Monday , September 25 2017
Home / FNews / မော်လမြိုင်ရှိ ကမ္ဘာ့သမိုင်းဝင် ပထမနှစ်ခြင်းခရစ်ယာန်အသင်းတော်အဆောက်အဦး ပြုပြင်ပြီးစီးရန် အချိန် ထပ်မံယူရမည်

မော်လမြိုင်ရှိ ကမ္ဘာ့သမိုင်းဝင် ပထမနှစ်ခြင်းခရစ်ယာန်အသင်းတော်အဆောက်အဦး ပြုပြင်ပြီးစီးရန် အချိန် ထပ်မံယူရမည်

ချိုမာအောင် (မြစ်မခ)

မော်လမြိုင်၊ မေ ၂၉ ရက်။

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ ကမ္ဘာ့သမိုင်းဝင်ရှေးဟောင်းအမွေအနှစ်အဖြစ် သတ်မှတ်ခံထားရသည့် ပထမနှစ် ခြင်း ခရစ်ယာန်အသင်းတော် (First Baptist Church) အဆောက်အဦး ပြုပြင်နေခြင်းကို ဇွန်လတွင် ပြီးစီးရန် လျာထားသော်လည်း အခက်အခဲအချို့ကြောင့် အချိန်ထပ်ယူရန်လိုကြောင်း ဗိသုကာပညာရှင် မခင်မာထွေးက ပြောဆိုလိုက်သည်။

“အဆောက်ဦးအသစ်ဆိုရင် ဘယ်နေ့ပြီးမလဲ ခန့်မှန်းလို့ရတယ်။ အဆောက်အဦးအဟောင်းကိုပြင်တဲ့နေရာမှာ မမျှော်လင့်ထားတာတွေ တွေ့ရှိရတဲ့အပေါ် ဘယ်အချိန်ပြီးမလဲဆိုတာ အတိအကျ မခန့်မှန်းနိုင်ဘူးဖြစ်နေတယ်။  ကျွန်တော်တို့ ကနဦးအဆောက်အဦးမပြင်ခင်မှန်းထားတာ ဇွန်လမှာပြီးမယ်ပေါ့။ အခုတော့ အချောကိုင်တဲ့ ပလာစတာကိစ္စက ကျွန်မတို့ ထင်သလို ဘိလပ်မြေနဲ့မဟုတ်ဘူး။ ဒီအပေါ်မှာ အချိန်အနည်းငယ်ယူရမယ်။”ဟု မခင်မာထွေးက ပြောသည်။  

ပြုပြင်နေသည့် အစိတ်အပိုင်းမှာ ဘုရားကျောင်းရှိ တရားဟောပုလ္လင်အနောက်ဘက်ခြမ်း၊ ဆုတောင်းခန်းနှင့် နှစ်ခြင်းကန်ရှိသော အပိုင်းအား စတင်ပြုပြင်နေခြင်းဖြစ်ကာ ပြတင်းပေါက်ကျည်းဘောင်များ ဆွေးမြေ့ခြင်း၊ အ ဆောက်အဦးအား အချောကိုင်ထားသည့် ပလာစတာများ အက်ကွဲခြင်း၊ လေခိုခြင်းများကြောင့် ယင်းနေရာများကို ရှေးမူမပျက် ပြန်လည်ပြုပြင်နေကြောင်း သိရသည်။

“ကျည်းဘောင်အသစ် ပြန်ခွေထားပြီးပြီ။ အက်ကွဲနေတဲ့၊ လေခိုနေတဲ့ ပလာစတာတွေကို ခွာချတယ်။ ဒီလိုခွာချ ပြီးတဲ့အခါမှာ ထူးခြားတာတွေ့ရှိရတယ်။ ပလာစတာတွေက အရင်ခေတ်က ထုံးနဲ့ သဲနဲ့ကိုင်ပြီး ချောထားတာ တွေ့ရတယ်။ ဒီနေ့ခေတ်မှာဆိုရင် အဆောက်အဦးအချောကိုင်တာ ဘိလပ်မြေနဲ့ သဲနဲ့၊ ရှေးမူမပျက် ထုံးနဲ့ချောရ မယ်ဆိုတော့ အခက်အခဲနည်းနည်းဖြစ်တယ်။ ဒီအပိုင်းကျွမ်းကျင်တဲ့ပညာရှင်တွေဆီမှာ ပြန်လည်လေ့လာပြီးမှ အချောကိုင်တာလုပ်မယ်။”ဟု မခင်မာထွေးကပြောသည်။

လက်ရှိတွင် ပြုပြင်ရေးပိုင်းလုပ်ငန်းများအား ဗိသုကာပညာရှင် ဦးအောင်စိုးမြင့်၊ ဗိသုကာပညာရှင် မခင်မာထွေး  တို့က တာဝန်ယူဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။

“အဆောက်အဦးကို အသေးစိတ်မှတ်တမ်းတင်လေ့လာချက်တွေ၊ သုတေသနလုပ်ငန်းတွေ အားလုံးလုပ်ဆောင် ပြီးပြီ။ ၂၀၁၇ ခုနှစ် ဧပြီ ၂၀ ရက်ကနေစပြီး ကျွမ်းကျင်ဗိသုကာပညာရှင်တွေက ပြုပြင်နေတာပါ။”ဟု ပထမနှစ် ခြင်းအသင်းတော်မှ သင်းအုပ်ဆရာတော်၊ သိက္ခာတော်ရဆရာ ဦးကြည်ရှိန်က ပြောသည်။

အဆောက်အဦးအားပြုပြင်ရေး ကနဦးလေ့လာဆန်းစစ်ရေးလုပ်ငန်းများကို အမေရိကန်သံအမတ်များ၏ ယဉ် ကျေးမှုအမွေအနှစ်ထိန်းသိမ်းရေးရန်ပုံငွေ (AFCP)မှ အမေရိကန်ဒေါ်လာ(၁၂၅၀၀၀)ဖြင့် ၂၀၁၆ ဇန်နဝါရီလကုန် ပိုင်းကစတင်ခဲ့ပြီး လက်ရှိစီမံကိန်းသည် မြန်မာနိုင်ငံတွင် အမေရိကန်သံရုံးနှင့် အမေရိကန်နိုင်ငံ ကမ္ဘာ့ရှေး ဟောင်းအဆောက်အအုံရန်ပုံငွေအဖွဲ့(WMF)တို့ ပူးတွဲဆောင်ရွက်သည့်စီမံကိန်းဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့အသင်းတော်အနေနဲ့ ပြုပြင်ရေးပိုင်းနဲ့ပတ်သက်ပြီး ဘာမှပြောလို့မရဘူး။ ငွေကြေးဘယ်လောက် သုံးမလဲ၊ ကျွန်တော်တို့မသိဘူး။ သံရုံးကစေလွှတ်တဲ့ပညာရှင်နဲ့ သံရုံးနဲ့ပဲဆက်သွယ်နေတယ်။ ကျွန်တော်တို့က တော့ လိုအပ်တဲ့အပိုင်းကိုကူညီမှာပါ။”ဟု ပထမနှစ်ခြင်း အသင်းတော်ထိန်းသိမ်းရေးကော်မတီဝင်တစ်ဦးက ပြောသည်။

ပထမနှစ်ခြင်းခရစ်ယာန်အသင်းတော်အဆောက်အဦးအား အမေရိကန်နိုင်ငံအပါအဝင် အခြားသောနိုင်ငံအသီး သီးမှပညာရှင်များက လေ့လာမှုပြုခဲ့ပြီး ယင်းအဆောက်အဦးသည် မွန်ပြည်နယ်တွင် အကောင်းဆုံးနှင့် သက် တမ်းအရှည်ဆုံး ခရစ်ယာန်ဘုရားရှစ်ခိုးကျောင်းတစ်ခုဖြစ်သဖြင့် ၂၀၁၅ ခုနှစ်တွင် ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ရှေးဟောင်းအဆောက်အဦးတစ်ခုအဖြစ် သတ်မှတ်ခံခဲ့ရခြင်းဖြစ်သည်။

ပထမနှစ်ခြင်းအသင်းတော် အဆောက်အဦးကို ၁၈၂၇ ခုနှစ်တွင် အမေရိကန်သာသနာ့အမှုတော်ဆောင် ဆရာ ယုဒဿန်က တည်ဆောက်ခဲ့ပြီး ယင်းအဆောက်အဦးပုံစံသည် ဒေသထွက် သယံဇာတများကို အသုံးပြုလျှက် အနောက်တိုင်း လက်ရာနှင့် မွန်ယဉ်ကျေးမှု ရိုးရာ ဗိသုကာလက်ရာတို့ဖြင့် ပေါင်းစပ်ထားကြောင်း သိရသည်။

Check Also

မန္တလေးတိုင်းဒေသကြီးတွင် ၂၀၁၇ ခုနှစ်အတွင်း ဆိုင်ကယ်အစီးရေ(၁၇)သိန်းနီးပါးကို မှတ်ပုံတင်ပြုလုပ်ပေးခဲ့

မင်းခန့် (မြစ်မခ) မန္တလေး၊ စက်တင်ဘာ ၆ ရက်။ မန္တလေးတိုင်းဒေသကြီးတွင် ၂၀၁၇ ခုနှစ်ဇန်နဝါရီလမှ သြဂုတ်လကုန်အထိ နှစ်ဘီးဆိုင်ကယ်(၁၆၉၄၈၂၆)စီးနှင့် သုံးဘီးဆိုင်ကယ်(၂၈၉၉၅)စီးကို မှတ်ပုံတင်ပြုလုပ်ပေးခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင် …