Friday , September 22 2017
Home / FNews / မောင်တောမြို့နယ်အတွင်းရှိ ပိတ်မိနေသည့် ကျေးရွာသားများကို ပြည်နယ်ဝန်ကြီးချုပ် သွားရောက်တွေ့ဆုံ၍ လုံခြုံရေး သတိဝိရိယဖြင့်နေရန်မှာကြား

မောင်တောမြို့နယ်အတွင်းရှိ ပိတ်မိနေသည့် ကျေးရွာသားများကို ပြည်နယ်ဝန်ကြီးချုပ် သွားရောက်တွေ့ဆုံ၍ လုံခြုံရေး သတိဝိရိယဖြင့်နေရန်မှာကြား

 

အာရကန်ကိုကို (မြစ်မခ)

ကျောက်ဖြူ၊ သြဂုတ်(၃၀)ရက်။

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်းရှိ ဘင်္ဂါလီများ၏ ဆက်တိုက်အကြမ်းဖက်မှုကြောင့် စုပေါင်း ရှောင်တိမ်းနေရသည့် ဒေသခံများအား လုံခြုံရေးသတိဝရိယများနှင့် နေထိုင်ရန် ပြည်နယ်ဝန်ကြီးချူပ် ဦးညီပုက မှာကြားခဲ့ကြောင်း တွေ့ဆုံခဲ့သည် ရွာသူရွာသားများ၏ ပြောပြချက်များအရ သိရှိရသည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးနှင့် ရခိုင်ပြည်နယ်ဝန်ကြီးချူပ် ဦးညီပုတို့ သြဂုတ်(၃၀)ရက်က မောင်တော မြောက်ပိုင်းရှိ  ကျေးရွာများသို့ စားနပ်ရိက္ခများသွားရောက်ထောက်ပံ့ရန် ရဟတ်ယာဉ်ဖြင့် သွားရောက်ကာ ရွာသူ၊ ရွာသား များနှင့် တွေ့ဆုံစဉ်ပြောကြားခဲ့ခြင်းဖြစ်သည်။

“ဝန်ကြီးချုပ်က ဒီနေ့ (သြဂုတ် ၃၀ ရက်) (၁၂)နာရီခွဲမှာ ကျွန်တော်တို့ရွာကို ရောက်ပါတယ်။ ရွာသူရွာသားတွေ လုံခြုံရေးကို အဓိကထား တိုးမြင့်ပေးဖို့တောင်းဆိုတယ်။ ဝန်ကြီးချူပ်က လုံခြုံရေးတိုးမြှင့်ဖို့ ဟာကိုတော့ပြော မသွားဘူး။ အခုကျည်ကုန်နေလို့ လက်နက်အင်အား နည်းနည်း ဖြည့်ပေးဖို့နဲ့ ရွာသူရွာသားတွေကို လုံခြုံရေး သတိဝိရိယနဲ့ နေဖို့နဲ့ မှာကြားခဲ့ပါတယ်။”ဟု ပြည်နယ်ဝန်ကြီးချူပ်နှင့် တွေ့ဆုံခဲ့သည့် မင်းကြီးကျေးရွာမှ ကိုကျော်ဆန်းဝင်းက ပြောသည်။

မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ်များရှိ ဘင်္ဂါလီကျေးရွာများအကြားတွင် ပိတ်မိနေသည့် ကျေးရွာပေါင်း (၈၀)ကျော်ရှိပြီး ဒေါက်တာဝင်းမြတ်အေးနှင့် ဝန်ကြီးချုပ်ဦးညီပုတို့သည် ပိတ်မိနေသည့် ကျေးရွာ တချို့ ဒေသခံများနှင့် တွေ့ဆုံစဉ် ကျေးရွာသားများအား နှစ်သိမ့်အားပေးစကားပြောကြားပြီး  ခေါက်ဆွဲထုတ် များ၊ ကြက်ဥများနှင့် မုန့်များ ပေးဆောင်ခဲ့ကြောင်းလည်း သိရသည်။

”ဝန်ကြီးချုပ်ကို လုံခြုံရေးတိုးမြင့်ပေးဖို့နဲ့ ကျန်းမာရေးနဲ့ စားဝတ်နေရေးတွေကိုလည်း တောင်းဆိုလိုက်ပါတယ်။ ဝန်ကြီးချူပ်က လုပ်ပေးမယ်လို့တော့ ကတိပြုသွားတယ်။ ဝန်ကြီးချူပ်ကတောင်းဆိုချက်တွေကို ပေးမယ်လို့ တော့ ပြောသွားတယ်။” ဟု ပိတ်မိနေသည့် ကျေးရွာမှ ပြည်နယ်ဝန်ကြီးချူပ်နှင့် တွေ့ဆုံခဲ့သူ တစ်ဦးက ပြောသည်။

အစွန်းရောက် ဘင်္ဂလီအကြမ်းဖက်သမားများသည် သြဂုတ်(၂၅)ရက်နေ့မှ စတင်ပြီး မောင်တော၊ ဘူးသီးတောင် နှင့် ရသေ့တောင်မြို့နယ်များရှိ လုံခြုံရေးကင်းစခန်းများ၊ လူနည်းစုတိုင်းရင်းသား ကျေးရွာများနှင့် ရွာသူရွာသား များအား အကြမ်းဖက်မှုများ ဆက်တိုက်လုပ်ဆောင်ရွက်နေခြင်းကြောင့် နေရပ်စွန့်ခွာနေရသည့် တိုင်းရင်းသား အများ အပြားရှိနေကာ ပိတ်မိနေသည့် ကျေးရွာများလည်းရှိနေကြောင်း သိရသည်။

Check Also

မန္တလေးတိုင်းဒေသကြီးတွင် ၂၀၁၇ ခုနှစ်အတွင်း ဆိုင်ကယ်အစီးရေ(၁၇)သိန်းနီးပါးကို မှတ်ပုံတင်ပြုလုပ်ပေးခဲ့

မင်းခန့် (မြစ်မခ) မန္တလေး၊ စက်တင်ဘာ ၆ ရက်။ မန္တလေးတိုင်းဒေသကြီးတွင် ၂၀၁၇ ခုနှစ်ဇန်နဝါရီလမှ သြဂုတ်လကုန်အထိ နှစ်ဘီးဆိုင်ကယ်(၁၆၉၄၈၂၆)စီးနှင့် သုံးဘီးဆိုင်ကယ်(၂၈၉၉၅)စီးကို မှတ်ပုံတင်ပြုလုပ်ပေးခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင် …