Thursday , March 9 2017
Home / FNews / ခေါင်းဆောင် နောက်လိုက်မခွဲခြားဘဲ ပူးတွဲပေါင်းစည်းလုပ်ဆောင်ကြဖို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် တိုက်တွန်း

ခေါင်းဆောင် နောက်လိုက်မခွဲခြားဘဲ ပူးတွဲပေါင်းစည်းလုပ်ဆောင်ကြဖို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် တိုက်တွန်း

ချမ်းငြိမ်း (မြစ်မခ)

ရန်ကုန်၊ ဒီဇင်ဘာ(၂၃)ရက်။

ခေါင်းဆောင် နောက်လိုက်မခွဲခြားဘဲ ပူးတွဲပေါင်းစည်းလုပ်ဆောင်ကြသည့် စိတ်ဓါတ်ထားကြရန် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမတွင် ဒီဇင်ဘာ(၂၃)ရက် နံနက် (၉း၀၀)နာရီက ပြုလုပ်သည့် မြန်မာကင်းထောက် ရာပြည့်အခမ်းအနား အဖွင့်မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားလိုက်သည်။

“ကျွန်မတို့နိုင်ငံရော ကမ္ဘာမှာပါ ခေါင်းဆောင်မှု လူငယ်တွေအတွက် သင်တန်းတွေပေးတဲ့နေရာမှာ တော်တော် များများက ခေါင်းဆောင်ဖြစ်မြောက်ရေးကို ဦးတည်နေတယ်။ ခေါင်းဆောင်ဖြစ်မြောက်ရေး သင်တန်း၊ ခေါင်းဆောင်မှု အဆင့်မြင့်တင်ခြင်း သင်တန်ခေါင်းဆောင်တွေပဲဆို နောက်လိုက်တွေလိုတယ်။ အားလုံးက ခေါင်းဆောင် ချည်းပဲဆို ဘယ်သူက နောက်လိုက်လုပ်မှာလဲ။ အဲတော့ ကျွန်မတို့ဟာ ခေါင်းဆောင်ဖို့ နောက်လိုက်ဖို့ မဟုတ်ဘဲနဲ့ ပူးတွဲပေါင်းစည်းလုပ်ဆောင်ဖို့ဆိုတဲ့ စိတ်ဓါတ်ကို အားပေးချင်တယ်။”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ကင်းထောက်အဖွဲ့ကို အင်္ဂလန်နိုင်ငံက ၁၉၀၈ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး တည်ထောင်သူမှာ Lord Baden Powell ဖြစ်ကြောင်း သိရသည်။

“အတ္တစိတ်မပေါ်ပေါက်စေဖို့ အချင်းချင်းကြားမှာ မေတ္တာပွားရမယ်။ မေတ္တာပွားရင်းနဲ့ ရဲဘော်ရဲဘက်စိတ် ခိုင်မာအောင် လုပ်ယူရမယ်။ ရဲဘော်ရဲဘက် စိတ်ဆိုတာအခြားဘာနဲ့မှမတူဘူး။ ရဲဘော်ရဲဘက်စိတ်ဆိုတာ သွေးရင်းသားရင်းထက်တောင် ပိုမိုနီးကပ်စေတဲ့ စိတ်ဓါတ်ဖြစ်ပါတယ်။”ဟု ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောကြားခဲ့သည်။

မြန်မာကင်းထောက်ရာပြည့်အခမ်းအနားတွင် အ.ထ.က.(၂)လသာ ကင်းထောက်များ ဘင်ခရာနှင့် ပန်းဖွား သရုပ်ပြခြင်း၊ တက္ကသိုလ်ကင်းထောက်တို့၏ scout Drill သရုပ်ပြခြင်း မြန်မာ့ဆိုင်းဝိုင်း၊ သံစုံသီးဝိုင်းများ စသည်တို့ ဖျော်ဖြေမှုများ ပြုလုပ်ပြီး မြန်မာနိုင်ငံနှင့် နိုင်ငံတကာ အသီးသီးမှ ကိုယ်စားလှယ်များက ရာပြည့် အထိမ်းအမှတ် လက်ဆောင် အပြန်အလှန်ပေးခြင်းများ ပြုလုပ်ခဲ့ကြသည်။

 

Check Also

ကျေးရွာအုပ်ချုပ်ရေးမှူးအချို့နှင့် သက်ဆိုင်ရာဝန်ထမ်းများ၏ မမှန်မကန် လုပ်ရပ်များကို အစိုးရအဖွဲ့မှ ထိန်းကြောင်းကြပ်မတ်ပေးရေးအဆို တိုင်းဧရာလွှတ်တော်တွင် သဘောတူ

မျိုးမင်းထွန်း (မြစ်မခ) ပုသိမ်၊ မတ်လ (၉) ရက်။ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ကျေးရွာအုပ်ချုပ်ရေးမှူးအချို့နှင့် သက်ဆိုင်ရာ ၀န်ထမ်းများ၏ မမှန်မကန်  လုပ်ရပ်များကို တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထိန်းကြောင်းကြပ်မတ်ပေးရန် တိုက်တွန်းကြောင်း အဆိုကို …