Friday , September 22 2017
Home / သတင်း / ပြည်သူ့ သတင်း / အလှကုန်ဥပဒေကို ၂၀၁၇ နှစ်ကုန်ပိုင်းတွင် အတည်ပြုပြဌာန်းနိုင်ရန် မျှော်မှန်းထား

အလှကုန်ဥပဒေကို ၂၀၁၇ နှစ်ကုန်ပိုင်းတွင် အတည်ပြုပြဌာန်းနိုင်ရန် မျှော်မှန်းထား

 

ယမုံ (မြစ်မခ)

ရန်ကုန်၊ သြဂုတ် ၂၈ ရက်။

မြန်မာ့ဈေးကွက်အတွင်း တရားမဝင်ရောင်းချနေသည့် အလှကုန်ပစ္စည်းများကိုထိန်းချုပ်နိုင်ရန် ရေးဆွဲထားသည့် အလှကုန်ဥပဒေကို ၂၀၁၇ ခုနှစ် နှစ်ကုန်ပိုင်းတွင် အတည်ပြုပြဌာန်းနိုင်ရန် မျှော်မှန်းထားကြောင်း အစားအ သောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)မှ သိရှိရသည်။

အဆိုပါဥပဒေကို ရှေ့နေချုပ်ရုံးသို့ ဇူလိုင် ၁၈ ရက်က တင်ပြထားပြီး ရှေ့နေချုပ်ရုံးက အတည်ပြုလက်ခံပြီးပါက လွှတ်တော်သို့ ဆက်လက်တင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။

“အလှကုန်ဥပဒေက ရှေ့နေချုပ်ရုံးကို တင်ထားပြီးပြီ။ ရှေ့နေချုပ်ရုံးကနေမှ သူတို့ ပြင်ခိုင်းတာတွေ ရှိရင်ရှိဦးမှာ။ သူတို့ဆီက ပြန်ကျလာတော့မှ ကြည့်ပြီးတော့ ဆရာမတို့လုပ်ရမှာပေါ့။ ရှေ့နေချုပ်ရုံးက ပြန်ကျလာရင် လွှတ် တော်အဆင့်ဆင့်တင်တာတွေရှိတယ်။ ဆရာမတို့မှန်းတာကတော့ ၂၀၁၇ ခုနှစ်အကုန်ပိုင်းမှာ အတည်ပြုထွက် လာနိုင်မယ်။ ဒါကတော့ မှန်းတာပေါ့။ ကိုယ့်မှန်းချက်ပေါ့။ သေချာပေါက်တော့ ပြောလို့မရဘူး။”ဟု အစားအ သောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သဇင်ရီလှိုင်ကပြောသည်။

ပြည်တွင်းဈေးကွက်အတွင်းရောင်းချလျက်ရှိသည့် အလှကုန်ပစ္စည်းများ တင်သွင်းဖြန့်ဖြူးခြင်း၊ ထုတ်လုပ်ခြင်း များကို အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၌ တရားဝင်မှတ်ပုံတင်ခြင်း၊ FDA မှသတ်မှတ်ထား သည့်မူဘောင်အတွင်း ထုတ်လုပ်ခြင်း၊ သုံးစွဲသည့်ပြည်သူများအနေဖြင့်လည်း မိမိနှင့် သင့်တော်သော အလှ ကုန်များသုံးစွဲခြင်းတို့အတွက် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက ပညာပေးလုပ်ငန်းများ လုပ် ဆောင်နေကြောင်း သိရသည်။

“အဓိကတော့ အလှကုန်ပစ္စည်းတစ်ခုထုတ်လုပ်တာပဲဖြစ်ဖြစ်၊ တင်သွင်းလာတာပဲဖြစ်ဖြစ်၊ ရောင်းချတာပဲဖြစ်ဖြစ် FDA ရဲ့ ခွင့်ပြုချက်ရရှိဖို့က အဓိကဖြစ်တယ်။ ဒါမှလည်း စားသုံးတဲ့သူတွေ အန္တရာယ်ကင်းရှင်းမှာဖြစ်တယ်။ အခု လည်း ဒါတွေမရှိဘူးလားဆိုတော့ ရှိတယ်။ ဒါပေမဲ့ လုပ်ငန်းရှင်တွေကလည်း အမှုမဲ့အမှတ်မဲ့တင်သွင်းလာတာ တွေဖြစ်နိုင်တယ်။ ဥပဒေရှိလာရင်တော့ တင်ကိုတင်ရမယ်ဆိုတဲ့အနေအထားမျိုးဖြစ်သွားမယ်။ အဲဒါက နံပါတ် တစ်အချက်ပေါ့။ အရင်ကတော့ တင်ရမယ်ဆိုတာရှိပြီးသား။ အခု ဥပဒေထွက်လာရင် မတင်ခဲ့လို့ရှိရင် ထုတ် လုပ်တာ၊ တင်သွင်းတာ၊ ရောင်းချတာတွေကို ဥပဒေအရ ငွေဒဏ်နဲ့ ပြစ်မှုပြစ်ဒဏ်ရှိလာမှာပါ။”ဟု မြန်မာနိုင်ငံ အလှကုန်အသင်းမှ ဒုတိယဥက္ကဌ ဦးဝင်းနိုင်ကပြောသည်။

အလှကုန်ဥပဒေကို ကျန်းမာရေးဝန်ကြီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြန်မာနိုင်ငံ အ လှကုန်အသင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနနှင့် ဥပဒေပညာရှင်များပူးပေါင်းကာ ၂၀၁၇ နှစ်စပိုင်းတွင် ရေးဆွဲခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံမှတင်သွင်းသည့် Forever Young အလှကုန်သည် တားမြစ်ဓာတုပစ္စည်းများပါဝင်နေပြီး သုံးစွဲသူများ ဘေးထွက်ဆိုးကျိုးများဖြစ်ပွားခဲ့သောကြောင့် FDA က စစ်ဆေးမှုများပြုလုပ်၍ တင်သွင်းသူကိုအရေးယူမည်ဖြစ် ကြောင်း ၂၀၁၆ ခုနှစ်အတွင်း ထုတ်ပြန်ကြေညာခဲ့ရကာ လက်ရှိတွင်လည်း တားမြစ်ဓာတုပစ္စည်းများပါဝင်သည့် အလှကုန်ပစ္စည်းများကို အွန်လိုင်းပေါ်တွင်ရောင်းချမှုများ ရှိနေသည်။

မြန်မာနိုင်ငံတွင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၌ တရားဝင်မှတ်ပုံတင်ထားသည့် အလှကုန် ကုမ္ပဏီပေါင်း(၉၀၀၀)ကျော်ရှိကြောင်းသိရသည်။

 

Check Also

မဲခေါင်ဒေသ(၆)နိုင်ငံ လုံခြုံရေးညှိနှိုင်းဆောင်ရွက်မှု ဗဟိုဌာနရုံး ကျိုင်းတုံမြို့တွင်ဖွင့်လှစ်

  ထက်တိုင်းကျော် (မြစ်မခ) ကျိုင်းတုံ၊ သြဂုတ် ၁၁ ရက်။ မြန်မာနိုင်ငံအပါအဝင် မဲခေါင်ဒေသ(၆)နိုင်ငံပူးပေါင်း၍ မူးယစ်ဆေးဝါး၊ လူကုန်ကူးမှု၊ ရာဇဝတ်မှု၊ တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်မှုဖြစ်စဉ်များကို တားဆီးနှိမ်နင်းနိုင်ရန် …