Friday , September 22 2017
Home / FNews / မောင်တောဒေသ စုံစမ်းစစ်ဆေးရေး ကော်မရှင် ရခိုင်ပြည်နယ် စစ်တွေသို့ ရောက်ရှိ

မောင်တောဒေသ စုံစမ်းစစ်ဆေးရေး ကော်မရှင် ရခိုင်ပြည်နယ် စစ်တွေသို့ ရောက်ရှိ

ပန်လှအောင် (မြစ်မခ)

မင်းပြား၊ ဇန်န၀ါရီ (၆)ရက်။

မြန်မာနိုင်ငံတော် ဒုတိယ သမ္မတ (၁) ဦးမြင့်ဆွေ ဦးဆောင်သည့် မောင်တော စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့ဝင် များသည် ဇန်နဝါရီ (၆)ရက်၊ နံနက်(၉း၃၀)နာရီခန့်တွင် တပ်မတော်လေယာဉ်ဖြင့် ရခိုင်ပြည်နယ် စစ်တွေမြို့သို့ ရောက်ရှိလာကြောင်း သိရှိရသည်။  

မောင်တောဒေသဖြစ်စဉ်များနှင့် စပ်လျဉ်းသည့် စုံးစမ်းစစ်ဆေးရေးကော်မရှင်၏ ရခိုင်ခရီးစဉ်သည် (၃)ရက် ကြာမြင့်မည်ဖြစ်ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ သတင်းထုတ်ပြန်ရေးကော်မတီမှ သိရသည်။

“ဒီနေ့ပဲ မောင်တောဒေသကို သွားမယ်။ ပြီးတော့ မနက်ဖြန် စစ်တွေကို ပြန်လာမယ်။ စစ်တွေက တစ်ဆင့် (၈)ရက်မှာ တောင်ကုတ်မြို့ကို သွားမယ်။ ရခိုင်ကိုလာရောက်တဲ့ အဓိကရည်ရွယ်ချက်က မောင်တောဒေသရဲ့ အခြေအနေမှန်ကို စုံစမ်းသုံးသပ်ဖို့ရယ် တောင်ကုတ်ဒီဂရီကောလိပ်အဆင့်မြှင့်တင့်တဲ့ ပွဲအတွက်လာရောက်တာ ဖြစ်ပါတယ်။”ဟု ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ သတင်းထုတ်ပြန်ရေးကော်မတီ၊ ဥက္ကဌ စည်ပင်ဝန်ကြီး ဦးမင်းအောင်က ပြောသည်။

ရခိုင်ပြည်နယ်စပ်၊ မောင်တောမြို့နယ်တွင် (၂)ရက်ကြာလေ့လာမှုများပြုလုပ်မည်ဖြစ်ပြီး အကြမ်းဖက်မူများဖြစ် ပွားခဲ့သည့် ကျီးကန်းပြင်၊ ဇင်ပိုင်ညာ၊ မြို့သူကြီး၊ ရွှေရင်အေး၊ အလယ်သံကျော်စသည့် ရခိုင်ဘင်္ဂလီကျေးရွာ များမှ ရွာသားများနှင့် တွေ့ဆုံမည်ဖြစ်သည်။

မောင်တောဒေသဖြစ်စဉ်များနှင့် စပ်လျဉ်းသည့် စုံစမ်းစစ်ဆေးရေးကော်မရှင် ဥက္ကဌ ဒုတိယ သမ္မတ(၁)  ဦးမြင့်ဆွေနှင့် ကော်မရှင်အဖွဲ့ဝင်များသည် ဒီဇင်ဘာ(၁၁)ရက်မှ (၁၃)ရက်အထိ မောင်တောဒေသသို့ သွားရောက် လေ့လာခဲ့ပြီး ယခု ခရီးစဉ်သည် ဒုတိယခရီးစဉ်ဖြစ်ကြောင်း သိရသည်။

မောင်တောဒေသဖြစ်စဉ်များနှင့် ပတ်သက်သည့် အစီအရင်ခံတစ်ရပ်အား ဇန်နဝါရီ (၃၁)ရက်တွင် နိုင်ငံတော် သမ္မတထံ တင်ပြရမည်ဖြစ်ပြီး ဇန်နဝါရီ(၃)ရက်တွင်လည်း အဆိုပါ ကော်မရှင်အနေဖြင့် ကြားဖြတ်အစီရင်ခံစာ တစ်စောင်ကို ထုတ်ပြန်ခဲ့သည်။

 

Check Also

သထုံမြို့နယ်အတွင်း ခြံရှင်များထံမှ ရာဘာစေးဝယ်ယူ၍ ရာဘာအသန့်များထုတ်လုပ်မည်

  အောင်မြင့်ထွန်း (မြစ်မခ) သထုံ၊ စက်တင်ဘာ ၁၉ ရက်။ မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်း ဈေးကွက်ဝင်အရည်အသွေးကောင်းမွန်သည့်ရာဘာများ ထုတ်လုပ်နိုင်ရန် အောက်တိုဘာလမှစတင်ကာ ရာဘာအရည်များ(အစေး) ဝယ်ယူသွားမည်ဖြစ်ကြောင်း သထုံမြို့နယ် …