Friday , September 22 2017
Home / FNews / တိုင်းဧရာအတွင်းရှိ လုံခြုံရေးအတွက် ရဲတပ်ဖွဲ့ဝင်များကို တပ်လှန့်ထား

တိုင်းဧရာအတွင်းရှိ လုံခြုံရေးအတွက် ရဲတပ်ဖွဲ့ဝင်များကို တပ်လှန့်ထား

မျိုးမင်းထွန်း (မြစ်မခ)

ပုသိမ်၊ သြဂုတ် (၃၀)ရက်။

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ရဲတပ်ဖွဲ့ဝင်များကို ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် အကြမ်းဖက်မှုများ၌ ပါဝင်ခဲ့သည့် ဘင်္ဂါလီအကြမ်းဖက်အုပ်စုများ ဧရာဝတီတိုင်းအတွင်း ဝင်ရောက်မလာစေရေးအတွက် လုံခြုံရေး အထူးဂရုစိုက်ရန် ညွန်ကြားထားကြောင်း ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရှိရသည်။

ရခိုင်ပြည်နယ်နှင့် ကပ်လျက်ရှိသည့် ဧရာဝတီတိုင်းဒေသကြီးသို့ ဘင်္ဂလီအကြမ်းဖက်အုပ်စုများ ရေလမ်း ကြောင်း၊ ကုန်းလမ်းကြောင်းများမှ တစ်ဆင့်ဝင်ရောက်လာနိုင်သည့် ဟိုင်းကြီးကျွန်း၊ ငွေဆောင်၊ ချောင်းသာ၊ ရွှေသောင်ယံစသည့် အနောက်ဘက်ကမ်းခြေဒေသ ကျေးရွာများအပြင် ရခိုင်ရိုးမနှင့် ထိစပ်နေသည့် သာပေါင်း မြို့နယ် မကျည်းစင်ကျေးရွာ၊ ငရုတ်ကောင်းတောင်နှင့်နီးစပ်ရာ ကျေးရွာများ၊ ဂွမြို့နှင့် နီးစပ်ရာ ဒေသများတွင် လုံခြုံရေး ပေါ့လျော့မှု မရှိအောင် စစ်ဆေးဆောင်ရွက်နေကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူးကြီး  ခင်မောင်လတ်ထံမှ သိရသည်။  

“သက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ သေချာစနစ်တကျဆောင်ရွက်နိုင်ဖို့အတွက် ခရိုင်ရဲတပ်ဖွဲ့မှူးတွေက လိုက် လံစစ်ဆေးဆောင်ရွက်နေပါတယ်။ ပြည်သူလူထုအနေနဲ့ကတော့ ကျွန်တော်တို့ ဒီလိုခိုးဝင်ဘင်္ဂါလီတွေ အကြမ်း ဖက်အဖွဲ့စည်းတွေကို တွေ့ရှိတဲ့နေရာမှာ ရဲတပ်ဖွဲ့ကိုပဲဖြစ်ဖြစ် အုပ်ချုပ်ရေးအဖွဲ့အစည်းကိုပဲ ဖြစ်ဖြစ် ဆက်သွယ် သတင်းပေးရင် အမြန်ဆုံးဖမ်းဆီးရမိရေး ဆောင်ရွက်သွားပါမယ်။ လောလောဆယ် ကျွန်တော်တို့ ဘက်မှာတော့ ခိုးဝင်လာတာ ဖမ်းဆီးရမိခြင်းမရှိသေးပါဘူး။”ဟု ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူးကြီး ခင်မောင်လတ်က ပြောသည်။

ထိုပြင် လုံခြုံရေးအစီအစဉ်များကို ရခိုင်ပြည်နယ်တွင် အကြမ်းဖက်မှုများဖြစ်ပွားချိန်မှ စတင်ဆောင်ရွက်နေခြင်း ဖြစ်ပြီး ပြဿနာများတည်ငြိမ်သွားသည်အထိ ရဲတပ်ဖွဲ့ဝင်တစ်ဦးချင်းဆီ စနစ်တကျလုံခြုံရေးဆောင်ရွက်သွား မည်ဖြစ်ကာ ဧရာဝတီတိုင်းဒေသကြီးအတွင်း ရခိုင်ပြည်နယ်မှ ဝင်လာနိုင်သည့်နေရာများတွင် ကောလဟာလ သတင်းများပျံ့နှံ့ နေသော်လည်း ပြည်သူလူထုအနေနှင့် အေးချမ်းစွာနေထိုင်နိုင်ရန် အစီအစဉ်များချမှတ်ထားပြီး ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ သိရသည်။

“ညဘက်ကင်းလှည့်တာတို့တော့ လုပ်နေကြတယ်။ ကောလဟာလတွေက ထွက်နေပေမယ့် ဒေသခံကတော့ မဟုတ်မှန်းကို သိတယ်။ အနောက်ဘက်ကမ်းခြေတစ်လျှောက်က ရွာတွေမှာတော့ စိုးရိမ်နေပေမယ့် တအားကြီး စိုးရိမ်တာတော့မရှိဘူး။ ဒေသမှာ အရေးပေါ်တစ်ခုခုဖြစ်လာရင် ချက်ချင်းတုံ့ပြန်ဆောင်ရွက်နိုင်မယ့် အဖွဲ့လေး တစ်ဖွဲ့တော့ ဖွဲ့ဖို့လုပ်နေကြတယ်။”ဟု ငွေဆောင်ကမ်းခြေ၊ ရေဝတီတည်းခိုခန်းပိုင်ရှင် ဦးစန်းရွှေက ပြောသည်။

ရခိုင်ပြည်နယ်တွင် သြဂုတ်လ ၂၅ ရက်မှ စတင်ဖြစ်ပွားခဲ့ပြီး ဘင်္ဂါလီများက အကြမ်းဖက်မှုများ တိုးမြှင့် လုပ်ဆောင်လာပြီး ၂၀၁၇ ခုနှစ် သြဂုတ် ၂၇ ရက်နှင့် ၂၈ ရက်တို့တွင် လက်လုပ်မိုင်း(၄၅)လုံးဖောက်ခွဲခဲ့ကာ ကျေးရွာ (၇)ရွာ၊ ရဲကင်းစခန်း(၁)ခုနှင့် မောင်တောမြို့ပေါ်ရှိ ရပ်ကွက် (၂)ခုတို့အား မီးရှို့ဖျက်ဆီးခဲ့ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံရုံး၊ သတင်းထုတ်ပြန်ရေး ကော်မတီ ထုတ်ပြန်ချက် အရ သိရသည်​။

Check Also

မန္တလေးတိုင်းဒေသကြီးတွင် ၂၀၁၇ ခုနှစ်အတွင်း ဆိုင်ကယ်အစီးရေ(၁၇)သိန်းနီးပါးကို မှတ်ပုံတင်ပြုလုပ်ပေးခဲ့

မင်းခန့် (မြစ်မခ) မန္တလေး၊ စက်တင်ဘာ ၆ ရက်။ မန္တလေးတိုင်းဒေသကြီးတွင် ၂၀၁၇ ခုနှစ်ဇန်နဝါရီလမှ သြဂုတ်လကုန်အထိ နှစ်ဘီးဆိုင်ကယ်(၁၆၉၄၈၂၆)စီးနှင့် သုံးဘီးဆိုင်ကယ်(၂၈၉၉၅)စီးကို မှတ်ပုံတင်ပြုလုပ်ပေးခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင် …