Sunday , May 28 2017
Home / သတင်း / ၀တ္ထု / ကဗျာ / ချစ်တဲ့သူတွေ အကြောင်း (၁)

ချစ်တဲ့သူတွေ အကြောင်း (၁)

အမှောင်ခေတ်ထဲက သတင်းလုပ်ငန်း

—————————————————————————
၂၀၁၀ ရဲ့ နိုင်ငံရေးအခင်းအကျဉ်းကို ကျွန်မအနေနဲ့လည်း သတင်းသမားတစ်ယောက်အနေနဲ့ ဖြတ်သန်းခဲ့ပြီးမှ ပြန်သုံးသပ်ကြည့်မိပါတယ်။ တကယ်တော့ ၂၀၀၉နဲ့ ၂၀၁၀ ဆိုတဲ့ကာလတွေကို ကျွန်မအနေနဲ့ စိတ်ခံစားချက်တွေမှာ တည်ငြိမ်မှု မရရှိနိုင်ခဲ့ပါဘူး။ မြင့်လိုက်၊ ကျလိုက် ပြန်ကောက်တင်လိုက်၊ မာန်တင်းလိုက်နဲ့အမျိုးမျိုးသော ခံစားချက်များနဲ့အတူ ဖြတ်သန်းရပါသေးတယ်။

အဲဒီတုန်းက နေ့ရက်တွေနဲ့အဖြစ်အပျက်တွေကို ဒီကနေ့ အထိပြန်စဉ်းစားရင် ကျွန်မ စိတ်ထဲ နေသာပြီး ကံကိုလည်းကျေးဇူးတင်ရတဲ့ အဖြစ်အပျက်အချို့လည်း ရှိခဲ့ပါသေးတယ်။

အဲလို စစ်အစိုးရအုပ်ချုပ်တဲ့၁၉၈၈ ကနေ ၂၀၁၀ တွင်းကာလတွေမှာ သတင်းထောက်တွေကို ဖမ်းဆီးပြီး နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခဲ့တယ်။ အဲဒီစစ်အစိုးရသက်တမ်းအတွင်း ဖမ်းဆီးထောင်ချမှတ်ခြင်းခံခဲ့ရတဲ့ သတင်းသမားစုစုပေါင်း ၄၀ ကျော်ရှိခဲ့ပါတယ်။

ဒါပေမဲ့ ကျွန်မနဲ့အတူတူတွဲပြီး လုပ်ခဲ့တဲ့ လူငယ်သတင်းထောက်တွေထဲက တစ်ယောက်မှ အဖမ်းခံခဲ့ရဖူးဘူး။ အဲဒီအတွက် ကျွန်မအနေနဲ့ အများကြီး စိတ်သက်သာရာရခဲ့တယ်။ကံကိုလည်း ကျေးဇူးတင်ခဲ့ရပါသေးတယ်။

ကျွန်မက ပြည်တွင်းမှာနေပြီး ၀ါရှင်တန်အခြေစိုက် VOA -မြန်မာပိုင်း နဲ့ထိုင်းနိုင်ငံချင်းမိုင်အခြေစိုက် ဧရာဝတီသတင်းဋ္ဌာနတို့အတွက် အလုပ်လုပ်နေတုန်းက ပြည်တွင်းက လူငယ်သတင်းထောက်အချို့ကို လည်း တွဲခေါ်ပြီး အလုပ်လုပ်ပေးခဲ့ရပါတယ်။ အဲလို တက်ကြွတဲ့ လူငယ်လေးတွေနဲ့ ပြည်ပမီဒီယာတွေအတွက် အတွဲလုပ်ခဲ့ရတဲ့ အချိန်က ၄ နှစ်ကျော် ၅ နှစ်လောက်ရှိပါတယ်။

သူတို့လို အသက်ငယ်ငယ်လေးတွေနဲ့သတင်းအလုပ်တွဲလုပ်နေရတာမို့ ဒီလိုအလုပ်လုပ်နေရချိန်မှာ ဖမ်းခံရရင် ဆိုတဲ့ စိတ်ပူပင်မှုကလည်း ကျွန်မအပေါ် တော်တော်လေး ဖိစီးခဲ့တယ်။

ကျွန်မအနေနဲ့ တစ်ကိုယ်တော် VOA သတင်းသမားဘ၀နဲ့ ဆောင်ရွက်နေတုန်းက ကိုယ့်အန္တရာယ်ကို ကိုယ်ကြည့်ရှောင်နိုင်တယ်လို့ ကိုယ့်ကိုယ်ကိုလည်း ယုံကြည်မှု ရှိနေတဲ့အတွက် စိတ်ပူပင်မှုရှိပေမဲက သိပ်မဖိစီးခဲ့ဘူး။

ခုလို ကလေးသာသာလေးတွေနဲ့ တွဲလုပ်ရတဲ့ အချိန်မှာတော့ ကျွန်မသာ အဖမ်းခံခဲ့ရရင် သူတို့ကလည်း အမှုတွဲတွေ ဖြစ်ရှာမယ်၊ ဒါမှမဟုတ် သူတို့များ သတင်းယူရင်းနဲ့ မတော်တဆ ဖမ်းခံခဲ့ရရင်လည်း ကျွန်မပါ အန္တရာယ်ရှိပြီး တစ်ဖွဲ့လုံး အမှုတွဲတွေ ဖြစ်နိုင်တယ်ဆိုပြီးတော့ အမျိုးမျိုးတွေးပြီး စိတ်ပူပင်ခဲ့ရတယ်။

သူတို့တွေနဲ့ အဲလို ပြည်ပ မီဒီယာတွေအတွက် တွဲလုပ်နေချိန် အဲဒီ ၆ နှစ်တာ ကာလတွေက သူတို့လုံခြုံရေးအတွက်လည်း စိတ်ပူရ၊ကိုယ့်လုံခြုံရေးအတွက်လည်း ပူပင်ရနဲ့ ပရိတ်ကြီး ၁၁ သုတ်ထဲက မောရသုတ်ကို မှန်မှန်ရွတ်ဆိုနေရတဲ့ ကာလတွေပါပဲ။
ဘ၀အတွက် စိတ်ပင်ပန်းရဆုံးအချိန်၊ အိပ်မပျော်ရသော ညများနဲ့ ဖုန်းသံနဲ့ ဆိုက်ကယ်သံကြားတိုင်း ရင်ခုန်နေရသော အချိန်များလို့လည်း ဆိုနိုင်ပါတယ်။

ဒီလို ပူပင်စိတ်တွေရှိနေခဲ့ပေမဲ့ သူတို့လေးတွေနဲ့ တွဲပြီး အလုပ်လုပ်နေတဲ့ အချိန်မှာ ကျွန်မရင်ထဲမှာ ပျော်ရွှင်ရတာ၊ ကျေနပ်တာတွေ ရှိသလို၊ အလုပ်လုပ်တဲ့အပေါ်မှာလည်း အားမလိုအားမရ ဖြစ်ရတာတွေလည်း ရှိပါတယ်။ သူတို့ရေးတဲ့ သတင်းတွေ ကောင်းတဲ့အခါ ချီးကျူးလိုက်၊ ပေါ့ပေါ့ဆဆရေးတယ်လို့ ထင်တဲ့အခါ အော်လိုက် ဟောက်လိုက် ဆူပြီးတော့ ပြန်လုပ်ခိုင်းလိုက်နဲ့ ပျော်စရာကောင်းတဲ့အချိန်တွေလည်း ရှိပါသေးတယ်။

ကျွန်မအနေနဲ့လည်း လူငယ်တွေနဲ့ပထမဆုံးအချိန် တွဲပြီးအလုပ်လုပ်ရတဲ့ အတွေ့အကြုံရခဲ့သလို၊ သူတို့ကိုလည်း သတင်းစာပညာကို ကိုယ်သိထားတာလေးတွေ ကို သေချာသင်ပေးလိုက်နိုင်တဲ့ အချိန်ပါပဲ။ ပြန်တွေးကြည့်ရင် ပူပင်မှုတွေ စိုးရွံ့မှုတွေ အကြောက်တရားတွေထဲက တကယ့်ကို ပျော်စရာကောင်းခဲ့တဲ့ အချိန်တွေလို့လည်း ဆိုနိုင်ပါသေးရဲ့။

ဒါပေမဲ့ ကျွန်မအနေနဲ့ သတိကိုတော့ မပြတ်ရှိစေခဲ့တယ်။
သတင်းယူရင်းနဲ့ ဖမ်းဆီးခံခဲ့ရတဲ့ အတွေ့အကြုံကလည်း ရှိထားတော့ အဖမ်းမခံရဘဲနဲ့ အလုပ်လုပ်နိုင်အောင် ရှု့ထောင့်ပေါင်းစုံကနေ စဉ်းစားတတ်လာတယ်။ အဲဒါကြောင့် ကျွန်မတို့အလုပ်လုပ်တဲ့အခါတိုင်း အန္တရာယ်ရှိတယ်လို့ ယူဆမိတဲ့ အလုပ်တွေကို တော့ ကျွန်မ ကိုယ်တိုင်လုပ်ပြီးတော့ အန္တရာယ်မရှိနိုင်ဘူးလို့ ယူဆလို့ရတဲ့ အလုပ်တွေကိုတော့ သူတို့ကို လုပ်ခိုင်းခဲ့တယ်။

ဒီကြားကာလမှာပဲ သင်္ကြန်မှာ ဗုန်းကွဲမှာ သတင်းထောက်စည်သူဇေယျတစ်ယောက် ဖမ်းဆီးခံလိုက်ရတော့ ကျွန်မအနေနဲ့ အတော့်ကို စိတ် ဖမ်းဆီးခံလိုက်ရတော့ ကျွန်မအနေနဲ့ အတော့်ကို စိတ်ပူသွားခဲ့တယ်။ တကယ်တော့ စည်သူဇေယျက ကျွန်မတို့အဖွဲ့ထဲကသတင်းထောက်မဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်မတို့အဖွဲ့ထဲက သတင်းထောက်အချို့နဲ့ ချင်းမိုင်မှာ သင်တန်းအတူတက်ပြီး ခင်မင်ရင်းစွဲ ရှိခဲ့ကြတယ်။ အဲဒါကြောင့် စည်သူ့နောက်ကို လိုက်ရင်းနဲ့ ကျွန်မ သတင်းထောက် ကလေးတွေဆီကိုများ ရောက်လာမလားလို့ တွေးပူလာမိတယ်။

တကယ်ပဲ တိုင်းပြည်ပြောင်းလဲရေးအတွက် အလုပ်လုပ်ရင်းနဲ့ အေးချမ်းပြီး လှုံခြုံတဲ့ဘ၀နဲ့ အဖွဲ့တစ်ခုကို အိပ်မက်ခဲ့တာလို့ ဆိုချင်ပါတော့တယ်။

မြစ်မခ သတင်းအဖွဲ့ကို ၂၀၀၈မှာ ဖွဲ့စည်းခဲ့ပေမဲ့ တကယ့်ကို အေးချမ်းတဲ့ ဘ၀ကိုတော့ တော်တော်နဲ့ မရနိုင်ခဲ့ပါဘူး။ ဒါပေမဲ့ ၂၀၁၀လောက်ကစပြီး ပြည်တွင်းဂျာနယ်တွေမှာ မြစ်မခက ၀င်တိုးလာနိုင်တဲ့ အနေအထားတစ်ရပ်ဖြစ်လာခဲ့ပါတယ်။

တကယ်ပဲ၂၀၁၀ ရွေးကောက်ပွဲမတိုင်ခင်တုန်းက ရွေးကောက်ပွဲ အလိုကာလတွေမှာ မြစ်မခ သတင်းအဖွဲ့ရဲ့ စွမ်းအားနဲ့ အရည်အချင်းကို ကောင်းကောင်း သိခွင့်ရခဲ့တယ်။

အဲဒီအချိန်တုန်းက မြစ်မခအဖွဲ့ထဲမှာ ကျွန်မမောင်လေး အေးချမ်းဟိန်၊ မောင်လေးရဲ့ ဇနီးမြင့်မြတ်ထွန်း၊
ကျွန်မရဲ့ မတ်တော်တဲ့ ကျော်ဇင်မန်း၊ ပြီးတော့ ရန်နိုင်၊ ပြီးတော့ ၀င့်သင်ဇာကျော်နဲ့ သူ့ရဲ့ အကို အောင်ကိုကိုလတ်၊ ယမင်းနဲ့ ဥာဏ်ဥာဏ်တို့လည်း ပါဝင်ခဲ့ကြတယ်။ ဒါ့အပြင် အမည်မဖော်လိုတဲ့ သတင်းထောက်အချို့လည်း ပါဝင်ခဲ့ကြပါသေးတယ်။

တစ်ဖက်ကလည်း ပြည်တွင်းဂျာနယ်တွေဖြစ်တဲ့ မြန်မာပို့စ်နဲ့ ပြည်သူ့ခေတ်ဂျာနယ်တွေအတွက် အထူးကြိုးစားပြီး အလုပ်လုပ်ပေးခဲ့ကြတယ်။ အထူးသဖြင့် ပြည်သူ့ခေတ်ဂျာနယ်အတွက်ဆို ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ သတင်းတွေ၊ သတင်းဆောင်းပါးတွေကို အထူးကိုအာရုံစိုက်ပြီး လုပ်ပေးခဲ့တယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီတုန်းကတော့ ပြည်သူ့ခေတ်ဂျာနယ်က ထုတ်ဝေသူ ဆရာ မောင်ဝံသကို လေးစားခင်မင်မိသလို၊ဆရာဖေမြင့်ကလည်း ကျွန်မနှစ်သက်တဲ့ စာရေးဆရာတစ်ဦးဖြစ်နေလို့ပါပဲ။

တစ်ဖက်ကလည်း ပြည်တွင်းဂျာနယ်တွေဖြစ်တဲ့ မြန်မာပို့စ်နဲ့ ပြည်သူ့ခေတ်ဂျာနယ်တွေအတွက် အထူးကြိုးစားပြီး အလုပ်လုပ်ပေးခဲ့ကြတယ်။ အထူးသဖြင့် ပြည်သူ့ခေတ်ဂျာနယ်အတွက်ဆို ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ သတင်းတွေ၊ သတင်းဆောင်းပါးတွေကို အထူးကိုအာရုံစိုက်ပြီး လုပ်ပေးခဲ့တယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီတုန်းကတော့ ပြည်သူ့ခေတ်ဂျာနယ်က ထုတ်ဝေသူ ဆရာ မောင်ဝံသကို လေးစားခင်မင်မိသလို၊ဆရာဖေမြင့်ကလည်း ကျွန်မနှစ်သက်တဲ့ စာရေးဆရာတစ်ဦးဖြစ်နေလို့ပါပဲ။

ဒါပေမဲ့အဲဒီကာလတွေတုန်းက ကျွန်မတို့ရဲ့ မျက်နှာဖုံးဆောင်းပါးတွေနဲ့ သတင်းတွေမှာ မြစ်မခလို့ ခရစ်ဒစ် ပေးဖို့ ခက်ခဲ့ပါတယ်။ စာပေစီစစ်ရေးက ကန့်သတ်တဲ့ အတွက့်  မြစ်မခ လို့ ဖော်ပြခွင့်မရခဲ့ပါဘူး။ အဲဒီအပေါ်မှာ စိတ်မကောင်းဖြစ်မိပေမဲ့ ဒီလူငယ်လေးတွေရဲ့အဖွဲ့လိုက် လုပ်ဆောင်နိုင်ခဲ့တဲ့အပေါ်မှာတော့ ပြန်တွေးမိတိုင်း ကျေနပ်အားရမှု ဖြစ်ရပါတယ်။

အဲလိုကာလမှာပဲ ရွေးကောက်ပွဲဆိုင်ရာသတင်းတွေလုပ်နေရင်းနဲ့ ကျွန်မဆီကို လူနှစ်ယောက် ရောက်လာခဲ့တယ်။ ရှမ်းတိုက်ပုံနဲ့ ဂျင်းဘောင်းဘီတွဲဝတ်ထားပေမဲ့ ရှမ်းအမျိုးသားတစ်ယောက်နဲ့ မတူတဲ့ ခပ်ပိန်ပိန် အမျိုးသားက ကိုရဲနိုင်မိုးက လွှတ်လိုက်တာပါလို့ ပြောတယ်။ ပြီးတော့ အသားညိုစိမ့်စိမ့်၊ ဆံပင်ကောက်ကောက်တွေနဲ့ စိတ်ဝင်စားဖို့ကောင်းတဲ့ မျက်လုံးတွေနဲ့ အမျိုးသမီးကိုလည်း မိတ်ဆက်ပေးပါတယ်။

ကိုရဲနိုင်မိုးဆီကို ဖုန်းတစ်ချက်လောက်ဆက်ပြီး ဆရာရေ…ဆရာကျွန်မဆီကို လူနှစ်ယောက်လွှတ်လိုက်တာလား လို့ လှမ်းပြီး အတည်ပြုလို့ရပါလျက်နဲ့ ကျွန်မ မလုပ်ခဲ့ပါဘူး။ ဆရာရဲနိုင်မိုးက ကျွန်မရဲ့ သတင်းစာပညာသင်ကြားရေးအပိုင်းက ဆရာသမားတစ်ဦးပါ။ ပြီးတော့ ၂၀၀၇ ခုနှစ်တုန်းက အမေရိကားကို ဆုသွားယူဖို့ ပြင်ဆင်နေချိန်မှာ ကျွန်မကို ဆုပေးပွဲမှာ ပြသမဲ့ ကျွန်မရဲ့ Profile ကို ရိုက်ကူးပေးရင်းနဲ့ လိုအပ်တာလေးတွေကို အကူညီပေးခဲ့သူပါ။ ခုချိန်ထိလည်း လိုအပ်တာရှိရင် မမေ…ကျွန်တော် ဘာကူညီရမလဲ လို့ အမြဲတမ်းမေးတတ်တဲ့ ဆရာပါ။ အဲလို ကျွန်မယုံကြည်ထားခဲ့တဲ့ ဆရာသမားတစ်ဦးရဲ့နာမည်နဲ့ ရောက်လာတဲ့ လူနှစ်ယောက်ကို ငေးကြည့်ပြီး ကျွန်မ ဘာပြန်ပြောရမှန်းမသိတော့ဘူး။

သူတို့ကို ခပ်ကြောင်ကြောင်ပြန်ကြည့်လိုက်တော့ သူတို့နှစ်ယောက်ကလည်း ကျွန်မကို အူကြောင်ကြောင်ပြန်ကြည့်ကြတယ်။ အဲဒီမှာပဲ ဘာကြောင့်မှန်းမသိဘူး ကျွန်မရင်ထဲမှာ သူတို့အပေါ် စိတ်ချယုံကြည်သွားမိတယ်။ (အခါအားလျော်စွာ သူတို့မျက်လုံးတွေကို အကဲခတ်ကြည့်ပေမဲ့သူတို့ မျက်လုံးတွေမှာ ကျွန်မတို့ကို အန္တရာယ်ပေးမဲ့ အရိပ်ယောင်မျိုး လုံးဝ မတွေ့ရပါဘူး။ )

အဲဒါနဲ့ပဲ ကျွန်မကို ဗီဒီယိုမှတ်တမ်းရိုက်ချင်တယ်၊ ဘယ်တော့ထုတ်ဖြစ်မယ်ဆိုတာလည်း မပြောနိုင်သေး ရိုက်ထားချင်ရုံပါလို့ ဆိုတော့ ကျွန်မကိုတော့ ရိုက်လို့ရတယ်။ ဒါပေမဲ့ ကျွန်မနဲ့ အတူတူ အလုပ်လုပ်နေတဲ့ ကလေးတွေကိုတော့ တိုင်းပြည်ရဲ့ အခြေအနေအရ မရိုက်ပါနဲ့နော်။ သူတို့တစ်ခုခု ဖြစ်သွားမှာ စိုးတယ်လို့ တစ်ခါတည်း ခွင့်တောင်းလိုက်တယ်။

ကိုစိမ်းနဲ့ ဝေမာကတော့ အလုပ်တွေများနေတဲ့ ကျွန်မကို ကျွန်မ သွားပြီးသတင်းယူတဲ့ နေရာတိုင်းကိုလည်း လိုက်ရိုက်တယ်။ ကျွန်မရဲ့ မြစ်မခ အဖွဲ့တွေနဲ့ အော်လိုက်ပြောလိုက် ဆူလိုက် ချီးကျူးလိုက် စိတ်တွေဗျာများ၊ ကလေးတွေနဲ့ သတင်းစည်းဝေးတာတွေကိုလည်း ရိုက်နဲ့ကလေးတွေကိုတော့ မပါအောင် ဂရုတစိုက်နဲ့ ရိုက်ပေးပါတယ်။ နေ့စဉ်နဲ့အမျှ ရိုက်နေတော့ ကျွန်မက သူတို့ကိုပဲ မြင်တော့တယ်။ သူတို့မှာ ပါတဲ့ကင်မရာကို မေ့မေ့သွားတတ်ပြန်တယ်။

သူတို့လာရိုက်နေတဲ့ ရက်မှာပဲ ကျွန်မလက်ထဲမှာ ပိုက်ဆံတစ်ပြားမှ မကျန်အောင်ပြတ်သွားတယ်။ ရစရာရှိတဲ့ စာမူခတွေကလည်း မရသေးဘူး၊ သတင်းထွက်လိုက်ဖို့ ကားခတောင်မရှိတော့ဘူးလို့ ဥာဏ်ဥာဏ်က လာပြောတော့ ထုံးစံအတိုင်း အမျိုးသားဆင်ပေးထားတဲ့ ရွှေလက်ကောက်ချွတ်ပြီး ဥာဏ်ဥာဏ့်ကို သွားပေါင်ခိုင်းလိုက်တာ။

(ထုံးစံအတိုင်းလို့ပြောရတာက ကျွန်မ ခင်ပွန်းသည်က သူ့အလုပ်လုပ်တဲ့ကုမ္ပဏီက ဘောနပ်စ်ပေးတိုင်း ကျွန်မကို လက်ဝတ်ရတနာတွေ ၀ယ်ဝယ်ပြီး ဆင်ပေးလေ့ရှိတယ်။ ကျွန်မကလည်း ယူထားပြီး ပိုက်ဆံလိုတိုင်း အဲဒါတွေကို ချွတ်ပြီး ပေါင်ခိုင်းလိုက်၊ ပိုက်ဆံရရင်ပြန်ရွေးလိုက်နဲ့မို့ ထုံးစံအတိုင်းလို့ ဆိုရပါတယ်)
အဲလို သွားပေါင်ဖို့ လက်ကောက်တွေချွတ်နေတာကိုလည်း ကင်မရာချိန်ထားပြီးသားဖြစ်နေလို့သူတို့ရိုက်ထားမိတယ်ဆိုတာကို
နောင်အခါမှ ဝေမာ ပြန်ပြောလို့သိရပါတယ်။

တကယ်ပဲ ကိုစိမ်းတို့ ဝေမာတို့နဲ့ ရင်းနှီးသွားပြီးတော့ သူတို့ကိုပဲ မြင်တော့တယ်။ ကင်မရာ ရှိတယ်ဆိုတာကိုတောင် မေ့မေ့သွားပြီး..ပါသွားတော့တာပါပဲ။

ကိုစိမ်းနဲ့ ဝေမာက ကျွန်မရဲ့ သတင်းသမားဘ၀နဲ့ ၂၀၁၀ ရွေးကောက်ပွဲကိုဖြတ်သန်းနေတာကိုလည်း ရိုက်ကူးနေစဉ် တစ်ပြိုင်နက်တည်းမှာ ၂၀၁၀ ရွေးကောက်ပွဲဝင်မဲ့ နိုင်ငံရေးပါတီတွေကိုလည်း ရိုက်ကူးနေခဲ့တာပါ။ မှတ်မိသလောက်ပြောရရင်တော့ ဦးသုဝေတို့ရဲ့ ဒီမိုကရက်တစ်ပါတီကိုလည်း ကောင်းကောင်းမှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ ပြီးတော့ ၂၀၁၀မှာ ကြိုတင်မဲကိစ္စတွေနဲ့ ရိုးရိုးသားသားနိုင်ငံရေးသမားတွေ ကြိုတင်မဲနဲ့
အလိမ်ခံခဲ့ရတာကိုလည်း ဝေမာနဲ့ ကိုစိမ်းက သေချာ ရိုက်ကူးနိုင်ခဲ့ကြတယ်။

အဲဒီမှတ်တမ်းရုပ်ရှင်ဟာ ၂၀၁၅ ရွေးကောက်ပွဲ မတိုင်ခင်မှာ ဒန်းဖလင်ကနေ ဒါရိုက်တာဝေမာညွှန့် ရိုက်ကူးထုတ်လုပ်တဲ့ မပြီးသေးသော ပန်းချီကားဆိုတဲ့ မှတ်တမ်းရုပ်ရှင် ဖြစ်လာခဲ့တာပါ။

ရှေ့ဆက်ဖော်ပြပါဦးမည်။

Check Also

ချစ်တဲ့ သူတွေအကြောင်းပြောရအောင်(၂၄)

အဲဒီခေတ်တုန်းကတော့စာပေစီစစ်ရေးနဲ့ ဆက်ဆံရတာ စိတ်ပျက်ပြီးတော့ မဂ္ဂဇင်းမထုတ်တော့ဘဲနဲ့ အခြားအလုပ်ပြောင်းကုန်တဲ့ စာနယ်ဇင်းသမားတွေလည်းအများကြီးပဲ။ သူတို့အနေနဲ့ စာနယ်ဇင်းလုပ်ငန်းက အသက်မွေးဝမ်းကျောင်းလုပ်ဖို့ မဖြစ်နိုင်တော့ဘူးဆိုပြီးတော့ အခြားအလုပ်တွေ ပြောင်းကုန်ကြတာပါ။ စာပေစီစစ်ရေးက ကျွန်မကို အယ်ဒီတာလုပ်ပိုင်ခွင့်ပျောက်ဆုံးပြီး …