Saturday , May 27 2017
Home / FNews / သထုံအကျဉ်းထောင်မှ လွတ်ငြိမ်းသာခွင့်ဖြင့် အကျဉ်းသား(၃)ဦးလွတ်မြောက်

သထုံအကျဉ်းထောင်မှ လွတ်ငြိမ်းသာခွင့်ဖြင့် အကျဉ်းသား(၃)ဦးလွတ်မြောက်

အောင်မြင့်ထွန်း (မြစ်မခ)

သထုံ၊ မေ ၂၄ ရက်။

နိုင်ငံတော်သမ္မတရုံး၏ အမိန့်အမှတ် ၈/၂၀၁၇ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ(၂၀၄)၊ အပိုဒ်ခွဲ(က)အရ ပြစ်ဒဏ် လွတ်ငြိမ်းသာခွင့်ဖြင့် မွန်ပြည်နယ်၊ သထုံအကျဉ်းထောင်မှ အကျဉ်းသား(၃)ဦး မေ ၂၄ ရက်၊ နံနက်ပိုင်းက လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်ကြောင်း သိရှိရသည်။

နိုင်ငံတော်သမ္မတရုံး၏ညွှန်ကြားချက်အရ ပြစ်ဒဏ်ကျခံနေရသော နိုင်ငံသားအကျဉ်းသား(၃)ဦးအား ရာဇဝတ် ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁(၁)အရ ခြွင်းချက်မရှိ လွှတ်ပေးခဲ့ကြောင်း သထုံအကျဉ်းထောင်မှ တာဝန်ခံဦးစီးအရာရှိ ဦးနိုင်ဝင်းက ပြောသည်။

“ဒီတစ်ခေါက်လွှတ်တဲ့ အကျဉ်းသားတွေက ခြွင်းချက်မရှိလွှတ်ပေးတာပါ။ အရင်တုန်းကဆိုရင် ပြစ်ဒဏ်ကျန်တဲ့ ကာလကို နောက်ပြစ်မှု တစ်စုံတစ်ရာထပ်ဖြစ်ရင် အရင်ကျန်တဲ့ပြစ်ဒဏ်ကာလကို ပြန်ကျခံရတယ်။ အခုဟာက လုံးဝပြစ်ဒဏ်မကျန်ဘဲလွှတ်ပေးတာ အခုလိုလွှတ်ပေးတဲ့သူတွေကိုလည်း အထက်အဆင့်တွေကရွေးချယ်ပြီး လွှတ်ပေးတာပါ။ ကျွန်တော်တို့ဆီက ရွေးချယ်ပေးရတာမဟုတ်ဘူး။ ဒီအကျဉ်းထောင်က(၃)ဦးပါတယ်ဆိုလို့ လွှတ်ပေးတဲ့ တာဝန်ပဲရှိတာပါ။”ဟု ဦးနိုင်ဝင်းကပြောသည်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ၊ ၂၁ ရာစုပင်လုံကို ကြိုဆိုသောအားဖြင့်လည်းကောင်း၊ နိုင်ငံတော်၏ မေတ္တာ နှင့်စေတနာကိုနားလည်ပြီး မိမိအကျိုး၊ ဒေသအကျိုး၊ နိုင်ငံတော်အကျိုးအတွက် အများပြည်သူနှင့်အတူ တာဝန် ထမ်းဆောင်နိုင်စေရေးအတွက်လည်ကောင်း၊ လူမှုရေးအရ ငဲ့ညာသောအားဖြင့်လည်ကောင်း ပြစ်ဒဏ်လွတ် ငြိမ်းခွင့်ပေးခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး၏ ထုတ်ပြန်စာတွင်ဖော်ပြထားသည်။

နိုင်ငံတော်သမ္မတရုံးက ၂၀၁၇ ခုနှစ်၊ မေ ၂၃ ရက်တွင်ထုတ်ပြန်သည့် ရုံးအမိန့်စာအမှတ် ၈/၂၀၁၇ အရ မြန်မာတစ်နိုင်ငံလုံးရှိ အကျဉ်းထောင်အသီးသီးတွင် ပြစ်ဒဏ်ကျခံနေရသော နိုင်ငံခြားသားအကျဉ်းသား(၇၃)ဦး နှင့် နိုင်ငံသားအကျဉ်းသား(၁၈၆)ဦး၊ စုစုပေါင်း(၂၅၉)ဦးအား နိုင်ငံတော်သမ္မတရုံးအမိန့်အရ ပြစ်ဒဏ်လွတ်ငြိမ်း ခွင့်ပေးခဲ့ခြင်းဖြစ်သည်။

Check Also

မော်လမြိုင်ကျွန်းမြို့နယ်တွင် ဓနိဈေးများ ထက်ဝက်နီးပါးမြင့်တက်

ကျော်ထက်လင်း (မြစ်မခ) မော်လမြိုင်ကျွန်း၊ မေ ၂၅ ရက်။ ဧရာဝတီတိုင်းဒေသကြီး၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် မိုးဦးကာလ အိမ်ပြုပြင်သူများလာသဖြင့် မေလတတိယ အပါတ်မှ စတင်၍ ဓနိဈေးများမှာ ယခင်နှစ်ဈေးနှုန်းထက် …