Monday , May 29 2017
Home / သတင်း / ဒေသတွင်းသတင်း / သိမ်းဆည်မြေယာများ ပြန်လည်ရရှိရေး အစွမ်းကုန် ဆောင်ရွက်ပေးသွားမည်ဟု မန္တလေးတိုင်း ဝန်ကြီးချုပ် ပြောကြား

သိမ်းဆည်မြေယာများ ပြန်လည်ရရှိရေး အစွမ်းကုန် ဆောင်ရွက်ပေးသွားမည်ဟု မန္တလေးတိုင်း ဝန်ကြီးချုပ် ပြောကြား

ကျော်မျိုးထွဋ် (မြစ်မခ)

မန္တလေး၊ မေလ (၂၉) ရက်။

မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်မှ တောင်သူများနှင့် တွေ့ဆုံကာ တောင်သူများ၏ သားသမီးများ ပညာရေး၊ စီးပွားရေးများ ကျေးလက် ဒေသဖွံ့ဖြိုးရေး မနှောင့်နှေးစေရန် သိမ်းဆည်မြေယာများ ပြန်လည်ရရှိရေးကို အစွမ်းကုန် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောဆိုခဲ့သည်ဟု တွေ့ဆုံခဲ့သည့် တောင်သူ ဦးခင်ဦး၏ ပြန်လည် ပြောပြချက်အရ သိရှိရသည်။

မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် ရေကြည်ညောင်ပင် ကျေးရွာအုပ်စုရှိ ရှင်တော်ကုန်းကျေးရွာတွင် မြေသိမ်းခံတောင်သူများနှင့် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်တို့ မေလ ၂၈ ရက် နံနက်ပိုင်းတွင် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။  

အဆိုပါ ရှင်တော်ကုန်းကျေးရွာရှိ မြေဧက ၁၇၃.၃၁ အပေါ် မြန်မာနိုင်ငံစစ်မူထမ်းဟောင်းအဖွဲ့မှ မေလ (၂၇) ရက်နေ့က ဝင်ရောက်လုပ်ကိုင်မူအပေါ် တောင်သူများမှ တားဆီးခဲ့ရာ အချင်းဖြစ်ပွားခဲ့ပြီး မေ(၂၈)ရက်တွင် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တောင်သူများ တွေ့ဆုံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“တောင်သူတွေကို လယ်ယာမြေကိစ္စနဲ့ ပတ်သက်ပြီးတော့ အခင်းဖြစ်နေတဲ့အချိန်မှာ သိမ်းထားတဲ့ ဘက်ကရော တောင်သူဘက်ကရော ဘယ်သူမှ မလုပ်သေးဘဲနဲ့ ဆိုင်ငံ့ထားရမယ်လို့ ဥပဒေမှာလည်း အတည်ပြုထားတာ ရှိတယ်။ စစ်မူထမ်းဟောင်းဘက်က စက်ထည်တွေငှားပြီးတော့ တောင်သူတွေ လုပ်စားခွင့် မပြုဘဲ သူတို့ အငှားချထားတာတွေ စက်ရုံတွေ ကြက်ခြံတွေ လုပ်စားဖို့အထိ စက်ထည်တွေနဲ့ ဝင်တဲ့အခါကြတော့  တောင်သူတွေက ထွက်တားလိုက်ရတယ်။ အစိုးရဆီကို တင်ပြဖို့ အဆင့်ဆင့်လုပ်ရမှာမို့ နောက်ကျမှာဖြစ်လို့  ထွက်တားတာပါ။” ဟု ဝန်ကြီးချုပ်နှင့်တွေ့ဆုံရာတွင် ပါဝင်ခဲ့သည့် တောင်သူ ဦးခင်ဦးက ပြောသည်။

အဆိုပါ မြေဧက ၁၇၃.၃၁ သည် တောင်သူ ၂၅ ဦးပိုင်ဖြစ်ပြီး ၁၉၉၆ ခုနှစ်ဝန်းကျင်တွင် ဗဟိုမီးသတ် သင်တန်းကျောင်းမှ သိမ်းဆည်းခဲ့ကာ ၂ နှစ်ဝန်းကျင်လုပ်ကိုင်ခဲ့ပြီး မြန်မာနိုင်ငံ စစ်မူထမ်းဟောင်းအဖွဲ့သို့  လွှဲပြောင်းပေးခဲ့ကာ လက်ရှိအချိန်ထိ သိမ်းဆည်ခြင်းခံရသည်မှာ အနှစ် ၂၀ ဝန်ကျင်ရှိပြီးဖြစ်ကြောင်း မြေယာသိမ်းဆည်းခံ တောင်သူ ဦးခင်ဦးက ပြောသည်။

“ပြီးခဲ့တဲ့ နှစ်ပိုင်း က မနက် ၆ နာရီ ည ၆ နာရီ လုပ်ကိုင်ခွင့်ရနေရာကနေ တောင်သူကို မြေထဲဆင်းမရအောင် အကြီးမားဆုံး ဥပဒေနဲ့ ချုပ်နေတာ တောင်သူက မြေထဲဝင်မရတော့ဘဲ သူတို့က အခုလို ကျူးကျော် ဝင်ပြီး လုပ်တော့ မခံနိုင်လို့ ဝန်ကြီးချုပ်ဆီ တိုက်ရိုက်တင်ပြတယ် တာဝန်ယူမူ တာဝန်ခံမူတွေလည်း သိခဲ့ရတယ်။  အဲ့အတွက် တောင်သူတွေအနေနဲ့ ဝမ်းသာအားရရှိပါတယ်။” ဟု ၎င်းက ဆက်ပြောသည်။

အဆိုပါ သိမ်းဆည်းခံမြေယာပြန်လည်ရရှိရေးအတွက် ၂၀၁၅ ခုနှစ် ဒီဇင်ဘာလတွင် တောင်သူများမှ ထွန်းတုံး တိုက်ပွဲပြုလုပ်ခဲ့ရာ မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှ နယ်မြေအေးချမ်းရေးအတွက် ညှိနှိုင်းပေးခဲ့သည့်အတွက် အဆိုပါ မြေတွင် မနက် ၆ နာရီမှ ညနေ၆ နာရီထိ ဝင်ရောက်လုပ်ကိုင်ခွင့်ရရှိပြီး ၈ လ အကြာတွင် တရားစွဲ ဆွဲဆိုခံရခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း မြေယာသိမ်းဆည်းခံ တောင်သူ ဦးခင်ဦးက ဆက်ပြောသည်။

အဆိုပါ မြေယာတွင် တစ်သျူးစက်ရုံ၊ ပလတ်စတစ်စက်ရုံနှင့် ကြက်ခြံများရှိပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်မှ စာထုတ်ကာ အဆိုပါ စက်ရုံများနှင့် ကြက်ခြံများကို တားဆီးပေးမည်ဖြစ်ကြောင်း မြေယာပြန်လည်ရရှိရေး အတွက် ဒုတိယ သမ္မ္မတ အဖွဲ့ထံ တင်ပြပေးမည်ဖြစ်ကာ မရရှိပါက တောင်သူများကို လျော်ကြေး ပြန်လည် ရရှိအောင် ဆောင်ရွက်ပေးမည်ဟု ပြောဆိုခဲ့ကြောင်း မြေယာသိမ်းဆည်းခံ တောင်သူ ဦးအောင်ကိုကိုထံမှ သိရသည်။

Check Also

စစ်တွေမြို့နယ်တွင် ဆိုလာပစ္စည်းအရောင်းဆိုင်မှ ဝါယာရှော့ခ်ဖြစ်ကာ ဈေးဆိုင်(၃၆)ခုနှင့် နေအိမ်(၁၁)လုံး မီးလောင်ပျက်စီး

ပန်လှအောင် (မြစ်မခ) မင်းပြား၊ မေ (၂၄) ရက်။ ရခိုင်ပြည်နယ် စစ်တွေမြို့နယ် ဘုမေကျေးရွာအုပ်စု၊ သဲချောင်းကျေးရွာအနီး၊ ဘင်္ဂလီဈေးဆိုင်တန်းရှိ ဆိုလာ ပစ္စည်းအရောင်းဆိုင်တစ်ခုတွင် မေ ၂၃ …