Saturday , May 27 2017
Home / သတင်း / လွှတ်တော်သတင်း / ပြည်မြို့နယ် စည်ပင်သာယာရေးကော်မတီ ရွေးကောက်ပွဲအတွက် ဝင်ရောက်ယှဉ်ပြိုင်မည့်သူ (၇၀)ဦးခန့်ရှိ

ပြည်မြို့နယ် စည်ပင်သာယာရေးကော်မတီ ရွေးကောက်ပွဲအတွက် ဝင်ရောက်ယှဉ်ပြိုင်မည့်သူ (၇၀)ဦးခန့်ရှိ

သီဟလွင် (မြစ်မခ)

ပြည်၊ မေ(၄)ရက်။

ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ပြည်မြို့နယ်စည်ပင်သာယာရေးကော်မတီ ရွေးချယ်ပွဲအတွက် ကော်မတီဝင်လောင်းများအဖြစ် ဝင်ရောက် ယှဉ်ပြိုင်မည့်သူ (၇၀)ဦးခန့်ရှိကြောင်း ပြည်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ သိရှိရသည်။

အဆိုပါ ရွေးချယ်ပွဲကို မေလ(၂၁)ရက်တွင် ကျင်းပမည်ဖြစ်ပြီး ၀င်ရောက်ယှဉ်ပြိုင်မည့်သူ (၇၀)ဦးမှာ  ရပ်ကွက်အလိုက် ရပ်ကွက်တစ်ခုလျှင် (၃)ဦးနှုန်းဖြင့် (၄၅)ဦး ပြန်လည်ရွေးချယ်၍ ထို(၄၅)ဦးထဲမှ ပြည်မြို့နယ်စည်ပင်ကော်မတီ ဥက္ကဌ(၁)နေရာနှင့် အဖွဲ့ဝင်(၂)နေရာတို့အတွက် (၃)ဦးကိုသာ အဆင့်ဆင့် ပြန်လည် ရွေးချယ်သွားမည်ဖြစ်သည်။

“အားလုံးထဲမှာ (၃)ဦးကိုပဲ ပြန်လည်ရွေးချယ်ရမှာဖြစ်တဲ့တွက် ပုဂ္ဂိုလ်စွဲတွေမထားဘဲနဲ့ ပြည်သူတွေအတွက် တ ကယ် အလုပ်လုပ်မယ့် ပုဂ္ဂိုလ်တွေကို ရွေးချယ်ပေးဖို့ တိုက်တွန်းပါတယ်။”ဟု ပြည်မြို့နယ်စည်ပင်သာရေးအဖွဲ့  ဒုတိယ ညွှန်ကြားရေးမှူး ဦးသူရမြင့်သူက ပြောသည်။

ထိုသို့ ရွေးကောက်ပွဲကျင်းပနိုင်ရန်အတွက် မေလ(၈)ရက်တွင် သက်ဆိုင်ရာမဲဆန္ဒနယ်မြေများအလိုက် မဲစာရင်းများ ကပ်၍ ကြေငြာမှုများပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ပြည်မြို့နယ်စည်ပင်ကော်မတီ၏ ဖွဲ့စည်းပုံမှာ ဥက္ကဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်(၃)ဦး စုစုပေါင်း (၅)ဦးရှိပြီး ပြည်သူရွေးချယ်တင်မြှောက်သည့် အရပ်သား(၃)ဦးမှာ ဥက္ကဌနှင့်အဖွဲ့ဝင်(၂)ဦး နေရာရမည်ဖြစ်ကြောင်း သိရသည်။

ပြည်မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိသည် အတွင်းရေးမှူးနေရာနှင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယအုပ်ချုပ်ရေးမှူးသည် အဖွဲ့ဝင်တစ်နေရာရရှိမည်ဖြစ်ကြောင်း သိရသည်။

ယခုရွေးကောက်တွင် ရွေးချယ်မည့် ကော်မတီဝင်လောင်းများမှာ ပြည်မြို့ပေါ် (၁၀)ရပ်ကွက်မှ (၃၀)ဦး၊ ပေါင်းတလည်(၄)ရပ်ကွက်မှ(၁၂)ဦးနှင့် ၀က်ထီးကန်မှ(၃)ဦး စုစုပေါင်း (၄၅)ဦးဖြစ်ကြောင်း သိရသည်။

Check Also

ပြည်သူ့နီတိ၊ ဒီမိုကရေစီတို့ကို ဘာသာရပ်အဖြစ် မိတ်ဆက်သင်ပေးရုံမျှမက လက်ခံကျင့်သုံးရန် စီမံဆောင် ရွက်ပေးစေလိုကြောင်းအဆိုကို အမျိုးသားလွှတ်တော်တွင် ဆွေးနွေးမည်

ဝေဖြိုး (မြစ်မခ) နေပြည်တော်၊ မေ (၁၈) ရက်။ ပညာရေးကောလိပ်၊ အထက်တန်းနှင့် အလယ်တန်းကျောင်းများ၏သင်ရိုးညွှန်းတမ်းတွင် ပြည်သူ့နီတိ၊ ဒီမိုကရေစီတို့ကို ဘာသာရပ်အဖြစ် မိတ်ဆက်သင်ပေးရုံမျှမက လက်ခံကျင့်သုံးရန် စီမံဆောင်ရွက်ပေးစေ  လိုကြောင်း …