Thursday , January 5 2017
Home / FNews / ချောင်းသာကမ်းခြေ ဈေးသည်များကို သင့်တော်သည့် နေရာများတွင် ပြန်လည် ချထားပေးရန် တိုင်းဧရာအစိုးရစီစဉ်နေ
photo for news no 7 (2)

ချောင်းသာကမ်းခြေ ဈေးသည်များကို သင့်တော်သည့် နေရာများတွင် ပြန်လည် ချထားပေးရန် တိုင်းဧရာအစိုးရစီစဉ်နေ

မျိုးမင်းထွန်း (မြစ်မခ)

ပုသိမ်၊ ဇန်န၀ါရီ (၅) ရက်။

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ချောင်းသာကမ်းခြေသာယာလှပရေး သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် ဖယ်ရှားခံခဲ့ရသည့် ကမ်းခြေဈေးသည်များမှ ရောင်းချခွင့်ပေးရန် ပြန်လည် တောင်းဆိုထားသည့် ၅ နေရာမှ သင့်တော်သည့် နေရာတစ်ခုတွင် ချထားပေးရန် စီစဉ်နေကြောင်း ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ သိရှိရသည်။

အစိုးရအဖွဲ့ အစည်းအဝေးတွင် ချောင်းသာကမ်းခြေ ဈေးသည်များမှ တင်ပြထားသည့် နေရာ(၅)နေရာကို သက်ဆိုင်ရာစည်ပင်ဝန်ကြီး ဦးကျော်မြင့်နှင့်အတူ လျှပ်စစ် စွမ်းအင်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ၀န်ကြီး ဦးဝင်းဌေးတို့မှ ဒေသတွင် အာဏာပိုင်များကို အကြောင်းကြားခြင်းမရှိဘဲ  ရှောင်တခင် သွားရောက် ကြည့်ရှုပြီးနောက် အမြန်ဆုံးပြန်လည် နေရာချထားပေးသွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သိရသည်။

“၀န်ကြီးချုပ်ကသင့်တော်တဲ့နေရာရှာပြီး ကမ်းခြေဈေးသည်တွေ ဈေးရောင်းချနိုင်အောင် စီစဉ်ပေးဖို့ ညွှန်ကြားပါ တယ်။ ကမ်းခြေဈေးသည်တွေဘက်ကလည်း အစိုးရရဲ့အမိန့်ကို လိုက်နာထားတဲ့အတွက် သူတို့ကိုနစ်နာမှု မရှိအောင် ဆောင်ရွက်ပေးသွားမှာပါ။”ဟု ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ၀န်ကြီး ဦးဝင်းဌေးက ပြောသည်။

ဒီဇင်ဘာ (၃၁)ရက် နံနက်ပိုင်းက တရားမ၀င် တည်းခိုခန်းများ တည်ဆောက်ထားသည့် ချောင်းသာကမ်းခြေ အုန်းတောဘက်ခြမ်းရှိ သဲသောင်ပြင်များပေါ်သို့ ဖယ်ရှားခံ ကမ်းခြေ ဈေးသည်များမှ ဈေးဆိုင်များတည်ခင်း ရောင်းချခဲ့ကြောင်း၊ ကမ်းခြေသို့ လာရောက်အပန်းဖြေကြသည့် ဧည့်သည်များက ၀ယ်ယူ စားသောက်နေစဉ် ကမ်းခြေစည်းကမ်းထိမ်းသိမ်းရေးအဖွဲ့ဝင်များနှင့် ရဲတပ်ဝင်အင်အား(၁၀၀)ခန့်မှ ဖယ်ရှားရန်ကြိုးစားစဉ် ပဋိပက္ခ ဖြစ်မည့် အခြေအနေဖြစ်ပေါ်ခဲ့သဖြင့် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ထံ တင်ပြခဲ့ခြင်းဖြစ်ကြောင်း ဒေသ အုပ်ချုပ်ရေးအဖွဲ့မှ သိရသည်။

“ဈေးသည်တွေဖယ်ရှားခံရတဲ့ အဓိက အကြောင်းရင်းက ကမ်းခြေသန့်ရှင်းရေးရယ် လာရောက် အပန်းဖြေတဲ့ ခရီးသည်တွေအန္တရာယ်ကင်းရှင်းရေးအတွက် လုပ်ဆောင်တာပါ။ ဒီမှာက လာအပန်းဖြေတဲ့ခရီးသည်တွေနဲ့ ဈေးသည်ခိုက်ရန်ဖြစ်ပွားတာရှိတယ်။ ခရီးသည်တွေ ရေဆင်းချိုးနေတဲ့ အချိန်မှာ ကမ်းခြေမှာထားတဲ့ပစ္စည်းတွေ မကြာခဏအလစ်သုတ် ခံရတာတွေရှိလို့ပါ။”ဟု ချောင်းသာကမ်းခြေ စည်းကမ်းထိန်းသိမ်းရေး ကော်မတီဝင် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်က ပြောသည်။

ချောင်းသာကမ်းခြေတွင် ဆိုင်ခန်းခင်း ဈေးရောင်းချနေသော ဈေးသည်များမှာ ဒေသအစားအစာများ ဖြစ်သည့် ငါးကင်၊ ပုဇွန်ကင်၊ အုန်းရည်၊ ပင်လယ်စာများ၊ အသုတ်များစသည့် အစားအစာများအပြင် ခရုခွံ ကမာခွံများဖြင့်  ပြုလုပ်ထားသော အမှတ်တရလက်ဆောင်ပစ္စည်းမျိုးစုံနှင့် အုန်းလက်ဦးထုပ်အစရှိသည့် ပစ္စည်းများကို ရောင်းချနေသည့် ဈေးသည်များဖြစ်ကြောင်း သိရသည်။

ချောင်းသာကမ်းခြေဈေးသည်များ ကမ်းခြေမှ ဖယ်ရှားခံရပြီး နောက်ပိုင်းတွင် ဥပဒေအတိုင်း ပြန်လည် ဈေးရောင်းချခွင့်ရရှိရေးအတွက် ပုသိမ်မြို့တွင် ဒီဇင်ဘာ ၂၂ ရက်နေ့က ဦးထွန်းထွန်းဦးမှ တစ်ကိုယ်တော် ဆန္ဒဖော်ထုတ်ခဲ့ခြင်းနှင့် ကမ်းခြေဈေးသည် ၁၀၀ ဦးခန့်ကလည်း ဒီဇင်ဘာ ၃၀ ရက်နေ့က ဆန္ဒဖော်ထုတ်ခဲ့ကြ ကြောင်း သိရသည်။

Check Also

breaking 5

ချမ်းမြသာစည်မြို့နယ်မှ တန်ဖိုးမျှတအိမ်ရာတိုက်ခန်း(၅၀၀)ကျော်အား မဲနှိုက်ရောင်းချပေး

ကျော်မျိုးထွဋ် (မြစ်မခ) မန္တလေး၊ ဇန်နဝါရီ (၄)ရက်။ မန္တလေးတိုင်းဒေသကြီး၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ချမ်းမြသာစည်မြို့နယ်၊ မြရည်နန္ဒာ ရပ်ကွက်တွင် ဆောက်လုပ်သည့် တန်ဖိုးမျှတအိမ်ရာတိုက်ခန်း(၅၆၀)အား ဇန်နဝါရီ ၄ …