Wednesday , February 15 2017
Home / FNews / ကြံခင်းမြို့နယ်၊ ပေါက်တိုင်းကျေးရွာဘုရားပွဲတွင် မော်ဒယ် ဇွန်သဉ္ဇာဖျော်ဖြေမှုကို သဘင်ပညာရှင်များ အစည်းအရုံးမှ တားမြစ်သော်လည်း ဇွန်သဉ္ဇာဖျော်ဖြေမည်ဟု လိုက်လံကြေငြာမှုများရှိနေ

ကြံခင်းမြို့နယ်၊ ပေါက်တိုင်းကျေးရွာဘုရားပွဲတွင် မော်ဒယ် ဇွန်သဉ္ဇာဖျော်ဖြေမှုကို သဘင်ပညာရှင်များ အစည်းအရုံးမှ တားမြစ်သော်လည်း ဇွန်သဉ္ဇာဖျော်ဖြေမည်ဟု လိုက်လံကြေငြာမှုများရှိနေ

ကြယ်စင်လင်း (မြစ်မခ)

ရန်ကုန်၊ဇန်နဝါရီ(၁၀)ရက်။

ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ်၊ ပေါက်တိုင်းကျေးရွာရှိ တုမရရွှေသာလျောင်းဘုရားပွဲတော်တွင် မော်ဒယ် ဇွန်သဉ္ဇာ ဖျော်ဖြေမှုကို မြန်မာနိုင်ငံသဘင်ပညာရှင်များအစည်းအရုံးမှ ထားမြစ်ထားသော်လည်း ကြံခင်းမြို့နယ်တွင် ဇန်နဝါရီ(၁၀)ရက်၌ ဇွန်သဉ္ဇာ ဖျော်ဖြေမည်ဟု လိုက်လံကြေငြာမှုများရှိနေကြောင်း ဒေသခံများထံမှ သိရှိရသည်။

“ဇွန်ကြီး ပွဲမှာ မပါတော့ဘူး။ ပြောတာပဲ။ ဒါပေမယ့် ဒီနေ့ နေ့ခင်းအထိ မိုက်နဲ့ကြေငြာနေတာပဲ။ ဒီပွဲ မလာတော့ ဘူးလို့ fb မှာ တွေ့ရတော့ ဘယ်လိုမှန်းမသိတော့ဘူး။ ဒီနေ့ ညကျမှ ပါမပါ အဖြေသိမယ်။ ဒီပွဲမလာလဲ ကြာအင်းပွဲကိုတော့ ပါမယ်ထင်တယ်။ ကြာအင်းက (၂၀)ရက်ကျမှ။”ဟု ကြံခင်းမြို့ဒေသခံ မမိုးမိုးက ပြောသည်။

အဆိုပါ ဘုရားပွဲတော်ကို ဇန်နဝါရီ(၁၀)ရက်မှ (၁၂)ရက်အထိ ပြုလုပ်သွားမည်ဖြစ်ပြီး မြန်မာယဉ်ကျေးမှုနှင့် မ ကိုက်ညီသည့် ဗီနိုင်းကြော်ငြာကြောင့် ဒေသခံများအကြားတွင် အငြင်းပွားမှုဖြစ်ပေါ်ခဲ့ရာမှ မြန်မာနိုင်ငံ သဘင်အစည်းရုံးမှ ဂေါပကအဖွဲ့သို့ ပွဲအားတားမြစ်လိုက်ကြောင်း သတင်းများထွက်ပေါ်ခဲ့ကြောင်း သိရသည်။

“ဇွန်သဉ္ဇာ ဒီညပါမပါဆိုတာ ကျွန်တော်တို့ဆီ တရားဝင်တော့ မလာဘူး။ သဘင်အစည်းအရုံးက ဝင်တားရင် တော့ မပြောတတ်ဘူး။ အမှန်တကယ်က ဇွန်သဉ္ဇာက မြန်မာထမီနဲ့ ဖြေဖျော်မှုလုပ်သွားရင် ဘယ်လိုလုပ်မလဲ။ ခုက ဇွန်သဉ္ဇာပေးတဲ့ ကာဗာကိုလည်း ကပ်တာမဟုတ်ဘူး။ သူတို့ဖာသာ အင်တာနက်ထဲက download လုပ်ပြီး ဗီနိုင်းထုတ်တာ။ ဆိုလိုချင်တာက သူက နဂိုက sexy ကတယ်ဗျာ။ ခုမြန်မာသံစဉ်မျိုးနဲ့ ဖြေဖျော်သွားရင် သွားတားတဲ့သူက ငုတ်တုတ်မေ့သွားမှာပေါ့။ သူ့ကို Black List သွင်းထားတာမှ မဟုတ်တာ။ သွင်းထားရင် ကျွန်တော်တို့ဆီ အကြောင်းကြားစာပို့ရင် တစ်မျိုးပေါ့။ သဘင်ကတားတယ်ဆိုရင်တော့ ကျွန်တော်တို့ကို ပြောရမယ်။ သူတို့ ဖာသာသွားတားလို့ မရဘူး။ ဗီနိုင်းကပ်တာ သူကပ်တာမှ မဟုတ်တာ။ ကပ်တဲ့သူ တရားစွဲ ရမှာလေ။ သတ်မှတ်ထားတဲ့ ညွန်ကြားချက်ထဲမှာ ဘောင်ဝင်ရင်တော့ ကျွန်တော်တို့က ပေးရမှာပဲလေ။”ဟု ကြံခင်းမြို့နယ်အုပ်ချူပ်ရေးမှူး ဦးဖြိုးမင်းထိုက်က ပြောသည်။

အဆိုပါ ကိစ္စကို ဇွန်သဉ္ဇာမှ သူမ၏ လူမှုစာမျက်နှာတွင် ပြန်လည်ဖြေရှင်းထားပြီး ဇန်နဝါရီ(၁၀)ရက်တွင် သဘင်အစည်းရုံးထံ သွားရောက်ရှင်းပြထားကြောင်း သိရသည်။

“ဇွန်ကို ဒီနေ့ကြံခင်းမြို့နယ်မှာ သီဆိုဖို့ ပွဲကန်ထရိုက်တွေလာငှားတော့ ဗီနိုင်းထုတ်ရန် အဆင်ပြေသင့်လျော် တဲ့ပုံတွေကို viber နဲ့ ပို့ပေးခဲ့ပါလျှက် ကန်ထရိုက်က ပွဲပေါက်ဖို့ ရည်ရွယ်ချက်နဲ့ မသင့်တော်တဲ့ပုံကို fb မှ ဇွန့်ကို တိုင်ပင် အသိပေးချင်းလုံးဝမရှိဘဲ download ယူ ဗီနိုင်းများကပ်ထားတာကြောင့်ကျွန်မအပေါ်ပရိတ်သတ်တွေနဲ့ သဘင်အစည်းရုံးက အထင်မြင်လွဲမှားမှုတွေဖြစ်ခဲ့ပါတယ်။ ကြံခင်းပွဲကန်ထရိုက်အား နောင်ကျဉ်စေရန် ဒီနေ့ည ကြံခင်းပွဲကို သွားရောက်မဖျော်ဖြေနိုင်ပါ။ ပါမစ်ပိတ်ခံရတာလည်း မဟုတ်ပါဘူး။” ဟု ဇွန်သဉ္ဇာမှ သူမ၏ လူမှုကွန်ယက်တွင် ပြန်လည်ဖြေရှင်းထားသည်။

အဆိုပါ ဗီနိုင်းကြော်ငြာကြောင့် နောက်လာငှားသော ကန်ထရိုက်များကိုလည်း ဇွန်သဉ္ဇာပို့ပေးထားသော ပုံ များကိုသာ ဗီနိုင်းထုပ်ရန်၊ ခွင့်ပြုချက်မရှိဘဲ fb မှ မသင့်လျော်သောပုံများအား ဗီနိုင်းထုတ်ခြင်းမပြုရန်နှင့် ထိုသို့ပြုလုပ်ခဲ့ပါက တရားစွဲဆိုသွားမည်ဖြစ်ပြီး အခြားလက်ခံထားသော ပွဲများအားလုံးကို ဆက်လက် ဖျော်ဖြေသွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေရှင်းထားသည်။

Check Also

မြန်မာနိုင်ငံတွင် ငါးရှဥ့်မွေးမြူရောင်းချနိုင်မည့် နည်းပညာကို ဗီယက်နမ်မှ ကူညီမည်

ပိုင်ထက် (မြစ်မခ) ရန်ကုန်၊ ဖေဖော်ဝါရီ(၁၃)ရက်။ ပြည်တွင်း၌ ငါးရှဥ့်မွေးမြူရေးကို အောင်မြင်စွာ လုပ်ကိုင်နိုင်ရန်အတွက် ဗီယက်နမ်မှ နည်းပညာပိုင်းဆိုင်ရာများ ပံ့ပိုးကူညီပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ငါးရှဥ့်လုပ်ငန်းရှင်များအသင်းမှ သိရှိရသည်။