Sunday , September 24 2017
Home / FNews / “တိုက်ပွဲသံတွေကို ပြည်သူတွေ မမျှော်လင့်ကြတော့ဘူးလို့ ယုံကြည်ထားပါတယ်” ဆိုတဲ့  သျှမ်းတပ်မတော်မှ ဒုတိယဗိုလ်ချုပ်ကြီး ယွက်ဆစ်နှင့်တွေ့ဆုံခြင်း

“တိုက်ပွဲသံတွေကို ပြည်သူတွေ မမျှော်လင့်ကြတော့ဘူးလို့ ယုံကြည်ထားပါတယ်” ဆိုတဲ့  သျှမ်းတပ်မတော်မှ ဒုတိယဗိုလ်ချုပ်ကြီး ယွက်ဆစ်နှင့်တွေ့ဆုံခြင်း

မြ၀န်းရံ (မြစ်မခ)

သျှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ/ သျှမ်းတပ်မတော်မှ ဒုတိယဗိုလ်ချုပ်ကြီး ယွက်ဆစ်နှင့် တွေ့ဆုံခဲ့စဉ် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ် – NCAနှင့်  ပတ်သက်၍ မေးမြန်း ဖြစ်ခဲ့သည် များအား ကောက်နှုတ်ဖော်ပြအပ်ပါသည်။

မေး- RCSS/SSA  အနေနဲ့ NCAမှာပါဝင်ပြီးတဲ့နောက် မြန်မာ့နိုင်ငံရေးမှာ ဘယ်လိုဆက်လက် ရပ်တည်သွားမလဲ။

ဖြေ- နိုင်ငံရေးအခန်းကဏ္ဍမှာတော့ ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ထောင်နိုင်တဲ့အထိ နိုင်ငံရေး ပြဿနာတွေကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းသွားဖို့ စီစဉ်ထားပါတယ်။ ကျွန်တော်တို့ အဓိက ထားတာက NCA ကို လက်မှတ်ရေးထိုး၊ ပြီးတော့ ဒီစာချုပ်မှာပါတဲ့ အချက်အလက်တွေကို ၀ိုင်းဝန်း အကောင်အထည်ဖော်၊ နိုင်ငံရေး ဆွေးနွေးပွဲ မူဘောင်ရေးဆွဲဖို့သွားကြမှာ ဖြစ်ပါတယ်။ အခုလက်ရှိမှာ တော့ လွှတ်တော်ထဲဝင်ပြီး နိုင်ငံရေးပါတီ ဖွဲ့စည်းတာတို့၊ လွှတ်တော်နိုင်ငံရေးမှာ ပါဝင်တာတို့ဆိုတဲ့ အခန်းကဏ္ဍ မပါသေးပါဘူး။ ဒီနောက်ပိုင်းမှာပဲ ဖြေနိုင်မှာဖြစ်ပါတယ်။

မေး- ပြည်ထောင်စုတပ်မတော်အနေနဲ့  ဖွဲ့စည်းမယ့်အဆင့်မှာ RCSS အနေနဲ့ ဘယ်လိုသဘောထား၊ မူဝါဒတွေနဲ့ ပါဝင်ဆွေးနွေးဖို့  ဆန္ဒရှိလဲဆိုတာ သိပါရစေ။

ဖြေ- ဒီပြဿနာတွေ ဖြေရှင်းသွားဖို့ အဓိကအချက်(၄) ချက်ရှိပါတယ်။ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ်ဆိုတဲ့အတိုင်း တစ်တိုင်းပြည်လုံးမှာ သေနတ်သံတွေစဲစေလိုတယ်။ ကျွန်တော်တို့ နိုင်ငံရေးဟာ အပစ်အခတ်တွေ ရပ်စဲနိုင်ပြီး နိုင်ငံရေး ဆွေးနွေးပွဲသွားမယ်ဆိုတော့ နိုင်ငံရေး ဆွေးနွေး ပွဲမှာ အဖက်ဖက်က ပါဝင်လာရမှာ ဖြစ်ပါတယ်။ အကယ်၍ အဖွဲ့အစည်းတိုင်း မပါဝင်လာနိုင်ဘူး။ အဖက်ဖက်က မပါဝင်လာနိုင်ဘူး ဆိုရင် ကျွန်တော်တို့ နိုင်ငံရေးပြဿနာဖြေရှင်းလို့ ပြီးကြမှာ မဟုတ် ပါဘူး။ အကယ်၍ နှစ်ဘက်ပါဝင်တဲ့ နိုင်ငံရေး ဆွေးနွေးပွဲကို ရောက်ပြီဆိုလို့ရှိရင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ကြရမှာ ဖြစ်ပါတယ်။ ပြုပြင်ပြောင်းလဲကြရမှာဖြစ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံတော်ဖွဲ့စည်းပုံဥပဒေက ဖယ်ဒရယ်ဒီမိုကရေစီကို အခြေခံတဲ့ တကယ့်စစ်မှန်တဲ့ ဖယ်ဒရယ် ပြည်ထောင်စုကို အခြေခံတဲ့ အခြေခံဥပဒေတွေ ဖြစ်ရမှာဖြစ်ပါတယ်။ နောက်ဆုံး အချက်ကတော့ ကျွန်တော်တို့ တိုင်းပြည်ထဲမှာရှိတဲ့ တိုင်းရင်းသားတွေအားလုံး ဘယ်လူမျိုးမဆို ကျွန်တော်တို့ အတူ တကွ တန်းတူညီမျှစွာ အေးအတူ ပူအမျှနေသွားနိုင်ရေးပဲဖြစ်ပါတယ်။ ကျွန်တော်တို့ တိုင်းပြည်ထဲမှာ ပြည်သူလူထုအားလုံးကတော့ တိုက်ပွဲတွေကို မလိုလားတော့ပါဘူး။ တိုက်ပွဲသံတွေကို ပြည်သူတွေ မမျှော်လင့်ကြတော့ဘူးလို့ ယုံကြည်ထားပါတယ်။

မေး- တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေမှာရှိတဲ့ ရာထူးအခေါ်အဝေါ်တွေနဲ့ ပတ်သက်ပြီး NCA လက်မှတ်မထိုးခင်ကတည်းက စာနယ်ဇင်းတွေကို အသုံးမပြုဖို့ တားမြစ်ထားတဲ့အပေါ် ဘယ်လို မြင်ပါသလဲ။ ဒါကိုကော သဘောတူပါသလား။

ဖြေ- ဒါ ကျွန်တော်တို့ အမြင်မှာတော့ ကာချုပ်တစ်ဦးတည်းရဲ့ အမြင်သဘောဖြစ်ပါလိမ့်မယ်။ ကျွန်တော်တို့ သဘောတူညီချက်မပါပါဘူး။ ကျွန်တော်တို့က သဘောတူညီချက်အတိုင်းလုပ်မှာပါ။

မေး- ဒီအတိုင်းဆိုရင် စောစောက ပြောထားတဲ့ တန်းတူညီမျှရေးဆိုတာ ဘယ်လောက်အထိ ယုံကြည်မှုရနိုင်မလဲ ဆိုတဲ့အပေါ်မှာ အမြင်ကို ပြောပေးပါ။

ဖြေ- လက်ရှိအခြေအနေမှာတော့ လက်မှတ်ရေးထိုးကာစပဲ ရှိသေးတယ်။ ကျွန်တော်တို့ ထပ်ပြီးတော့ အပြန်အလှန် တွေ့ဆုံကြရမယ်။ ဆွေးနွေးကြရမယ်။ ဒါမှပဲအပြန်အလှန်ယုံကြည်မှုတွေ တည်ဆောက် လာနိုင်မှာ ဖြစ်ပါတယ်။ ယုံကြည်မှုတွေ ရလာပြီဆိုရင်တော့ တန်းတူညီမျှရေးဆွေးနွေးလာနိုင်လိမ့်မယ် လို့ ယုံကြည်ပါတယ်။

မေး- RCSS အနေဖြင့် တပ်မတော်အပေါ်မှာ နိုင်ငံရေးအရသော်လည်းကောင်း စစ်ရေးအရသော်လည်း ကောင်း ဘယ်လိုသဘောထားမျိုး ရှိပါသလဲ။

ဖြေ- ကျွန်တော်တို့ဘက်က အမြင်ကတော့ တပ်မတော်ကိုယ်တိုင်ကလည်း ပြုပြင်ပြောင်းလဲ ရဲ ရမယ်ပေါ့။ အရင်တုန်းက နည်းစနစ်တွေ အသစ်တွေနဲ့လည်း ပြုပြင်ပြောင်းလဲရဲရမယ်။ ကျွန်တော် တို့အနေနဲ့ ယုံကြည်မျှော်လင့်ထားတာကတော့ အပြောင်းအလဲတွေ လုပ်ဆောင်ဖို့ဆိုတာက တပ်မတော် ခေါင်းဆောင်ကြီးတွေရဲ့ ရင်ထဲမှာရှိလိမ့်မယ်လို့ ကျွန်တော်တို့ယုံကြည် မျှော်လင့် ထားပေးပါတယ်။

(ဖြေကြားပေးတဲ့အတွက်  ဒုတိယဗိုလ်ချုပ်ကြီး ယွက်ဆစ်ကို အထူးကျေးဇူးတင်ပါတယ်)

Check Also

သထုံမြို့နယ်အတွင်း ခြံရှင်များထံမှ ရာဘာစေးဝယ်ယူ၍ ရာဘာအသန့်များထုတ်လုပ်မည်

  အောင်မြင့်ထွန်း (မြစ်မခ) သထုံ၊ စက်တင်ဘာ ၁၉ ရက်။ မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်း ဈေးကွက်ဝင်အရည်အသွေးကောင်းမွန်သည့်ရာဘာများ ထုတ်လုပ်နိုင်ရန် အောက်တိုဘာလမှစတင်ကာ ရာဘာအရည်များ(အစေး) ဝယ်ယူသွားမည်ဖြစ်ကြောင်း သထုံမြို့နယ် …