Saturday , May 27 2017
Home / FNews / မြောက်ဦးရှေးဟောင်းယဉ်ကျေးမှုနယ်မြေအား တရုတ်နိုင်ငံ၏ အကူအညီဖြင့် 3D မြေပုံ ရေးဆွဲထုတ်လုပ်ရန် စီစဉ်နေ

မြောက်ဦးရှေးဟောင်းယဉ်ကျေးမှုနယ်မြေအား တရုတ်နိုင်ငံ၏ အကူအညီဖြင့် 3D မြေပုံ ရေးဆွဲထုတ်လုပ်ရန် စီစဉ်နေ

ပန်လှအောင် (မြစ်မခ)

မင်းပြား၊ ဇန်နဝါရီ (၃၀)ရက်။

ရှေးဟောင်းရခိုင်ယဉ်ကျေးမှုလက်ရာများ တည်ရှိရာ မြောက်ဦးရှေးဟောင်းယဉ်ကျေးမှုနယ်မြေအား အသေးစိတ် လေ့လာကြည့်ရှုနိုင်ရန် ရည်ရွယ်၍ တရုတ်နိုင်ငံ၏ အကူအညီဖြင့် 3D မြေပုံ ရေးဆွဲထုတ်လုပ်ရန် စီစဉ်လျှက်ရှိကြောင်း မြောက်ဦးရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ သိရှိရသည်။  

တရုတ်နိုင်ငံမှ ပညာရှင်(၁၀)ဦး ပါဝင်သောအဖွဲ့နှင့် မြောက်ဦးရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီး ဌာနမှ ၀န်ထမ်းများ ပူးပေါင်း၍ မြောက်ဦးမြို့အား 3D မြေပုံရေးဆွဲရန်နှင့် ကောင်းကင် မြေပုံ ရိုက်ကူးနိုင်ရန် ဇန်နဝါရီ (၂၇)ရက်က မောင်းသူမဲ့ လေယာဉ်များဖြင့် ရှုထောင့်ပေါင်းစုံမှ ရိုက်ကူးခဲ့ကြသည်။

“မောင်းသူမဲ့ ဒရုန်းနှင့် မြောက်ဦးတစ်ခွင်ကို ရိုက်ကြတယ်။ ချက်ချင်း ကွန်ပျူတာနဲ့ ထည့်သွင်းခဲ့ကြတယ်။ 3D  မြေပုံ ထွက်လာအောင်ပါ။ ပထမတစ်ကြိမ်ပြီးပါပြီ။ သုံးကြိမ်လောက် မြောက်ဦးကိုလာရောက်လုပ်ကြရမှာပါ။ တရုတ်နိုင်ငံက ကူညီပေးနေပါတယ်။ 3D မြေပုံ ရေးဆွဲရေးအတွက် လုပ်ငန်းစဉ်တွေကရှိပါသေးတယ်။ သူတို့က ဧပြီလနောက်ဆုံးအပတ်မှာ နောက်တစ်ကြိမ် လာရောက်ကြဦးမှာပါ။ သင်္ကြန်ပြီးနောက်ပိုင်းမှ အခုရေးဆွဲနေတဲ့ 3D မြေပုံ အပြည့်အစုံကို ကျွန်တော်တို့က ပြန်ရမှာပါ။ မြောက်ဦးတစ်ခွင်ကို ဘက်ပေါင်းစုံကနေ အလွယ်တကူ ကြည့်ရှုလို့ ရတော့မှာပါ။”ဟု မြောက်ဦးရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ ညွန်ကြားရေးမှူး ဦးညိမ်းလွင်က ပြောသည်။

အဆိုပါ အဖွဲ့အနေဖြင့် မြောက်ဦးယဉ်ကျေးမူနယ်မြေရှိ အထင်ကရနေရာများဖြစ်သော ရှေးရခိုင်နန်းတော်ဖြစ်ခဲ့ သည့် နန်းတော်ရာကုန်း၊ သျှစ်သောင်း၊ ထုက္ကံသိမ်၊ အံတော်သိမ်၊ လောင်းဗွန်းပြောက်နှင့် မာန်ငါးပါးစေတီများ စသည့် ထုထည်ကြီးမားသော စေတီပုထိုးတော်များအား မောင်းသူမဲ့ ဒရုန်းလေယာဉ်ဖြင့် ထောင့်ပေါင်းစုံမှ  ရိုက်ကူးကာ 3D မြေပုံရေးဆွဲနိုင်ရန် စီစဉ်နေကြပြီး ကျန်ရှိနေသေးသည့် အခြားနေရာများကိုလည်း နောက်အကြိမ်များတွင် လာရောက်၍ ထပ်မံရိုက်ကူးကြမည်ဖြစ်ကြောင်း သိရသည်။

မြောက်ဦးမြို့သည် ရခိုင်ဘုရင်တို့ နာက်ဆုံးစိုးစံခဲ့သော မြို့တော်ဖြစ်ပြီး ၁၄၃၀ ပြည့်နှစ်မှ ၁၇၈၅ အထိ ရှည်ကြာခဲ့သည်။

မြို့တည်ဘုရင် မင်းစောမွန်သည် တောတောင်ချောင်း မြောင်းများကို အခြေခံကာ ခံတပ်မြို့ကြီး သဖွယ်ဖြစ် အောင် တည်ဆောက်ခဲ့ကာ ရခိုင်မင်းဆက်ပေါင်း (၄၉)ဆက်၊ နှစ်ပေါင်း (၃၅၄)နှစ် ကြာရှည်ခဲ့သဖြင့် ရခိုင်ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များ တည်ရှိသည်။

Check Also

မော်လမြိုင်ကျွန်းမြို့နယ်တွင် ဓနိဈေးများ ထက်ဝက်နီးပါးမြင့်တက်

ကျော်ထက်လင်း (မြစ်မခ) မော်လမြိုင်ကျွန်း၊ မေ ၂၅ ရက်။ ဧရာဝတီတိုင်းဒေသကြီး၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် မိုးဦးကာလ အိမ်ပြုပြင်သူများလာသဖြင့် မေလတတိယ အပါတ်မှ စတင်၍ ဓနိဈေးများမှာ ယခင်နှစ်ဈေးနှုန်းထက် …