Thursday , April 13 2017
Home / FNews / ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဖက်ဒရယ်စနစ်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ဇန်နဝါရီ(၁၁)ရက်တွင် ကျင်းပ

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဖက်ဒရယ်စနစ်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ဇန်နဝါရီ(၁၁)ရက်တွင် ကျင်းပ

ကြယ်စင်လင်း (မြစ်မခ)

ရန်ကုန်၊ ဇန်နဝါရီ(၁၁)ရက်။

ဖက်ဒရယ်နိုင်ငံများ ဖိုရမ်(Forum of Federations)၏ အစီအစဉ်အရ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်နှင့် ဖက်ဒရယ်နိုင်ငံများ ဖိုရမ်မြန်မာနိုင်ငံရုံး(Forum of Federations Myanmar Country Office)တို့ ပူးပေါင်း ကာ ဖက်ဒရယ်စနစ်ဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲကို ဇန်နဝါရီ(၁၁)ရက်တွင် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ရုံး၌ ကျင်းပခဲ့ကြောင်း သိရှိရသည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲကို ဇန်နဝါရီ (၁၁)ရက်မှ(၁၃)ရက်ထိ ကျင်းပသွားမည်ဖြစ်ပြီး အလုပ်ရုံဆွေးနွေးပွဲသို့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌနှင့် လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း(၇၃)ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌမှ အလုပ်ရုံဆွေးနွေးပွဲအဖွင့်မိန့်ခွန်းပြောကြားခဲ့ပြီး ဖက်ဒရယ်နိုင်ငံများ ဖိုရမ်မြန်မာနိုင်ငံရုံး၏ ဌာနေကိုယ်စားလှယ် ဦးထက်မင်းလွင်မှ ဖက်ဒရယ်နိုင်ငံများဖိုရမ်၏ နောက်ခံသမိုင်း၊ အ လုပ်ရုံဆွေးနွေးပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များနှင့် မြန်မာနိုင်ငံရုံးအနေဖြင့် ဆောင်ရွက်လျက်ရှိသည့် လုပ် ငန်းစဉ်များကို ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။

“ဖက်ဒရယ်စနစ်က အဖွဲ့ချုပ်အစိုးရရယ် အစိုးရလုပ်ငန်းစဉ်တွေထဲမှာ အဓိကကျတဲ့ လုပ်ငန်းစဉ်တစ်ခုထဲမှာပါ ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဦးဆောင်ပြီးတော့ မြန်မာနိုင်ငံမှာအမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးကို ဆောင်ရွက်နေတဲ့အချိန်မှာ လူနည်းစုတိုင်းရင်းသားတွေရဲ့ အဓိကတောင်းဆိုမှုက ဖက်ဒရယ် ဖြစ်တဲ့အခါ ဖက်ဒရယ်စနစ်နဲ့ပတ်သက်ပြီးတော့ တစ်ကမ္ဘာလုံးမှာရှိတဲ့ ဖက်ဒရယ်နိုင်ငံအသီးသီးက ဖက်ဒရယ် စနစ်နဲ့ပတ်သက်တဲ့ အားနည်းချက်၊အားသာချက်တွေကို မြန်မာနိုင်ငံမှာရှိတဲ့ သက်ဆိုင်ရာပုဂ္ဂိုလ်တွေအားလုံးကို ချပြတယ်။ မြန်မာနိုင်ငံအတွက် ဖက်ဒရယ်ပုံစံကို စဉ်းစားတဲ့အခါမှာ ပိုပြီး ပြည်စုံ၊ စနစ်ကျတဲ့ ဖက်ဒရယ်ကို စဉ်းစားနိုင်မယ်လို့ ယုံကြည်ပါတယ်။ ဒါကြောင့်မို့လို့ ဒီဖိုရမ်ရဲ့အကူအညီတစ်ခုအနေနဲ့ မြန်မာနိုင်ငံမှာ မူဝါဒချ မှတ်တဲ့နေရာမှာ အရေးပါတဲ့ပုဂ္ဂိုလ်တွေနဲ့ ဆက်တိုက်ကျင်းပဖြစ်တယ်။ အဲ့ဒီကျင်းပတဲ့ လုပ်ငန်းတစ်ခုအနေနဲ့ ရန်ကုန်တိုင်းဒေသကြီးလွတ်တော်နဲ့ အစိုးရအဖွဲ့နဲ့ ဖက်ဒရယ်အလုပ်ရုံဆွေးနွေးပွဲကျင်းပရခြင်းဖြစ်ပါတယ်။” ဟု ဖက်ဒရယ်နိုင်ငံများ ဖိုရမ်မြန်မာနိုင်ငံရုံး၏ ဌာနေကိုယ်စားလှယ် ဦးထက်မင်းလွင်က ပြောသည်။

အလုပ်ရုံဆွေးနွေးပွဲတွင် ဖက်ဒရယ်စနစ် နှင့် ဗဟိုချုပ်ကိုင်မှုလျှော့ချခြင်း၏ သဘောသဘာဝများ၊ ဖက်ဒရယ် စနစ်အတွင်း၌ မတူကွဲပြားမှုများကို စီမံခန့်ခွဲခြင်းနှင့် အသိအမှတ်ပြု နေရာပေးခြင်းဆိုင်ရာ အစီအမံများ၊ အစိုးရ အလွှာအသီးသီး၏ လုပ်ပိုင်ခွင့်ခွဲဝေပုံများ၊ ဖွဲ့စည်းပုံအခြေခံဥပဒေများ၏ အခန်းကဏ္ဍ၊ ဘဏ္ဍာရေးနှင့် သဘာ ဝသယံဇာတအရင်းအမြစ် ခွဲဝေသုံးစွဲရေးအစီအမံများကို သီအိုရီများ၊ နိုင်ငံတကာအတွေ့အကြုံများ၊ ဖက်ဒ ရယ်စနစ်ကျင့်သုံးလျက်ရှိသည့် နိုင်ငံများ၏ လက်တွေ့ဖြစ်ရပ်များနှင့် နှိုင်းယှဉ်ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဖက်ဒရယ်နိုင်ငံများဖိုရမ်၏ အကြီးတန်းအကြံပေးများဖြစ်သည့် အိန္ဒိယနိုင်ငံ ဂျိန်းတက္ကသိုလ်မှ ဒုတိယပါမောက္ခ ချုပ် Dr. SandeepShastri နှင့် မလေးရှားနိုင်ငံ ပီနန်တက္ကသိုလ်မှ ဂုဏ်ထူးဆောင် နိုင်ငံရေးသိပ္ပံပါမောက္ခ Dr. Francis Loh နှင့် ဖက်ဒရယ်နိုင်ငံများဖိုရမ် မြန်မာနိုင်ငံရုံးဌာနေကိုယ်စားလှယ် ဦးထက်မင်းလွင်တို့မှ ဦးဆောင် ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဖက်ဒရယ်နိုင်ငံများဖိုရမ်သည် ၂၀၁၂ ခုနှစ်မှစ၍ မြန်မာနိုင်ငံအတွင်းရှိ အရပ်ဘက်အဖွဲ့အစည်းများနှင့် ပူးပေါင်း ၍ ဖက်ဒရယ်စနစ်ဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲများပြုလုပ်ခြင်း၊ သင်တန်းများပို့ချခြင်း၊ သင်တန်းဆရာများလေ့ ကျင့်ပေးခြင်းတို့ကိုပြုလုပ်ခဲ့ပြီး ၂၀၁၆ ခုနှစ်တွင် မြန်မာနိုင်ငံရုံးကို ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

၂၀၁၆ ခုနှစ် ဇူလိုင်လမှ နှစ်ကုန်အထိ အမျိုးသားလွှတ်တော်၊ တိုင်းရင်းသားရေးရာဝန်ကြီးဌာနနှင့် တိုင်းရင်းသား ရေးရာ ဝန်ကြီးများ၊ မွန်ပြည်နယ်လွှတ်တော်၊ ရခိုင်ပြည်နယ်လွှတ်တော်၊ ရှမ်းပြည်နယ်လွှတ်တော်၊ ကရင်ပြည်နယ်လွှတ်တော်၊ မန္တလေးတိုင်းဒေသကြီးလွှတ်တော်တို့နှင့် ဖက်ဒရယ်စနစ်ဆိုင်ရာအလုပ်ရုံဆွေးနွေး ပွဲများပူးပေါင်းပြုလုပ်ခဲ့သေးသည်။

ထို့ပြင် ရခိုင်ပြည်နယ်နှင့် အထက်မြန်မာပြည်မှ အရပ်ဘက်ဆိုင်ရာလူမှု အဖွဲ့အစည်းများ၊ ရန်ကုန်အခြေစိုက် သတင်းစာဆရာများနှင့် တတ်သိပညာရှင်များနှင့်လည်း ဖက်ဒရယ်စနစ် ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများ ပြုလုပ်ခဲ့ပြီး ဖြစ်သည်။

ကနေဒါနိုင်ငံအခြေစိုက် Forum of Federations (FoF) သည် ကမ္ဘာတစ်လွှားရှိ ဖက်ဒရယ်စနစ် ကျင့်သုံးသည့် နိုင်ငံများ၊ ဖွံ့ဖြိုးပြီး နိုင်ငံများနှင့် ဗဟိုအုပ်ချုပ်မှုစနစ် ဖြေလျော့ရန် ကြိုးပမ်းလုပ်ဆောင်နေသည့် နိုင်ငံများအကြား တွင် ဗဟိုအုပ်ချုပ်မှုစနစ် လျော့ချရေးနှင့် စပ်လျဉ်းသည့် အတွေ့အကြုံများ၊ ဥပမာများ၊ နည်းနာများ၊ သီအိုရီများ နှင့် အိုင်ဒီယာများကို မျှဝေဖလှယ်နေသည့် အစိုးရမဟုတ်သည့် နိုင်ငံတကာအဖွဲ့အစည်း(INGO)တစ် ခုဖြစ်သည်

Check Also

အမျိုးသားပတ်ဝန်းကျင်ရေးရာ မဟာဗျူဟာမူဘောင်ဆိုင်ရာ အကြံပြုဆွေးနွေးခြင်း အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

ကျော်မျိုးထွဋ် (မြစ်မခ) မန္တလေး၊ ဧပြီ(၇) ရက်။ အမျိုးသားပတ်ဝန်းကျင်ရေးရာ မဟာဗျူဟာမူဘောင်ဆိုင်ရာ အကြံပြုဆွေးနွေးခြင်း အလုပ်ရုံဆွေးနွေးပွဲကို မန္တလေးမြို့ရှိ ဟိုတယ် မန္တလေး၌ ဧပြီ ၆ ရက်တွင်ပြုလုပ်ခဲ့ကြောင်း …