Sunday , April 16 2017
Home / FNews / ဘီးလင်းမြို့နယ်၊ ကရဝေးဆိပ်ကျေးရွာတွင် ကျေးလက်ကျန်းမာရေးဌာနခွဲထားရှိပေးရန် ဒေသခံ(၂၀၀) ကျော် ဆန္ဒထုတ်ဖော်

ဘီးလင်းမြို့နယ်၊ ကရဝေးဆိပ်ကျေးရွာတွင် ကျေးလက်ကျန်းမာရေးဌာနခွဲထားရှိပေးရန် ဒေသခံ(၂၀၀) ကျော် ဆန္ဒထုတ်ဖော်

အောင်မြင့်ထွန်း (မြစ်မခ)

သထုံ၊ ဇန်နဝါရီ (၅) ရက်။

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ကရဝေးဆိပ်ကျေးရွာတွင် ကျေးလက်ကျန်းမာရေးဌာနခွဲ ထားရှိပေးရန် ကရဝေး ဆိပ်ကျေးရွာသား(၂၀၀)ကျော်သည် ဇန်နဝါရီ ၅ ရက်၊ နံနက်ပိုင်းက ဘီးလင်းမြို့ပေါ်၌ သက်ဆိုင်ရာ ရဲစခန်း၏ ခွင့်ပြုချက်ရယူကာ ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း သိရှိရသည်။   

နိုင်ငံတော်မှချပေးသည့် ကျေးလက်ကျန်းမာရေးဌာနခွဲအား သွားလာရန်ခက်ခဲသော ဝင်းသောင်ကျေးရွာတွင် ထားရှိမည့်အစား လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ပြီး လူနေအိမ်ခြေများသော ကရဝေးဆိပ်ကျေးရွာတွင် ထားရှိခြင်းဖြင့် ပတ်ဝန်းကျင်ကျေးရွာများမှဒေသခံများ ကျန်းမာရေးအခြေနေနှင့်ပတ်သက်၍ ပိုမိုအဆင်ပြေစေ ရန်ရည်ရွယ်ကာ ဆန္ဒထုတ်ဖော်ရခြင်းဖြစ်ကြောင်း ဆန္ဒထုတ်ဖော်ရာတွင်ဦးဆောင်သူ ဦးအောင်ကိုလှက ပြောသည်။

“ကျန်းမာရေးဌာနခွဲကို ရွာမှာ ထားစေချင်တာက ရွာမှာက အိမ်ခြေလည်းများတယ်။ ဝင်းသောင်ကျေးရွာက တောင်ပေါ်ကျတဲ့အတွက် အဲ့မှာထားမယ်ဆို သူတို့ဆီက သွားလာဖို့လည်းခက်ခဲတယ်။ အိမ်ခြေလည်း နည်း တယ်။ တကယ်လို့ သူတို့ရွာမှာသာထားခဲ့ရင် အောက်ဘက်ကျေးရွာတွေက ကျန်းမာရေးအခြေအနေဖြစ်လာရင် တောင်ပေါ်ကိုတက်၊ အခြေအနေမကောင်းရင်၊ တစ်ခါပြန်ဆင်းလာရတာနဲ့ လူနာအသက်မီဖို့မလွယ်ဘူး။ ကျွန် တော်တို့ရွာမှာသာထားရင် လမ်းပန်းဆက်သွယ်ရေးကောင်းတဲ့အတွက် အနီးနားရွာတွေကပါ သွားလာရလွယ် ကူမယ်။”ဟု ဦးအောင်ကိုလှကပြောသည်။

ကရဝေးဆိပ်ကျေးရွာတွင် ကျန်းမာရေးဌာနခွဲထားရှိနိုင်ရေး ဆက်လက်တောင်းဆိုသွားမည်ဖြစ်ကာ သက်ဆိုင် ရာကျန်းမာရေးဌာနနှင့် ညှိနှိုင်းမှုများ ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း ဆန္ဒထုတ်ဖော်သူတို့က ဆိုသည်။

ဆန္ဒထုတ်ဖော်ရာတွင် ဘီးလင်းမြို့၊ ဝင်းသောင်ကျေးရွာအုပ်စု၊ ကရဝေးဆိပ်ကျေးရွာမှ မော်တော်ယာဉ်များဖြင့် ထွက်ခွာလာပြီး ဖိုးဝါးသိမ်ကျေးရွာ၊ ဝါးဖြူကုန်းကျေးရွာ၊ သပြေနီကျေးရွာမှ ကျိုက်ထို၊ ဘီးလင်းကားလမ်းမအ တိုင်း ကျိုက်ထီးဆောင်းအဝင်မုဒ်ဦးအနီးတွင် ကားပေါ်မှဆင်းကာ ဘီးလင်းမြို့၊ ကန်သာယာရပ်ကွက်ကားလမ်း မမှ ဘီးလင်းပြည်သူ့ဆေးရုံရှေ့၊ ယင်းမှတဆင့် ဘီးလင်းမြို့နယ်အုပ်ချုပ်ရေးမှူးရုံးရှေ့အထိ လမ်းလျှောက်ချီ တက်၍ ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရသည်။

“ဝင်းသောင်ကျေးရွာအုပ်စုအတွက် ကျေးလက်ကျန်းမာရေးဌာနခွဲရဖို့လျှောက်တယ်။ ရလာတော့ ကျေးရွာအုပ်စု အားလုံးအတွက် အဆင်ပြေမယ့်နေရာကို ချထားပေးဖို့လိုတယ်လေ။ အခုချပေးတော့မယ်ဆိုမှ ဝင်းသောင်ကျေး ရွာမှာချပေးမယ်ဆိုတာ သိရတယ်။ ကျန်းမာရေးဌာနအနေနဲ့ ဒေသခံတွေနဲ့တိုင်ပင်သင့်ပါတယ်။ ကျန်းမာရေးဌာ နခွဲရလာတဲ့အပေါ်မှာ ဘယ်နေရာဆို အဆင်ပြေမလဲဆိုတာမေးသင့်ပါတယ်။ ဒီလိုမဖြစ်သင့်တဲ့အတွက် သက် ဆိုင်ရာအဆင့်ဆင့်ကိုတင်ပြပေမယ့်လည်း မျက်ကွယ်ပြုထားတဲ့အတွက် အခုလိုဆန္ဒထုတ်ဖော်ရတာပါ။”ဟု ဆန္ဒထုတ်ဖော်သူ ဦးမြင့်ဝေကပြောသည်။

ဝင်းသောင်ကျေးရွာအုပ်စုတွင် ဝင်းသောင်ကျေးရွာ၊ ကရဝေးဆိပ်(ကျောင်းစု)၊ ကရဝေးဆိပ်(တောင်သူစု)၊ ကရဝေးဆိပ်(အထက်စု)၊ ကျောက်ပုံကျေးရွာများပါဝင်ပြီး ဝင်းသောင်ကျေးရွာသည် တောင်ပေါ်ရွာဖြစ်ကာ အိမ် ခြေ(၄၀)ကျော်သာရှိပြီး ကရဝေးဆိပ်(၃)ရွာတွင် အိမ်ခြေ(၂၀၀)ခန့်နှင့် ကျောက်ပုံကျေးရွာတွင် အိမ်ခြေ(၅၀)ခန့် ရှိကြောင်း သိရသည်။

Check Also

အမျိုးသားပတ်ဝန်းကျင်ရေးရာ မဟာဗျူဟာမူဘောင်ဆိုင်ရာ အကြံပြုဆွေးနွေးခြင်း အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

ကျော်မျိုးထွဋ် (မြစ်မခ) မန္တလေး၊ ဧပြီ(၇) ရက်။ အမျိုးသားပတ်ဝန်းကျင်ရေးရာ မဟာဗျူဟာမူဘောင်ဆိုင်ရာ အကြံပြုဆွေးနွေးခြင်း အလုပ်ရုံဆွေးနွေးပွဲကို မန္တလေးမြို့ရှိ ဟိုတယ် မန္တလေး၌ ဧပြီ ၆ ရက်တွင်ပြုလုပ်ခဲ့ကြောင်း …