Saturday , May 27 2017
Home / သတင်း / နိုင်ငံရေးသတင်း / တန်းတူရည်တူ ပါဝင်ဆွေးနွေးဆုံးဖြတ်ပိုင်ခွင့် မရှိသဖြင့် ၂၁ ရာစုပင်လုံညီလာခံ မတက်ရောက်ဟု UNFC ဆို

တန်းတူရည်တူ ပါဝင်ဆွေးနွေးဆုံးဖြတ်ပိုင်ခွင့် မရှိသဖြင့် ၂၁ ရာစုပင်လုံညီလာခံ မတက်ရောက်ဟု UNFC ဆို

သီဟလွင် (မြစ်မခ)

ပြည်၊ မေ ၂၄ ရက်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ ဒုတိယအကြိမ်အစည်းအဝေးတွင် တန်းတူရည်တူ ပါဝင်ဆွေး နွေးဆုံးဖြတ်ပိုင်ခွင့်မရှိဘဲ အထူးဖိတ်ကြားသူအနေအထားဖြင့်သာ ဖိတ်ကြားခံရသဖြင့် တက်ရောက်မည်မဟုတ် ကြောင်း ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ(UNFC)က မေ ၂၃ ရက် ညနေပိုင်းတွင် ထုတ်ပြန်ချက်အရ သိရှိရသည်။

“ကျွန်တော်တို့ကို အထူးဧည့်သည်အနေနဲ့ ဖိတ်ကြားတယ်။ အထူးဖိတ်ကြားသူ အဆင့်ပေါ့နော်။ ဒါကတော့ စကားလုံးလှအောင် အထူးဖိတ်ကြားသူပေါ့။ အမှန်ကတော့ လေ့လာသူအဆင့်ပါပဲ။ အခြားကိုယ်စားလှယ်တွေနဲ့ တန်းတူဆွေးနွေးခွင့်၊ ဆုံးဖြတ်ခွင့်တွေမရှိတဲ့အနေအထားပေါ်မှာ ကျွန်တော်တို့ကတော့ မတက်သင့်ဘူးလို့မြင် တယ်။ အရင်ကလည်း ဒီလိုပဲဆုံးဖြတ်ခဲ့တယ်။ ပထမအကြိမ် ၂၁ ပင်လုံတုန်းက တရားဝင်ဖိတ်တယ်။ တန်းတူ ဆွေးနွေးခွင့်ရှိတဲ့အပေါ်မှာ တက်ခဲ့တယ်။ ဒါပေမဲ့ ဒီပွဲမှာတော့ အဲဒီလိုမဟုတ်တဲ့အတွက် မတက်တာဖြစ်တယ်။”  ဟု UNFC မှ ဒုတိယ ဥက္ကဌ နိုင်ဟံသာက ပြောသည်။

ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ(UNFC)အနေဖြင့် မေ ၂၂ ရက်မှ ၂၃ ရက်အထိ ဗဟို အလုပ်အမှုဆောင်ကော်မတီ(တိုးချဲ့)အစည်းအဝေးကျင်းပပြီးနောက် ယင်းကဲ့သို့ ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

အဆိုပါအစည်းအဝေးတွင် လက်ရှိမြန်မာပြည်ငြိမ်းချမ်းရေးတည်ဆောက်မှုနှင့် နိုင်ငံရေးဆွေးနွေးမှုဖြစ်စဉ်တို့အပါ အဝင် ရှေ့လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်းနှင့် နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေးကိုယ်စား လှယ်အဖွဲ့(DPN)အနေဖြင့် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး လက်တွေ့ကျကျဖြစ်ပေါ်စေရန်နှင့် NCA ပိုမို ခိုင်မာစေရေး အဆိုပြုချက်(၉)ချက်ကို တရားဝင်ညှိနှိုင်းလာခဲ့သည်မှာ တစ်နှစ်ကျော်လာခဲ့သော်လည်း ညှိနှိုင်း သဘောတူညီမှုမရရှိသေးကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

UNFC တွင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များဖြစ်သော KIO၊ SSPP၊ NMSP၊ KNPP၊ ANC၊ WNO နှင့် LDU ဟူ၍ (၇)ဖွဲ့ရှိသော်လည်း KIO နှင့် WNO တို့မှာ နုတ်ထွက်စာတင်ထားသည့်အပြင် SSPP နှင့် KIO မှာ ပြည် ထောင်စုနိုင်ငံရေးဆွေးနွေးညှိုနှိုင်းရေးကော်မတီ(မြောက်ပိုင်းမဟာမိတ် ၇ ဖွဲ့)တွင်ပါဝင်သောကြောင့် ညီလာခံ တက်ရောက်မည်ဖြစ်သဖြင့် လက်ရှိတွင် UNFC မှ NMSP၊  KNPP၊  ANC ၊ WNO၊ LDU (၅)ဖွဲ့သာ ညီလာခံမ တက်ရောက်ဘဲ ကျန်ရှိမည်ဖြစ်သည်။

Check Also

ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်ဘဏ္ဍာရေးဝန်ကြီး ဦးစိုင်းရှဲန်လုံတစ်၏လူထုတွေ့ဆုံပွဲ တက်ရောက်သူနည်းပါးခဲ့

ထက်တိုင်းကျော်(မြစ်မခ) ကျိုင်းတုံ၊ မေ ၁၂ ရက်။ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ဒေသခံများ၏လိုအပ်ချက်များကို သိရှိလို၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ဘဏ္ဍာရေးဝန်ကြီး ဦးစိုင်းရှဲန်လုံတစ်က လူထုတွေ့ဆုံပွဲပြုလုပ်သော်လည်း တက်ရောက်သူဒေသခံနည်းပါးခဲ့ ကြောင်း သိရှိရသည်။ …