Tuesday , April 11 2017
Home / FNews / လွတ်လပ်ရေးရခဲ့သော်လည်း လက်နက်ကိုင်ပဋိပက္ခများကြောင့် တိုင်းရင်းသားနေရာအချို့တွင် အနာဂတ်များ ပျောက်ဆုံးကာ အမှောင်ဖုံးခဲ့ဟု ဒုတိယ သမ္မတ (၁)ဦးမြင့်ဆွေပြောကြား

လွတ်လပ်ရေးရခဲ့သော်လည်း လက်နက်ကိုင်ပဋိပက္ခများကြောင့် တိုင်းရင်းသားနေရာအချို့တွင် အနာဂတ်များ ပျောက်ဆုံးကာ အမှောင်ဖုံးခဲ့ဟု ဒုတိယ သမ္မတ (၁)ဦးမြင့်ဆွေပြောကြား

ဝေဖြိုး (မြစ်မခ)

နေပြည်တော်၊ ဇန်နဝါရီ(၄)ရက်။

လွတ်လပ်ပင် လွတ်လပ်ခဲ့သော်ငြားလည်း လက်နက်ကိုင်ပဋိပက္ခများကြောင့် တိုင်းရင်းသားဒေသနေရာအချို့ တွင် လွတ်လပ်ရေး၏ အသီးအပွင့်ကို တင်းပြည့်ကျပ်ပြည့် ခံစားနိုင်ခြင်းမရှိဘဲ အနာဂတ်များ ပျောက်ဆုံးကာ အမှောင်ဖုံးခဲ့ရကြောင်း ဒုတိယ သမ္မတ(၁) ဦးမြင့်ဆွေက ပြောကြားလိုက်သည်။

နေပြည်တော်၊ မြို့တော်ခန်းမတွင် ဇန်နဝါရီ(၄)ရက်နံနက်ပိုင်းက ကျင်းပသည့် (၆၉)နှစ်မြောက် လွတ်လပ် ရေးနေ့ အခမ်းအနားတွင် ဒုတိယ သမ္မတ ဦးမြင့်ဆွေ(၁)က ပြောကြားလိုက်ခြင်းဖြစ်သည်။

“လွတ်လပ်ရေးရရှိပြီးနောက် အတိတ်သမိုင်းတွင် မိမိတို့တိုင်းရင်းသား ညီရင်းအစ်ကို မောင်ရင်းနှမများအကြား အကြောင်းအမျိုးမျိုးကြောင့် သံသယများ၊ ပဋိပက္ခများ ပေါ်ပေါက်ခဲ့ရသည့်အတွက် နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက် မှုကို အဟန့်အတား ဖြစ်စေခဲ့ရသည်။ လွတ်လပ်ပင် လွတ်လပ်ခဲ့သော်ငြားလည်း လက်နက်ကိုင်ပဋိပက္ခများ ကြောင့် တိုင်းရင်းသားဒေသနေရာအချို့တွင် လွတ်လပ်ရေး၏ အသီးအပွင့်ကို တင်းပြည့်ကြပ်ပြည့် ခံစားနိုင်ခြင်း မရှိဘဲ အနာဂတ်များပျောက်ဆုံးကာ အမှောင်ဖုံးခဲ့ရသည်မှာ စိတ်မကောင်းဖွယ်ရာပင်ဖြစ်ပါသည်။”ဟု ဒုတိယ သမ္မတ(၁) ဦးမြင့်ဆွေကပြောသည်။

လက်ရှိအချိန်သည်  သံသယနှင့် ပဋိပက္ခများ ကင်းစင်ပပျောက်ပြီး ရေရှည်တည်တံ့သည့် စစ်မှန်သော ထာဝရ ငြိမ်းချမ်းရေး ရရှိရန်နှင့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရန် တိုင်းရင်းသားအားလုံး နည်းလမ်း ပေါင်းစုံဖြင့် ကြိုးပမ်းဆောင်ရွက်နေကြကြောင်း သိရသည်။

“အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ပြည်ထောင်စုငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို နိုင်ငံတော်အစိုးရက ပြည် ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံကျင်းပခြင်းဖြင့် ကြိုးပမ်းဆောင်ရွက်လျက် ရှိပါတယ်။ လက်နက် ကိုင်နည်းလမ်းသည် ခေတ်အဆက်ဆက် နိုင်ငံရေးပြဿနာများကို ဖြေရှင်းနိုင်ခြင်း အလျဉ်းမရှိဘဲ လက်နက် ကိုင်ပဋိပက္ခကို ရှည်ကြာစေခဲ့ပြီး လက်နက်ကိုင် ပဋိပက္ခနှင့် ဆက်စပ်လျက် ဖွံ့ဖြိုးမှုများလည်း နောက်ကျကျန်ရစ် ခဲ့ရသည်ကို ဆယ်စုနှစ်များစွာ အထင်အရှားတွေ့မြင်ခဲ့ကြရပြီး ဖြစ်ပါတယ်။ ထို့ကြောင့် အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ပြည်ထောင်စု ငြိမ်းချမ်းရေးအတွက် စုပေါင်းတွေ့ဆုံ၊ စုပေါင်းဆွေးနွေး၊ စုပေါင်းအဖြေရှာမည့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ (၂၁)ရာစုပင်လုံကို တိုင်းရင်းသား ပြည်သူအားလုံးက မျက်မှောက်ပြုကြရန် အထူးအရေးကြီးလှပါတယ်။” ဟု ဒုတိယသမ္မတ(၁) ဦးမြင့်ဆွေက ဆက်လက်ပြောကြားသည်။

တိုင်းရင်းသားပြည်သူတစ်ရပ်လုံး မျှော်လင့်တောင့်တလျက်ရှိသည့် အမျိုးသားရေး ရည်မှန်းချက်ပန်းတိုင် ဖြစ် သည့် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကြီးတည်ဆောက်ရေး လွဲမသွေအောင်မြင်ရမည်ဟူသည့် ယုံကြည် မှုသန္ဒိဌာန်ဖြင့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ(၂၁)ရာစု ပင်လုံတွင် တွေ့ဆုံညှိနှိုင်းမှုများမှ ရရှိလာမည့်ဆုံး ဖြတ်ချက်များနှင့် အညီပြုလုပ်သွားရန်လိုအပ်ကြောင်း သိရသည်။

၁၉၄၈ ခုနှစ် ဇန်နဝါရီလ (၄) ရက်တွင် နိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့် လွတ်လပ်ရေးကို ပြန်လည်ရယူ နိုင်ခဲ့ကြခြင်းကြောင့် မြန်မာနိုင်ငံတော်၏ လွတ်လပ်ရေးရရှိခဲ့သည်မှာ (၆၉)နှစ် ပြည့်မြောက် ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

Check Also

အမျိုးသားပတ်ဝန်းကျင်ရေးရာ မဟာဗျူဟာမူဘောင်ဆိုင်ရာ အကြံပြုဆွေးနွေးခြင်း အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

ကျော်မျိုးထွဋ် (မြစ်မခ) မန္တလေး၊ ဧပြီ(၇) ရက်။ အမျိုးသားပတ်ဝန်းကျင်ရေးရာ မဟာဗျူဟာမူဘောင်ဆိုင်ရာ အကြံပြုဆွေးနွေးခြင်း အလုပ်ရုံဆွေးနွေးပွဲကို မန္တလေးမြို့ရှိ ဟိုတယ် မန္တလေး၌ ဧပြီ ၆ ရက်တွင်ပြုလုပ်ခဲ့ကြောင်း …