Friday , September 22 2017
Home / သတင်း / နိုင်ငံရေးသတင်း / ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)တစ်ခုလုံးကို ဖျက်သိမ်းလိုက်ပါက လုပ်ချင်သလိုလုပ်ပါဟု ခွင့်ပြုလိုက်သလို ဖြစ်သွားနိုင်

ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)တစ်ခုလုံးကို ဖျက်သိမ်းလိုက်ပါက လုပ်ချင်သလိုလုပ်ပါဟု ခွင့်ပြုလိုက်သလို ဖြစ်သွားနိုင်

 

ဝေဖြိုး (မြစ်မခ)

နေပြည်တော်၊ သြဂုတ် ၁၁ ရက်။

ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)တစ်ခုလုံးကို ဖျက်သိမ်းလိုက်ပါက လုပ်ချင်သလိုလုပ်ပါဟု ခွင့်ပြုလိုက်သလို ဖြစ်သွားနိုင်ကြောင်း ပြည်သူ့လွှတ်တော်၊ ဥပဒေကြမ်းကော်မတီဥက္ကဌ ဦးထွန်းထွန်းဟိန်က ပြောဆိုလိုက်သည်။

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော်၊ ပဉ္စမပုံမှန်အစည်းအဝေး၊ (၄၂)ရက်မြောက်အစည်းအဝေးကို သြဂုတ် ၁၀ ရက်တွင်ကျင်းပရာ အစည်းအဝေးအပြီး မီဒီယာများက ဆက်သွယ်ရေးဥပဒေနှင့် ပတ်သက်၍ မေးမြန်းရာတွင် ဦးထွန်းထွန်းဟိန်က ဖြေဆိုခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့ ၆၆(ဃ)ကို အကုန်လုံးပယ်ဖျက်လိုက်ပါလို့ပြောလိုက်ရင် လုပ်ချင်တာလုပ်ပါလို့ ပြောလိုက်ရာ ကျမှာပေါ့။ (၆၆(ဃ) ပုဒ်မတစ်ခုလုံးကို) ဖျက်ရမယ်လို့ပြောတဲ့ဥစ္စာ အဲဒီအယူအဆကတော့ နောက်ပြန်သွားတဲ့ အယူအဆပါ။ ကျွန်တော်တို့က ဥပဒေတစ်ခုကို မျှတဖို့ကြည့်တဲ့အတွက် ဒီဥပဒေမှာ မျှတဖို့လိုပါတယ်ပေါ့။ ဒီ မျှတခြင်းပေါ်မှာအခြေခံပြီးတော့ ဥပဒေကိုပြင်ဆင်တယ်။ နှစ်ဖက်ကြည့်ပါတယ်။ တစ်ဖက်က ဆောင်ရွက်ရမယ့် လူတွေပေါ့နော်။ တစ်နည်းအားဖြင့်ပြောရင် အစိုးရဖက်ပိုင်းပေါ့။ တစ်နည်းအားဖြင့်တော့ ပြည်သူဖက်ပိုင်းပေါ့။” ဟု ပြည်သူ့လွှတ်တော်ဥပဒေကြမ်းကော်မတီဥက္ကဌ ဦးထွန်းထွန်းဟိန်က ပြောသည်။

အဆိုပါ ဥပဒေပုဒ်မကို ပြင်ဆင်ရာတွင် အာမခံရရှိရေး၊ နစ်နာသူက တိုင်ကြားရေးတို့ကို ထည့်သွင်းရမည်ဖြစ် ကြောင်း သိရသည်။

“အများသောအားဖြင့် ပုဒ်မ ၆၆(ဃ)နဲ့ ငြိစွန်းကြတာတွေက အများသောအားဖြင့် အသရေဖျက်မှုနဲ့ ငြိစွန်းကြ တာပါ။ လူတစ်ယောက်ကို အသရေဖျက်သွားလို့လည်းပဲ ကင်းလွတ်ချက်(၁၀)ချက်ပေါ့နော်။ ကင်းလွတ်ချက် (၁၀)ချက်ထဲမှာ အကျုံးဝင်သွားရင် အသရေဖျက်မှုမမြောက်ပါဘူး။ ဒါကတော့ ရာဇသတ်ကြီးထဲမှာရှိတဲ့ အသ ရေဖျက်မှုပါ။ ဒါပေမဲ့ လူတွေအထင်မှားနေတာ အသရေဖျက်မှုလို့ပြောလိုက်တာနဲ့ ရာဇသတ်ကြီးရဲ့အသရေ ဖျက်မှုနဲ့မဆိုင်ဘူးလို့ ဒီလိုထင်ကြတယ်။ မဟုတ်ပါဘူး။ ဒီဥပဒေမှာ သီးခြားအဓိပ္ပာယ်ဖော်ပြချက်မရှိဘူးဆိုရင် ရာဇသတ်ကြီးဥပဒေပါအဓိပ္ပါယ်ကို ကိုးကားရပါတယ်။ ရာဇသတ်ကြီးဥပဒေကို ကိုးကားလိုက်တဲ့အခါမှာ ခုနပြော သလို အသရေဖျက်မှုက အသရေဖျက်မှုပင်ဖြစ်သော်ငြားလည်းပဲ အချက်(၁၀)ချက်နဲ့ အကျုံးဝင်သွားရင်တော့ အသရေဖျက်မှုမမြောက်ပါဘူး။”ဟု ဥပဒေကြမ်းကော်မတီဥက္ကဌ ဦးထွန်းထွန်းဟိန်ကဆက်ပြောသည်။

အမျိုးသားလွှတ်တော်မှ ပြင်ဆင်ချက်ဖြင့်အတည်ပြုထားသည့် ဆက်သွယ်ရေးဥပဒေကိုပြင်ဆင်သည့် ဥပဒေ ကြမ်းအား သြဂုတ် ၁၀ ရက်တွင်ကျင်းပသည့် ဒုတိယအကြိမ်ပြည်သူ့လွှတ်တော်၊ ပဉ္စမပုံမှန်အစည်းအဝေး (၄၂) ရက်မြောက်တွင် ပြည်သူ့လွှတ်တော်သို့ တင်သွင်းလိုက်ခြင်းဖြစ်သည်။

 

Check Also

အဆိုတွေကို သေချာလေ့လာပြီးမှ ထိထိမိမိဆွေးနွေးရန် အမျိုးသားလွှတ်တော်ဥက္ကဌ မန်းဝင်းခိုင်သန်း ပြောကြား

ဝေဖြိုး (မြစ်မခ) နေပြည်တော်၊ ဇွန် ၂၈ ရက်။ အဆိုများကို သေချာလေ့လာပြီးမှ ထိထိမိမိဆွေးနွေးကြရန် အမျိုးသားလွှတ်တော်ဥက္ကဌ မန်းဝင်းခိုင်သန်းက ဇွန် ၂၇ ရက်က ကျင်းပသည့် …