Tuesday , November 28 2017
Home / FNews / ကွတ်ခိုင်မြို့နယ်ရှိ နမ့်မော်တံတားကို လက်နက်အဖွဲ့တစ်ဖွဲ့က မိုင်းခွဲ ဖျက်ဆီး

ကွတ်ခိုင်မြို့နယ်ရှိ နမ့်မော်တံတားကို လက်နက်အဖွဲ့တစ်ဖွဲ့က မိုင်းခွဲ ဖျက်ဆီး

 

နောင် (မြစ်မခ)

လားရှိုး၊ မေ ၂၅ ရက်။

ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာကျေးရွာအုပ်စုအထွက်ရှိ နမ့်မော်တံတားကို မေ ၂၅ ရက်၊ နံနက်ပိုင်းတွင် လက်နက်အဖွဲ့တစ်ဖွဲ့က မိုင်းခွဲ ဖျက်ဆီးလိုက်ကြောင်း နမ့်ဖတ်ကာနယ်မြေရဲစခန်းမှ သိရှိရသည်။

နမ့်ဖတ်ကာမှ နမ့်ခမ်းမြို့အသွား နမ့်ဖတ်ကာနှင့် (၄)မိုင်ခန့်သာဝေးသည့် မဟာဗျူဟာလမ်းမိုင်တိုင် (၃/၆)နှင့် (၃/၇)ကြားရှိ မဟာဗျူဟာလမ်းမှ နမ့်မော်သံပေါင်ဘေလီတံတား၏ အောက်၌ လက်နက်ကိုင်တပ်ဖွဲ့တစ်ဖွဲ့က မိုင်းထောင်၍ ဖောက်ခွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“တံတားရဲ့ညာဖက်ခြမ်းမှာထောင်ထားတဲ့မိုင်း ပေါက်ကွဲမှုဖြစ်သွားတာပါ။ ပေါက်ကွဲတဲ့နေရာ အနည်းငယ်နိမ့်ကျ သွားတယ်။ ထိခိုက်မှုတော့ မရှိပါဘူး။”ဟု နမ့်ဖတ်ကာ ရဲစခန်းမှ ရဲအုပ် မိုးကျော်ကပြောသည်။

အဆိုပါပေါက်ကွဲမှုကြောင့် မော်တော်ယာဉ်ကြီးများ သွားလာ၍မရသော်လည်း ယာဉ်ငယ်နှင့် ဆိုင်ကယ်များသွား လာနိုင်ကာ မိုင်းခွဲသည့်အဖွဲ့ကို သက်ဆိုင်ရာရဲတပ်ဖွဲ့နှင့် တပ်မတော်က စုံစမ်းလျှက်ရှိကြောင်း သိရသည်။

“နမ့်ခမ်းသွားဖို့ ကားကြီးတွေအတွက် ခက်ခဲသွားပါတယ်။ ကားလေးတွေ သွားလို့ရတယ်ဆိုပေမယ့် စိုးရိမ်စိတ်နဲ့ သွားနေကြတာပါ။ အရမ်းကြီးမပျက်တာဘဲ ကျေးဇူးတင်ရတယ်။”ဟု နမ့်ခမ်းမြို့နေ ကိုဝင်းမောင်ကပြောသည်။

မိုင်းခွဲခံရသောတံတားမှာ အကျယ်(၁၅)ပေ၊ အရှည်(၃၀)ပေရှိသော သံပေါင်ဘေလီတံတားအမျိုးအစားဖြစ်ပြီး ကြမ်းခင်းအချို့၊ သံတိုင်အချို့ထိခိုက်ပျက်ဆီးသွားခဲ့ရကာ ယင်းနေရာတွင် ဆက်စပ်သဲလွန်စများရှာဖွေမှုကို ဆက်လက်ဆောင်ရွက်နေကြောင်း နမ့်ဖတ်ကာနယ်မြေရဲစခန်းမှ သိရသည်။

Check Also

ပုသိမ်မြို့တွင် ဂျပန်ဦးနှောက်ရောင်ရောဂါကာကွယ်ဆေးထိုးအပြီး (၄)တန်းကျောင်းသူတစ်ဦးသေဆုံး

  မျိုးမင်းထွန်း (မြစ်မခ) ပုသိမ်၊ နိုဝင်ဘာ ၂၂ ရက်။ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၌ (၄)တန်းကျောင်းသူတစ်ဦး ဂျပန်ဦးနှောက်ရောင်ရောဂါကာကွယ် ဆေးထိုးပြီးနောက် မူးဝေအော့အန်ကာ နိုဝင်ဘာ ၂၁ …