Monday , November 27 2017
Home / သတင်း / ပြည်သူ့ သတင်း / မြန်မာနိုင်ငံသည် ပျိုတိုင်းကြိုက်သည့် နှင်းဆီခိုင်ဖြစ်နေကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးစောသန်းထွဋ်ပြောဆို

မြန်မာနိုင်ငံသည် ပျိုတိုင်းကြိုက်သည့် နှင်းဆီခိုင်ဖြစ်နေကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးစောသန်းထွဋ်ပြောဆို

မောင်မောင်ငြိမ်း (မြစ်မခ)

မြန်မာနိုင်ငံသည် လက်ရှိအချိန်တွင် ပျိုတိုင်းကြိုက်သည့် နှင်းဆီခိုင်ဖြစ်နေကြောင်း ကရင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၂)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစောသန်းထွဋ်က ပြောဆိုလိုက်သည်။

“ကျွန်တော်တို့နိုင်ငံက အရင်နဲ့မတူတော့ဘူး။ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ဖြစ်နေပြီ။ ရင်းနှီးမြှုပ်နှံချင်တဲ့နိုင်ငံ တွေ၊ ငွေချေးချင်တဲ့နိုင်ငံတွေ အများကြီး၊ အရင်တုန်းကငွေချေးရင် ပေါက်ဈေးလို့ခေါ်တဲ့ လေး၊ ငါး၊ ခြောက်၊ ခုနှစ်စသည်ဖြင့် အတိုးပေးရတယ်။ အခုချိန်မှာ အဖွဲ့အစည်းကချေးမယ်ဆိုရင် တစ်ကျပ်အတိုးတောင်မပေးရ တော့ဘူး (၀.၀၇)ပဲရှိတယ်။ ဒီချိန်မှာ ကျေးရွာလူငယ်တွေက ကိုယ့်ကျေးရွာဖွံ့ဖြိုးရေးအတွက် ပါဝင်လာကြတယ်။ ကိုယ့်ကျေးရွာရဲ့အချက်အလက်တွေပေါ်မူတည်ပြီး ကျေးရွာရဲ့လိုအပ်ချက်၊ ကျေးရွာရဲ့ဆန္ဒနဲ့အညီ ကိုယ့်ကျေး ရွာဖွံ့ဖြိုးရေးကို ကိုယ့်ကျေးရွာသားတွေကိုယ်တိုင် ပါဝင်သုံးသပ်ဆုံးဖြတ်နိုင်ဖို့လိုတယ်။”ဟု ကရင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၂)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစောသန်းထွဋ်က ပြောသည်။

ဘားအံမြို့နယ်စုပေါင်းရုံး၌ အောက်တိုဘာ ၁၂ ရက်က စတင်ဖွင့်လှစ်သည့် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းရေးဆွဲ နည်းသင်တန်းတွင် ဦးစောသန်းထွဋ်က ပြောဆိုခြင်းဖြစ်သည်။

အဆိုပါသင်တန်းတွင် ကျေးရွာတစ်ရွာလျှင် ဖွံ့ဖြိုးရေးအကျိုးဆောင်(၂)ဦးနှုန်းတက်ရောက်နိုင်ပြီး သင်တန်းတက် ရောက်သူများသည် ကျေးရွာဖွံ့ဖြိုးရေးအထောက်အကူပြုဇယားနှင့် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းစာတမ်း ပြုစုရမည် ဖြစ်ကြောင်း သိရသည်။

“အထောက်အကူပြုဇယားဆိုတာက ကိုယ့်ကျေးရွာရဲ့ အချက်အလက်တွေ၊ ဥပမာ လူဦးရေဘယ်လောက်ရှိ တယ်။ ကျား၊ မ ဘယ်လောက်ရှိတယ်။ (၁၈)နှစ်အောက်၊ အထက် ဘယ်လောက်ရှိတယ်။ ပြီးတော့ ပညာရေး၊ စီးပွားရေး၊ သောက်သုံးရေရရှိမှု၊ မီးစတဲ့ အချက်တွေ အမှန်ဆုံးဖြစ်အောင်ဖြည့်သွင်းရမယ်။ ကိုယ့်ကျေးရွာရဲ့ လို ချင်တာနဲ့လိုအပ်ချက် ကွဲပြားရမယ်။ ဘားအံမြို့နယ်မှာ ကျေးရွာအုပ်စု(၉၁)အုပ်စုရှိတဲ့အထဲက ပထမသုတ်(၁၅) ရွာ၊ တစ်ရွာ(၂)ဦးနှုန်း၊ (၄)ရက်ကြာ သင်တန်းများပေးသွားမယ်။ ကျန်တဲ့ရွာတွေကိုလည်း ဆက်လက်သင်ကြား ပေးသွားမှာပါ။”ဟု ဘားအံမြို့နယ်ကျေးလက်ဦးစီးမှူး ဦးခင်မောင်ဝင်းက ပြောသည်။

ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ရန်ပုံငွေရရှိနိုင်မည့်လမ်းကြောင်းများမှာ ပြည်ထောင်စုဘတ်ဂျက်ငွေ၊ ပြည်နယ်ဘတ်ဂျက်ငွေ၊ လွှတ်တော်ကိုယ်စားလှယ်ဘတ်ဂျက်ငွေ၊ သက်ဆိုင်ရာမြို့နယ်ရန်ပုံငွေ၊ ကုလသမဂ္ဂဖွံ့ ဖြိုးရေးရန်ပုံငွေ၊ နိုင်ငံတကာအလှူရှင်အဖွဲ့အစည်းများနှင့် ပုဂ္ဂလိကအလှူရှင်များထံမှ ရရှိနိုင်မည်ဖြစ်ပြီး ကျေးရွာ များအတွက် အဆိုပါ ရန်ပုံငွေရရှိနိုင်ရန်မှာ သက်ဆိုင်ရာကျေးရွာသင်တန်းသားများက ကျေးရွာဖွံ့ဖြိုးရေး အထောက်အကူပြုဇယားနှင့် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းစာတမ်းပြုစုခြင်းကို မဖြစ်မနေလုပ်ဆောင်ရမည် ဖြစ်ကြောင်း သိရသည်။

 

Check Also

မောင်တောမြို့နယ်အတွင်း ဟိန္ဒူနေအိမ်များ မီးရှို့ခံနေရခြင်းကို စုံစမ်းစစ်ဆေးမှုများပြုလုပ်နေ

အာရကန်ကိုကို (မြစ်မခ) ကျောက်ဖြူ၊ စက်တင်ဘာ(၂၈)ရက်။ ရခိုင်ပြည်နယ်၊ မောင်တောမြို့၊ ရွာသစ်ကေရပ်ကွက်ရှိ ဟိန္ဒူနေအိမ်များ မီးရှို့ခံနေရခြင်းကို စိစစ်ဖော်ထုတ်နိုင် ရေး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း မောင်တောမြို့မ ရဲစခန်းမှ …