Saturday , May 27 2017
Home / FNews / AA နှင့် ပတ်သက်သည်ဟုဆိုကာ ကျောက်ဖြူအကျဉ်းထောင်၌ ထောင်ဒဏ်ချမှတ်ခံရသူ(၂၄)ဦး လွတ်ငြိမ်း ချမ်းသာခွင့်ဖြင့် လွတ်မြောက်

AA နှင့် ပတ်သက်သည်ဟုဆိုကာ ကျောက်ဖြူအကျဉ်းထောင်၌ ထောင်ဒဏ်ချမှတ်ခံရသူ(၂၄)ဦး လွတ်ငြိမ်း ချမ်းသာခွင့်ဖြင့် လွတ်မြောက်

အာရကန်ကိုကို (မြစ်မခ)

ကျောက်ဖြူ၊ မေ (၂၄) ရက်။

ရခိုင်တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ (AA)နှင့် ပတ်သက်ဆက်နွယ်သည်ဟုဆိုကာ ရခိုင်ပြည်နယ်၊ ကျောက် ဖြူ အကျဉ်းထောင်၌ ထောင်ဒဏ်ကျခံနေရသူ(၂၄)ဦးမှာ နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် မေ ၂၄ ရက်၊ နံနက်ပိုင်းက ပြန်လည်လွတ်မြောက်လာကြောင်း ကျောက်ဖြူ အကျဉ်းဦးစီးဌာနမှ သိရှိရသည်။

အဆိုပါ ဖမ်းဆီးခံရသူများသည် မြန်မာ့တပ်မတော်နှင့် AA တို့ တိုက်ပွဲဖြစ်ပွားခဲ့သည့် ၂၀၁၅ ခုနှစ်အတွင်းက ဖမ်းဆီးခြင်းကိုခံရကာ မတရားအသင်းဆက်သွယ်မှု ပုဒ်မ-၁၇(၁)၊ ၁၇(၂)တို့ဖြင့် ထောင်ဒဏ်အသီးသီး ချမှတ်ခံထားရသူများဖြစ်ကြောင်း သိရသည်။

“ကျောက်ဖြူအကျဉ်းထောင်က (၂၄)ဦးစလုံးအကုန်လွတ်မြောက်ပါတယ်။ ကျောက်ဖြူ၊ စစ်တွေ၊ သံတွဲဆိုရင် ရခိုင်တစ်ပြည်နယ်လုံး (၈၀)ကျော်၊ (၉၀)နီးပါးလောက်ပါမယ်ထင်ပါတယ်။”ဟု ကျောက်ဖြူအကျဉ်းဦးစီးဌာနမှ အရာရှိတစ်ဦးကပြောသည်။

လက်ရှိလွတ်မြောက်လာသူများတွင် ကျောက်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးရေးအသင်း(KRDA)ဥက္ကဌ ဦး မောင်အေးအပါအဝင်(၂၄)ဦးဖြစ်ပြီး ဦးမောင်အေးသည် လွတ်ရက်စေ့ရန် (၂)ရက်အလိုသာကျန်ပြီး အခြားသူ များမှာ လွတ်ရက်စေ့ရန် တစ်နှစ်ကျော်ကျန်သေးကြောင်း ကျောက်ဖြူမြို့နယ် နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်းမှ သိရသည်။

၂၁ ရာစုပင်လုံညီလာခံကို ကြိုဆိုသည်အနေဖြင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတရုံးက ၂၀၁၇ ခုနှစ်၊ မေ ၂၃ ရက်တွင်ထုတ်ပြန်သည့် ရုံးအမိန့်စာအမှတ် ၈/၂၀၁၇ အရ အကျဉ်းထောင်အသီးသီးတွင် အကျဉ်းကျခံနေရသည့် နိုင်ငံသားအကျဉ်းသား(၁၈၆)ဦးအား ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၀၄၊ ပုဒ်မခွဲ(က)အ ရ လွတ်ငြိမ်းချမ်းသာခွင့်ပြုပေးခဲ့ကြောင်း သိရသည်။

Check Also

မော်လမြိုင်ကျွန်းမြို့နယ်တွင် ဓနိဈေးများ ထက်ဝက်နီးပါးမြင့်တက်

ကျော်ထက်လင်း (မြစ်မခ) မော်လမြိုင်ကျွန်း၊ မေ ၂၅ ရက်။ ဧရာဝတီတိုင်းဒေသကြီး၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် မိုးဦးကာလ အိမ်ပြုပြင်သူများလာသဖြင့် မေလတတိယ အပါတ်မှ စတင်၍ ဓနိဈေးများမှာ ယခင်နှစ်ဈေးနှုန်းထက် …