Tuesday , April 11 2017
Home / FNews / အမ်းချောင်းအား ပိတ်ဆို့ကာ တာတမံဘောင်တည်ဆောက်ထားမှုအား ပြန်လည်တူးဖော်ရန် ဒေသခံများ လိုလား

အမ်းချောင်းအား ပိတ်ဆို့ကာ တာတမံဘောင်တည်ဆောက်ထားမှုအား ပြန်လည်တူးဖော်ရန် ဒေသခံများ လိုလား

ပန်လှအောင် (မြစ်မခ)

မင်းပြား၊ ဇန်န၀ါရီ (၉) ရက်။

ရခိုင်ပြည်နယ် အမ်းမြို့နယ်တွင် အမ်းချောင်းအား ပိတ်ဆို့ကာ တာတမံဘောင်တည်ဆောက်ထားမှုအား ပြန်လည် တူးဖော်ရန် ဒေသခံများက လိုလားလျက်ရှိကြောင်း သိရှိရသည်။

အမ်းချောင်းရေအား လျှပ်စစ်စီမံကိန်းတည်ဆောက်စဉ်က ချောင်းကိုပိတ်ပြီး ရေလွှဲနိုင်ရန်အတွက် အခိုင်အမာ တည်ဆောက်ခဲ့သည့် ကွန်ကရစ်တာတမံများမှာ စီမံကိန်းရပ်နားသွားပြီဖြစ်သော်လည်း ပြန်လည် တူးဖော် ပေးခြင်း မရှိသည့်အတွက် အမ်းမြို့နယ်ရှိ ဇာဒီမော်၊ ကိုးပင်တန်း၊ နေပူကန်၊ စိဝ၊  ရုံဝ၊ ဇင်းကျော်၊ ပိန္နဲပင်၊ လော်ဟိုင်း၊ တံတားကြီး၊ လော်ဝ၊ လက်ပံကုန်းစသည့် ကျေးရွာများအနေဖြင့် ရေလမ်းခရီးသွားလာရာတွင် အခက်တွေ့နေကြခြင်းဖြစ်သည်။

“စီမံကိန်းလုပ်တဲ့အခါ ကွန်ကရစ်တွေနဲ့ အခိုင်အမာ လုပ်ခဲ့တဲ့အတွက် ချောင်းကို ပိတ်ထားသလိုဖြစ်နေတယ်။ စက်လှေတွေက လုံးဝအပေါ်ကို တက်လို့မရဘူး။ စက်လှေကို ကျော်တက်လို့ရအောင် လူအားနဲ့ ၀ိုင်းတွန်းတင် နေကြရတယ်။ အမ်းချောင်းက ရေးစီးကြမ်းတာမို့ စက်လှေတွေ မကြာခဏ မှောက်နေကြတယ်။”ဟု နေပူကန်ရွာမှ ဦးလှထွန်းက ပြောသည်။

ချောင်းအတွင်း ရေစီးပြင်ထန်းနေခြင်းကြောင့် စက်လှေမှောက်မူများ မကြာခဏ ဖြစ်ပွားနေပြီး နွေရာသီ ရေလျော့နည်းလာချိန်တွက် ချောင်းတလျှောက်ကျေးရွာများမှ စက်လှေဖြင့် သွားလာရာတွင် အဆင်မပြေမှုများ နေ့စဉ်ကြုံတွေ့နေကြရသည်။

“တာတမံဘောင်ကြောင့် ဒီလမ်းကြောင်းမှာ အများကြီးအခက်အခဲဖြစ်စေပါတယ်။ မြို့ကို အခြေပြုပြီး လုပ်ကိုင်  စားသောက်နေရတဲ့ ရွာတွေအများကြီးပါ။ ဒီတာဘောင်ကို ဖောက်မယ်ဆိုရင်လဲ လူအားနဲ့ ဖောက်လို့ မရနိုင်ပါ ဘူး။ စက်ကြီးတွေနဲ့ တူးဖော်မှရမှာပါ။ အရေးအကြောင်းဖြစ်လို့ သွားရလာရတဲ့ အခါမှာ အသက်အန္တရာယ် စိုးရိမ်နေရပါတယ်။”ဟု ကိုးပင်တန်းကျေးရွာမှ ဦးမာင်မောင်လေးက ပြောသည်။

မိုးရာသီတွင် တာတမံအားကျော်၍ စီးသည့်ရေမှာ ပြင်းအားကြီးသည့်အတွက် ခရီးသွား လှေများမှာ အပေါ်သို့ မတက်ရောက်နိုင်ကြောင်းသိရပြီး အဆင်ပြေသလို သွားလာနေရသည့်အတွက် ခရီးကြန့်ကြာမှုဖြစ်ပွားနေသဖြင့် အမ်းချောင်းအတွင်း ပိတ်ဆို့နေသည့် တာတမံဘောင်အား စက်ကြီးများဖြင့် ပြန်လည် ဖောက်ပေးစေလိုကြောင်း ဒေသခံများထံမှ သိရသည်။

 

Check Also

သင်္ကြန်ကာလ သံချပ်ဖျော်ဖြေတင်ဆက်မှုကို မွန်ပြည်နယ် အစိုးရအဖွဲ့မှ တားမြစ်မည်မဟုတ်

ချိုမာအောင် (မြစ်မခ) မော်လမြိုင်၊ ဧပြီ (၇) ရက်။ မွန်ပြည်နယ်တွင် သင်္ကြန်ကာလအတွင်း ဖျော်ဖြေတင်ဆက်မည့် သံချပ်များနှင့် ပတ်သက်၍ မွန်ပြည်နယ် အစိုးရအဖွဲ့ထံ တင်ပြရမည်ဖြစ်သော်လည်း တားမြစ်ပိတ်ပင်ခြင်းပြုလုပ်မည် …