံပေါင်းစုံက ပညာရှင်ပေါင်းစုံ တက်ကြပါတယ်။ ဒါနဲ့ ပတ် သက်လို့ ခြုံပြီးပြောရမယ်ဆိုရင် ပုဂံမှာရှိတဲ့ သာသနိက အဆောက်အအုံတွေအားလုံးကို ၂၀၂၀ မတိုင်ခင်မှာ အားလုံး ပြင်ဆင်လို့ပြီးမယ်လို့ ပြောနိုင်ပါတယ်။”ဟု သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ပြည်ထောင်စု ဝန်ကြီး သူရဦးအောင်ကိုက ပြောသည်။

ငလျင်ဒဏ်သင့်ခဲ့သည့် အဆောက်အုံ၊ စေတီ၊ ပုထိုးများမှ သာမန်အသေးအဖွဲ ပျက်စီးခဲ့သည့် စေတီပေါင်း (၂၂၄) ဆူကို အားလုံးပြန်လည်ပြုပြင်ပြီးဖြစ်ကြောင်း သိရသည်။

“နောက်တခါ အလယ်အလတ်လောက် ပျက်စီးတဲ့ စေတီတွေကိုတော့ (၅၀) ရာခိုင်နှုန်းလောက်ပြင်ပြီးပါပြီ။ အကြီးစားပျက်စီးမှု စေတီတွေကိုတော့၊ ထုထည် ဥာဏ်တော်ကြီးမားတဲ့၊ သမိုင်းတန်ဖိုး ကြီးမားတဲ့ စေတီပုထိုး ကြီးတွေကတော့ အကြီးစားပြင်တာရှိပါတယ်။ အဲဒါကတော့ ဘယ်လောက် ပြီးလည်းဆိုတာ ရာနှုန်းပြောဖို့ ခက်ပါသေးတယ်။”ဟု သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ဆက်ပြောသည်။

သဗ္ဗေညု ကိုယ်တော်ကြီး အတွင်းကြေသွားခြင်းကို တရုတ်ပြည်သူ့သမ္မတနိုင်ငံသား ရှေးဟောင်း ဗိသုကာ ပညာရှင်များမှ စစ်ဆေးဆောင်ရွက်လျှက် ရှိကြောင်း သိရသည်။

“သဗ္ဗေညုစေတီဆိုရင် ငလျင်လှုပ်တုန်းက လဲကျသွားတာ။ ပဲ့ကျသွားတာ မရှိပါဘူး။ ဒီတိုင်းပဲ နဂိုပကတိ ရပ်တည်လျှက် ရှိပါတယ်။ သို့သော်လည်း အခုနိုင်ငံတကာပညာရှင်ပါဝင်တဲ့ အဖွဲ့နဲ့ စစ်ဆေးလိုက်တဲ့ အခါကျတော့ ပဲ့တင်သံပြန်မလာတာ တွေ့ရပါတယ်။” ဟု သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာမှ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို ကပြောသည်။

၂၀၁၆ ခုနှစ် သြဂုတ်လအတွင်း လှုပ်ခတ်ခဲ့သည့် ငလျင်ဒဏ်ကြောင့် ပုဂံဒေသရှိ ဘုရား၊ စေတီ၊ ပုထိုး (၃၈၉) ဆူနှင့် သာသနိကအဆောက်အအုံအချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

Check Also

ပုသိမ်မြို့တွင် ဂျပန်ဦးနှောက်ရောင်ရောဂါကာကွယ်ဆေးထိုးအပြီး (၄)တန်းကျောင်းသူတစ်ဦးသေဆုံး

  မျိုးမင်းထွန်း (မြစ်မခ) ပုသိမ်၊ နိုဝင်ဘာ ၂၂ ရက်။ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၌ (၄)တန်းကျောင်းသူတစ်ဦး ဂျပန်ဦးနှောက်ရောင်ရောဂါကာကွယ် ဆေးထိုးပြီးနောက် မူးဝေအော့အန်ကာ နိုဝင်ဘာ ၂၁ …