Saturday , March 10 2018
Home / သတင်း / ပြည်သူ့ သတင်း / မှတ်ပုံတင်ထားသည့် ဝေဒနာရှင်များကိုသာ ထောက်ပံ့ပေးမှုကြောင့် လူနာအများစု စားဝတ်နေရေး အခက်အခဲရှိ

မှတ်ပုံတင်ထားသည့် ဝေဒနာရှင်များကိုသာ ထောက်ပံ့ပေးမှုကြောင့် လူနာအများစု စားဝတ်နေရေး အခက်အခဲရှိ

လူမှုဝန်ထမ်းဦးစီးဌာနမှ အနာကြီးရောဂါ ဝေဒနာရှင်များကို ထောက်ပံ့ပေးရာတွင် မှတ်ပုံတင်ထားသည့် လူနာများကိုသာ ရွေးချယ်ပေးခြင်းကြောင့် ကျန်ရှိနေသည့် လူနာများက စားဝတ်နေရေး အခက်အခဲ ဖြစ်ပေါ်လျက်ရှိသည်ဟု လူနာများထံက သိရှိရသည်။

လူမှုဝန်ထမ်းဦးစီးဌာနသည် အနာကြီးရောဂါသည်လူနာ (၈၅)ဦးခန့်သာ မှတ်ပုံတင်လက်ခံထားရှိပြီး သတ်မှတ်ဦးရေထက် ကျော်လွန်ပါက ထောက်ပံ့မှု မပေးကြောင်း မေတ္တာပရဟိတ ဂေဟာမှ ဂေဟာမှူးက ပြောသည်။

 

“ကျွန်တော်တို့ဆီမှာ လူနာတွေက တိုးလာတယ်။ဒါပေမဲ့ လူမှုဝန်ထမ်းဦးစီးဌာနက (၈၅)ဦးပဲ သတ်မှတ်ထားတော့ ကျန်တဲ့လူနာတွေအတွက်က အခက်အခဲဖြစ်တာပေါ့။ဒါကြောင့်မို့ မှတ်ပုံတင်လူဦးရေကို များများပိုပြီး ခွင့်ပြုပေးဖို့ လိုအပ်တယ်။ “ ဟု မေတ္တာပရဟိတ ဂေဟာမှူး ဦးသန်းဦးက ပြောသည်။

လှည်းကူးမြို့နယ် မရမ်းချောင်းကျေးရွာ မေတ္တာပရဟိဂေဟာမှ မှတ်ပုံတင်ခွင့်မရရှိခဲ့ခြင်းကြောင့် ထောက်ပံ့မှု မရရှိသည့် လူနာအချို့မှာ အလှူရှင်မှ လာရောက် လှူဒါန်းမှသာ နေထိုင်စားသောက်နေရသည်ဟု အသက် (၇၀)၀န်းကျင် ရောဂါဝေဒနာရှင်တစ်ဦးက ဆိုသည်။

“ အမေတို့ အရင်က လမ်းပေါ်မှာပဲ နေခဲ့စားခဲ့ရတယ်၊ အမေရဲ့ သားသမီး မိသားစုအရင်းတွေကတောင် အိမ်မှာ လက်မခံတော့ ဒီရောက်လာတာပေါ့ အမေက လူမှုဝန်ထမ်းဦးစီးဌာနကို မှတ်ပုံတင်ဖို့ အခွင့်အရေးမရခဲ့ဘူး အဲ့ဒါကြောင့် အလှူရှင်ရှိတဲ့အချိန်မှ စားသောက်ရတယ်၊ မရှိတဲ့အချိန်ဆို သူတို့လှူခဲ့တာလေးတွေနဲ့ အလှူရှင်နောက်တစ်ခေါက်လာလှူမယ့်နေ့အထိ အသက်ဆက်ရတာပါ။” ဟု အသက်(၇၀) ၀န်းကျင် ရောဂါဝေဒနာခံစားနေရသူ တစ်ဦးက ပြောသည်။

လူမှုဝန်ထမ်းဦးစီးဌာနသည် မေတ္တာပရဟိတဂေဟာမှ မှတ်ပုံတင်ထားရှိသည့် အနာကြီးရောဂါ လူနာများကို တစ်နေ့လျှင် (၂၀၀) ကျပ်နှုန်းဖြင့် ထောက်ပံ့ပေးလျက်ရှိပြီး ဆေးဝါးများအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ကူညီထောက်ပံ့ပေးလျက်ရှိကြောင်း အဆိုပါ ဂေဟာမှ လူနာအချို့က ဆိုသည်။

“လူမူဝန်ထမ်းဦးစီးဌာနက နေ့တိုင်းတစ်ဦးကို နှစ်ရာထောက်ပံ့ပေးတယ်၊မှတ်ပုံမတင်ထားတဲ့ သူတွေကတော့ ပြင်ပအလှူရှင်တွေရဲ့ အလှူနဲ့ရပ်တည်နေရတယ်၊ အလှူရှင်မရှိတဲ့နေ့ဆိုရင် ထမင်းဆီဆမ်းကို ပဲနဲ့နေ့တိုင်းစားရပါတယ်”ဟု မေတ္တာပရဟိတဂေဟာမှ ဒေါ်ခင်က ပြောသည်။

လှည်းကူးမြို့နယ် မရမ်းချောင်းကျေးရွာမှ မေတ္တာပရဟိတ ဂေဟာတွင် အနာကြီးရောဂါ လူနာ (၁၂၉) ဦးခန့် ရှိပြီး အဆိုပါ လူနာများမှ (၈၅) ယောက်သာ သက်ဆိုင်ရာမှ ထောက်ပံ့မှုပြုနိုင်ခြင်းကြောင့် ကျန်ရှိနေသည့် လူနာ (၃၄)ဦးအတွက် ထောက်ပံ့မှု လိုအပ်နေကြောင်း သိရှိရသည်။

လူမှုဝန်ထမ်းဦးစီးဌာနမှ မေတ္တာပရဟိတ ဂေဟာမှ မှတ်ပုံတင်ထားသည့် လူနာများကိုသာ ထောက်ပံ့မှုပေးရခြင်းမှာ ၄င်းဌာနအနေဖြင့် အခြားသော လူမှုရေးအသင်းအဖွဲ့များကိုပါ ထောက်ပံ့ပေးနေရခြင်းကြောင့် ငွေကြေး အခက်အခဲပြသာနာများ နေသည်ဟု လူမှုဝန်ထမ်းဦးစီးဌာန ဥက္ကဌ ဦးဝင်းမောင်ကဆိုသည်။

“ကျွန်တော်တို့က မထောက်ပံ့ပေးချင်လို့မဟုတ်ပါဘူး အခြား ဂေဟာတွေကိုလည်း ကူညီထောက်ပံ့ပေးနေရတာပါ။ မိဘမဲ့ဂေဟာတို့ ၊ ဘိုးဘွားရိပ်သာတို့ နဲ့ ဘ.က ကျောင်းတွေကိုလည်း ထောက်ပံ့ပေးနေရတော့ မလုံမလောက်တာတွေ ဖြစ်တာပေါ့” ဟု လူမှုဝန်ထမ်းဦးစီးဌာန ဥက္ကဌ ဦးဝင်းမောင်က ပြောသည်။

တစ်နေ့တာ စားသောက်မှုအတွက် လူမှုဝန်ထမ်းဦးစီးဌာနမှ တစ်ဦးလျှင် နှစ်ရာကျပ်နှုန်းဖြင့် မှတ်ပုံတင်ထားသည့် လူနာများအား ထောက်ပံ့ပေးလျက်ရှိပြီး ကျန်းမာရေးဝန်ကြီးဌာနမှလည်း ဆေးဝါးများအတွက် ကူညီထောက်ပံ့ပေးလျက်သည်ဟု အဆိုပါ မေတ္တာဂေဟာမှ ဂေဟာမှူး ဦးသန်းဦးက ဆိုသည်။

၁၉၉၅ ခုနှစ်တွင် မရမ်းချောင်းကျေးရွာမှ ဒေသခံများ၏ အလှူငွေဖြင့် လူနာများကို စတင်၍ ကူညီနိုင်ခဲ့ပြီး ၁၉၉၇ ခုနှစ်တွင် မေတ္တာပရဟိတ ဂေဟာကို တရားဝင် တည်ထောင်ခဲ့သည်။

Check Also

မြန်​မာနိုင်​ငံတွင်​ Cyber Law ကို လိုအပ်​သလို ကိုင်​တွယ်​​ဖြေရှင်းနိုင်​မည့်​ အဖွဲ့စည်းများရှိရန်လို

  ပိုင်​ထက် ​(မြစ်​မခ) ရန်​ကုန်​၊ နိုဝင်​ဘာ ၉ ရက်​။ မြန်​မာနိုင်​ငံတွင်​ ဆိုရှယ်​မီဒီယာ၊ အွန်းလိုင်းမှအမှုခင်းများကို ဖြေရှင်းနိုင်​မည့်​ Cyber Law ပြဌာန်းရန်​ လိုအပ်​​နေပြီး …