Tuesday , May 30 2017
Home / သတင်း / ၀တ္ထု / ကဗျာ / ချစ်တဲ့သူတွေအကြောင်း ပြောရအောင်(၂၇)

ချစ်တဲ့သူတွေအကြောင်း ပြောရအောင်(၂၇)

၁၉၉၉၊၂၀၀၀ ပြည့်နဲ့ ၂၀၀၁ နှစ်တွေကတော့ ကျွန်မဘ၀ရဲ့တည်ငြိမ်အေးချမ်းနေတဲ့ နှစ်တွေလို့ ဆိုနိုင်ပါတယ်။

ကျွန်မ ဘ၀ထဲမှာ မောင်နဲ့ အတူတူ သားကြီးဟိန်ထွဋ်ခန့်ရောက်လာခဲ့တာလည်း ဘုရားပေးတဲ့ လက်ဆောင်တွေထဲက တန်ဖိုးအကြီးဆုံးလက်ဆောင်တွေပါလို့ ပြောရင်ရနိုင်ပါတယ်။

အဲဒီကာလတွေတုန်းက ပူပင်စရာတွေ ခက်ခဲကြပ်တည်းတာတွေ သိပ်မရှိဘူးလို့ ပြောလို့ရနိုင်ပေမဲ့ စိတ်ထိခိုက်စရာအချို့ကိုတော့ ကြုံခဲ့ရပါသေးတယ်။ အဲဒါကတော့ ကျွန်မတို့ကို ဆရာများရိပ်သာ အိမ်ခန်းလေးမှာ ထားခဲ့ပြီး အမေက မောင်လေးနဲ့ ညီမလေးနဲ့တူ ပြည်ရိပ်မွန်အိမ်ရာကို ပြောင်းရွေ့သွားကြတာပါပဲ။

အမေနဲ့ အမြဲနေမယ်လို့စိတ်ကူးထားတဲ့ ကျွန်မ၊ အမေတို့ ထွက်သွားတော့ ၀မ်းနည်းပြီး ငိုမိတယ်။ အမေက ငါ့ကို ဘာဖြစ်လို့ထားခဲ့တာလဲ ဆိုတဲ့ မေးခွန်းကိုလည်း အမြဲတမ်း စဉ်းစားမိတိုင်း ၀မ်းနည်းစွာနဲ့ စိတ်ထိခိုက်ရတယ်။အဲဒီအချိန်မှာ အစိုးရက သူတို့ဖမ်းဆီးထားတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို ဆက်ဖမ်းထားတဲ့အတွက်ဖေဖေကတော့ ဧည့်ဂေဟာမှာပဲ နေမြဲနေနေရပါတယ်။

အဲဒီအချိန်တုန်းက အစိုးရနဲ့ အန်အယ်ဒီပါတီရဲ့ တိုက်ပွဲကတော့ ပြင်းထန်နေကြတုန်းဆိုတာကို မှတ်မိနေသေးတယ်။ ၂၀၀၂ လောက်ကျမှ အစိုးရနဲ့ ဒေါ်အောင်ဆန်းစုကြည်တွေ့ခွင့်ရပြီး ဆွေးနွေးနေကြတယ်ဆိုတာ သတင်းတွေ ထွက်ပေါ်လာခဲ့တာပါ။ အဲဒီတုန်းကတော့ မှတ်မိနေတာကတော့ ၂၀၀၀ ပြည့်နှစ်မှာ အန်အယ်ဒီပါတီကို မတရားအသင်းအဖြစ်ကြော်ငြာပြီး ဖျက်သိမ်းပစ်ဖို့ သတင်းစာတွေထဲမှာ ရေးသားခဲ့ကြတယ်။

အန်အယ်ဒီပါတီကလည်း နအဖ ဥက္ကဌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးဘဌေးတို့ကို ရွေးကောက်ပွဲ ဥပဒေ ချိုးဖောက်မှု(၉၀ ရွေးကောက်ပွဲမှာ အန်အယ်ဒီပါတီအနိုင်ရခဲ့ပေမဲ့ လွှတ်တော်ခေါ်မပေးခြင်းကလည်း ရွေးကောက်ပွဲ ဥပဒေကို ချိုးဖောက်တာပါပဲ)၊ အန်အယ်ဒီပါတီဝင်တွေကို မတရားခြိမ်းခြောက်မှုနဲ့ လူ့အခွင့်ရေးချိုးဖောက်မှုတွေနဲ့ တရားစွဲဆိုခဲ့တယ်။

တပ်မတော်အစိုးရဖြစ်တဲ့ နအဖကတော့ အန်အယ်ဒီပါတီက ခုလို တရားစွဲတယ်ဆိုတာ ပြက်လုံးသာသာနဲ့ စိတ်ကူးယဉ်မှုပဲ ဖြစ်တယ်ဆိုတဲ့ အရေးအသားနဲ့ ပြောဆိုမှုတွေ ပြုလုပ်ခဲ့ကြတယ်။

ပြည်တွင်းက သတင်းစာ ဆရာတွေက အစိုးရရဲ့ လုပ်ရပ်နဲ့
အပြောအဆိုကို ပြင်းပြင်းထန်ထန်ဝေဖန်ရှုံ့ချတဲ့ အရေးအသားတွေနဲ့ တုန့်ပြန်ခဲ့ကြတယ်။
အဲဒီအချိန်တုန်းကတည်းက ကျွန်မအမြင်မှာတော့ သတင်းစာဆရာတွေက အန်အယ်ဒီပါတီဘက်ကနေ လိုက်ပြီး ရပ်တည်တာ ရေးသားတာ မဟုတ်ပါဘူး။

အစိုးရရဲ့ မတရားမှုနဲ့ လုပ်ရပ်တွေကို ရပ်တန့်တားဆီးလိုတဲ့ စိတ်နဲ့ မတရားမှုတွေကို ဝေဖန်ရေးသားခဲ့ကြတာပါ၊ အဲဒါကို အစိုးရဘက်ကအမြင်ကတော့ သူတို့ရဲ့ မတရားမှုတွေကိုတော့ လုပ်ခွင့်ရှိတယ်လို့ ယူဆပြီးတော့ သတင်းစာဆရာတွေက အန်အယ်ဒီပါတီဘက်က လိုက်တယ်လို့ မြင်ခဲ့ကြတယ်လို့ပဲ သုံးသပ်မိပါတယ်။

သတင်းစာဆရာတွေရဲ့ သဘာဝကိုက လက်ရှိဖြစ်နေတဲ့ ကိစ္စရပ်တွေကို ပူပူနွေးနွေးဖြစ်နေတုန်းမှာ သုံးသပ်ဝေဖန်ရေးသားရပါတယ်။ ရေးသားတဲ့အခါမှာလည်း မတရားမှု ကျူးလွန်တဲ့ သူတွေနဲ့ ကျူးလွန်ခြင်းခံခဲ့ရတဲ့ သူတွေ မှာ ကျူးလွန်ခံခဲ့ရတဲ့သူတွေဘက်ကနေ ရေးသားကြတယ်။
ဒါကလည်း သတင်းသမားတွေရဲ့ လုပ်ငန်းရဲ့ သဘောသဘာဝပါပဲ။

သတင်းစာဆရာတိုင်းက လောကကြီးရဲ့ မတရားမှုတွေကို ဖော်ထုတ် ရေးသားရင်းနဲ့ မတရားမှုတွေ တဖြည်းဖြည်း လျော့နည်းသွားလိမ့်မယ်လိုကလည်း ယုံကြည်ထားကြပါတယ်။
အဲဒီကာလမှာပဲ တပ်မတော်အစိုးရက ၂၀၀၀ ပြည့်နှစ် ၉ လပိုင်းမှာပဲ အန်အယ်ဒီပါတီရုံးချုပ်ကို ထောက်လှမ်းရေးတွေ ၀င်ရောက်စီးနင်းပြီး သော့ခေတ်ထားတဲ့ ဘီရိုထဲက စာရွက်စာတမ်းတွေ သိမ်းဆည်းခဲ့ကြတယ်။

အဲလို ဖြစ်ရပ်နဲ့ ကြုံပြီး လပိုင်းမှာပဲ အန်အယ်ဒီပါတီရုံးချုပ်အဆောက်အဦးကို မငှားနိုင်တော့ကြောင်း အိမ်ရှင်က ပြောလာခဲ့တဲ့အတွက် အန်အယ်ဒီအဖွဲ့ဝင်တွေက ခေါင်းဆောင်တွေ လွတ်မြောက်လာတဲ့အချိန်ထိ စောင့်ပေးဖို့ မေတ္တာရပ်ခံခဲ့ကြပါသေးတယ်။

ဒါပေမဲ့ ၂၀၀၁ ခုနှစ်နှစ်ဆန်းပိုင်းမှာပဲ ဒေါ်အောင်ဆန်းစုကြည်နဲ့ နအဖတွေ့ဆုံမှုတွေပြုလုပ်နေပြီ ဆိုတဲ့ သတင်းနဲ့ အစိုးရဘက်ကနေ ပျော့ပြောင်းမှုအချို့ကို တွေ့လိုက်ရပါသေးတယ်။

စစ်ထောက်လှမ်းရေး ဒုအကြီးအကဲ ဗိုလ်ချုပ်ကျော်ဝင်းက ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးမှုက ကနဦးအဆင့်မှာ ရှိနေပေမဲ့ အသွင်ကူးပြောင်းရေးဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့ဖွဲ့ဖို့ ရှာဖွေညှိုနှိုင်းမှုတွေ ပြုလုပ်နေတဲ့ အကြောင်း ပြောဆိုခဲ့တယ်။

အဲဒီလို အခြေအနေမျိုးမှာတောင်မှ တိုင်းရင်းသားအဖွဲ့ပေါင်း ၂၂ ဖွဲ့နဲ့ လွတ်မြောက်နယ်မြေဒေသမှာရှိကြတဲ့ မြန်မာ့ဒီမိုကရေစီအင်အားစုတွေက ညှိုနှိုင်းပွဲတစ်ရပ်ပြုလုပ်ပြီး နအဖနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ တွေ့ဆုံဆွေးနွေးပွဲအား ကြိုဆိုကြောင်း သဘောထားထုတ်ပြန်ခဲ့ပါသေးတယ်။

အဲဒီအချိန်မှာပဲ ကျွန်မရဲ့ ဘ၀အချိုးအကွေ့တစ်ခု ဖြစ်ပေါ်စေမဲ့ အခြေအနေတစ်ခုနဲ့ ကြုံခဲ့ရပါသေးတယ်။ အဲဒါကတော့ မြန်မာနိုင်ငံက အမေရိကန်စင်တာရဲ့ ကူညီပံ့ပိုးမှုကြောင့် အမေရိကန် သတင်းစာဆရာတွေဆီကနေ သတင်းစာပညာကို လေ့လာသင်ယူခွင့်ရလိုက်တာပါပဲ။

အဲဒီတုန်းကတော့ စစ်အစိုးရက မြင်မြင်သမျှ သံသယစိတ်နဲ့ ဖမ်းဆီးနေချိန်ဖြစ်တဲ့အတွက် သတင်းစာပညာ သင်ယူတာတောင်မှ လွတ်လွတ်လပ်လပ် မသင်ကြရတဲ့ ခေတ်ပါ။
အဲဒါကြောင့် အင်္ဂလိပ်စာ သင်တန်းဆိုတဲ့ ခေါင်းစဉ်အောက်မှာပဲ အခြေခံသတင်းစာပညာကို သင်ကြားခဲ့ရပါတော့တယ်။ ကျွန်မနဲ့အတူတူ သတင်းစာဆရာ ၁၄ ဦးတက်ရောက် သင်ကြားခွင့်ရရှိခဲ့ပါတယ်။( အဲဒီ ၁၄ ဦးထဲမှာ ၈ ဦးလောက်က သတင်းသမားလောကမှာ နာမည်ရှိသူတွေအဖြစ်နဲ့ ဒီကနေ့ အထိ ရပ်တည်နေကြဆဲဖြစ်ပါတယ်)

အဲဒီမှာ သတင်းဆိုတာ ဘာလဲ၊ သတင်းတွေကို မျှမျှတတဖြစ်အောင် ဘယ်လို ရေးသားရမလဲ၊ သတင်းစာဆရာတစ်ယောက်ရဲ့ ရပ်တည်ချက်က ဘာလဲ။ ပြည်သူလူထုအတွက် ဘယ်လိုတာဝန်မျိုးတွေကို ထမ်းဆောင်နေရတာလဲ ဆိုကို ပြည့်ပြည့်စုံစုံနဲ့ တိတိကျကျ သိခွင့်ရလိုက်တာပါ။

ဒီ့မတိုင်မီက ဆရာလူထုစိန်ဝင်းရေးသားတဲ့ သတင်းစာပညာ သောင်းပြောင်းထွေလာ စာအုပ်လေးကို ဖတ်စာအုပ်အနေနဲ့ ဖတ်ရင်း စာတွေထဲကနေ လေ့လာသင်ယူခဲ့ရတာ၊ ခုလို အမေရိကန် သတင်းစာဆရာတွေကိုယ်တိုင် လာရောက်သင်ကြားပေးခဲ့တာကို ပထမဆုံးအကြိမ်အနေနဲ့ သင်ယူခဲ့ရတဲ့အတွက် ကိုယ့်ကိုယ်ကိုလည်း သိပ်ကို အားတက်ခဲ့ရတယ်။

ဘ၀မှာ ကိုယ်လုပ်ချင်တဲ့ အလုပ်ကို စနစ်တကျနဲ့ အောင်မြင်စွာ လုပ်ဆောင်နိုင်ဖို့အတွက် နည်းပညာ လိုတယ်၊ အရေးကြီးတယ်ဆိုတာကို သိခွင့်ရလာတဲ့ အချိန်ကာလတွေလို့လည်း ဆိုနိုင်ပါတယ်။

အဲဒီကာလမှာအမေရိကန်စင်တာရှေ့မှာ စောင့်ကြည့်သတင်းယူနေတဲ့ ထောက်လှမ်းရေးအဖွဲ့ကနေ သတင်းစာဆရာတွေ သင်တန်းလာတက်တာ ထူးဆန်းတယ်ဆိုပြီး ကျွန်မတို့ကို သင်တန်းအပြီး စင်တာနားက လက်ဖက်ရည်ဆိုင်မှာ ထိုင်နေကြတုန်း လာရောက်မေးမြန်းပါသေးတယ်။

သတင်းစာဆရာတွေအားလုံးက မတိုင်ပင်ထားကြပါဘဲနဲ့ ပြိုင်တူဖြေခဲ့ကြတာကတော့ အမေရိကန် အင်္ဂလိပ်စာ သင်နေကြတာ၊ အင်္ဂလိပ်စာ မတတ်ရင် လူကြာမ၀င်မှာ စိုးလို့လေ ဆိုပြီးတော့ ဖြေခဲ့ကြတယ်။ အဲလိုဖြေတာလည်း မမှားပါဘူး သတင်းစာပညာကို အင်္ဂလိပ်လို သင်နေကြရတာဆိုတော့ အမေရိကန် အင်္ဂလပ်လို သင်ကြရတာပါပဲ။

သတင်းစာပညာကို နိုင်ငံခြားက ဆရာတွေခေါ်ပြီး စနစ်တကျ သင်ခွင့်ရလိုက်ခြင်းရဲ့ အဲဒီအကျိုးဆက်ကတော့ တပ်မတော်အစိုးရခေတ်မှာ ကျွန်မအပါအ၀င် ခေါင်းမာတဲ့ သတင်းစာဆရာတွေ ထွက်ပေါ်လာကြတော့တာပါပဲ။ အဲဒီအချိန်ကတည်းက ကျွန်မတို့တွေ ရင်ထဲမှာ စွဲငြိသွားခဲ့တာက သတင်းလွတ်လပ်ခွင့် ဆိုတာပါပဲ။

ကျွန်မသင်ကြားခဲ့ရတဲ့ ပထမဦးဆုံးသတင်းစာ သင်တန်းဆရာကတော့ ဂျက်ဟောဆန်နဲ့ ဂရေဟန်ပါ။ ဆရာနှစ်ယောက်စလုံးက အင်မတန် ထက်မြက်ကြတယ်။ ဆရာဂျက်လို့ ခေါ်တဲ့ ဆရာကတော့ နောက်ပိုင်းမှာလည်း မြန်မာပြည်က သတင်းသမားအများစုရဲ့ ဆရာလည်း ဖြစ်လာခဲ့တယ်။

ဆရာရဲ့ သင်ကြားမှုကြောင့် ကိုယ်ရေးမဲ့သတင်းတိုင်းနဲ့ ဆောင်းပါးတိုင်းကို ကိုယ်သိစေချင်၊ဖတ်စေချင်တဲ့ စာဖတ်သူကို ဦးတည်ပြီးတော့ စနစ်တကျ ရေးတတ်လာခဲ့တယ်၊ဒါ့အပြင် သတင်းကို ဘယ်လိုရေးသားပြီးတော့ ဆောင်းပါးကိုတော့ စနစ်တကျနဲက ဘယ်လိုရေးရမယ်ဆိုတာကို သေချာ နားလည်သင်ယူခွင့်ရလိုက်တာပါပဲ၊
သတင်းဆောင်းပါးတွေကို ဘယ်လို ကောင်းအောင်ရေးရမလဲ၊ လူတွေကို စိတ်ဝင်စားစေချင်တဲ့ သတင်းမျိုးဆိုရင် ဘယ်လိုရေးရမလဲ ဆိုတာကိုပါ နားလည်လာခဲ့တယ်။

သင်တန်းလည်းတက်ရင်း မဂ္ဂဇင်းလည်း လုပ်ရင်း ကာလတွေမှာတော့ သားကို ကျွန်မ ဂရုစိုက်မှု အားနည်းသွားခဲ့တယ်။ မိုးလင်းတာနဲ့ သင်တန်းမီဖို့ အိမ်ကနေ အပြေးထွက်လာရ၊ သင်တန်းပြီးမှ မဂ္ဂဇင်းတိုက်ကိုသွားရတဲ့ အတွက် အိမ်ပြန်ချိန်တွေ နောက်ကျပေါ့။

သားကိုတော့ အိမ်မှာ ကလေးထိန်းနဲ့ပဲ ထားထားခဲ့ရတယ်။ အလုပ်လုပ်ကြတဲ့ မိခင်တိုင်း ခံစားရတဲ့ အိမ်မှာထားခဲ့ရတဲ့ ကလေးအတွက် ပူပင်တဲ့ သောကမျိုးလည်း ကျွန်မ ခံစားရတာပါပဲ။ အလုပ်ထဲ စိတ်နစ်နေတုန်းသာ အရာရာကို မေ့နေတတ်ပေမဲ့ သားကိုတော့ အချိန်များများ သတိရတတ်တယ်။ သတိရရုံကလွဲပြီး သားနားမှာ အချိန်များများနေနိုင်ဖို့လည်း အချိန်တွေကို စီမံခန့်ခွဲနိုင်ခဲ့ခြင်း မရှိပါဘူး။

တစ်နေ့တော့ သင်တန်းတက်နေတုန်းမှာပဲ သားကြီး အသက်ရှုကျပ်ပြီး ကလေးဆေးရုံတင်လိုက်ရတော့ သားအအေးမိနေတာကို မသိတဲ့ အမေတစ်ယောက်အဖြစ် ကိုယ့်ကိုယ်ကို အပြစ်တင်မဆုံးဖြစ်ရတော့တယ်။

မောင်ကတော့ ဘယ်တုန်းကမှ ကျွန်မကို အပြစ်မတင်တတ်တဲ့ သူလိုပဲ၊ သားဒီလို ရင်ကြပ်ပြီး အအေးမိသွားတာ သူ့အပြစ်ပဲလို့ ဆိုချင်တယ်။ ကျွန်မကတော့ မျက်နှာလေး ဖြူဖျော့နေတဲ့ သားကို ငေးရင်း ဘာစကားမှ မပြောနိုင်ဘဲ မျက်ရည်တွေကျတယ်။ သားက သူ့ဘေးနားမှာ ထိုင်၊ သူ့မျက်နှာကို ငေးနေတဲ့ အမေ့ပါးပြင်ပေါ်က မျက်ရည်စတွေကို သူ့လက်ကလေးနဲ့ လှမ်းသုတ်ပေးရင်း၊ မပီ့တပီအသံငယ်လေးနဲ့ …မာမီမငိုနဲ့ သားဘာမှ မဖြစ်တော့ဘူးလို့ ဆိုရှာတယ်။

သားလေးဟာ ကျွန်မ စိတ်ထိခိုက်မှာကို သူခံစားနေရတဲ့ ဝေဒနာထက် ပိုပြီး အလေးထားတယ်ဆိုတာကို သိလိုက်ရတော့ သားကို ပွေ့ဖက်ရင်း စိတ်ထိခိုက်ခဲ့ရတယ်။
သားရယ်…အမေဟာ မိခင်ကောင်းတစ်ယောက်ဖြစ်အောင် အမြဲနေပါ့မယ်လို့ စိတ်ထဲကနေ သားကို အကြိမ်ကြိမ် ကတိပေးမိရင်း မျက်ရည်လည်းဝေ့ရပြန်ပါတယ်။ အဲဒီနေ့ကစပြီး သားနေပြန်ကောင်းတဲ့အထိ သင်တန်းနဲ့ အလုပ်ကနေ ခွင့်ယူမယ်လို့ ဆုံးဖြတ်လိုက်ပြန်တယ်။

ဆေးရုံတင်ထားရတဲ့ လေးငါးရက်အတွင်း နဲ့ သားနေပြန်ကောင်းလာတဲ့ တစ်ရက်နှစ်ရက်ကာလတွေမှာ နေ့နေ့ညည ကျွန်မက သားနဲ့က မခွာနိုင်တဲ့အခါ မောင်က မေသိပ်ပင်ပန်းနေပြီ ဆိုပြီး သူ့အလုပ်ကနေ ခွင့်ယူပေးပြီး ကျွန်မကို သင်တန်းနဲ့ အလုပ်ကို သွားစေခဲ့တယ်။

အလုပ်ခွင်ထဲကို ပြန်ရောက်သွားတဲ့အခါ လုပ်ရမဲ့ အလုပ်ပုံတွေထဲ ခေါင်းထိုးထည့်ပြီးတာနဲ့ ကျွန်မက ကိုယ့်ကိုယ်ကိုတောင် ပျောက်ဆုံးပြီး အလုပ်ထဲမှာ အာရုံစိုက်မိပြန်တယ်။ တစ်ပြိုင်နက်တည်းမှာ နှစ်ခု သုံးခုကို အာရုံစိုက်ပြီး မလုပ်နိုင်တာ ကျွန်မရဲ့ အားနည်းချက်ပါပဲ။
သားကို အာရုံစိုက်ထားတော့ သင်တန်းတွေလွှတ်ပြီး အလုပ်ပျက်တယ်။ သင်တန်းနဲ့ မဂ္ဂဇင်းဆီကို အာရုံစိုက်ပြန်တော့ သားနဲ့ မောင့်ကို ပစ်ထားသလိုဖြစ်မိပြန်တယ်။

အမေ့နားကပ်ပြီး အမေ့ကို ချွဲရတဲ့ အရသာကို သိနေပြီ ဖြစ်တဲ့ သားကလည်း အမေကို ဂျီကျချင်သလို ဖြစ်နေတာကို မောင်က ရိပ်စားမိတော့ မောင်က သားကိုသူ့နားခေါ်ပြီး သေချာနားလည်အောင် သေချာရှင်းပြပေးတယ်။ အလုပ်လုပ်တဲ့ အမေ ရှိတာ၊ သားမှာ ကျွန်မလို အမေမျိး ရှိတာ ဘယ်လောက် ဂုဏ်ယူဖို့ ကောင်းသလဲ ဆိုတဲ့ အမြင်မျိုး သားကိုယ်တိုင် မြင်တွေ့ခံစားလာရအောင်ထိ မောင်က သားကို ပြောဆို ရှင်းပြနေတာကို ကြားရပါတယ်။

သားနားမှာ မနေဘဲ အလုပ်တွေနဲ့ နေတတ်တဲ့ အမေဖြစ်သူ ကျွန်မကို သားနားလည်ပေးဖို့ ဆိုရာမှာ အဖေ့ရဲ့ စကား(မောင့်ရဲစကား)က သားအတွက် ဘယ်လောက်အရေးကြီးသလဲ ဆိုတာကို ကျွန်မ နားလည်ရပြန်တယ်။

အဲဒီလိုနဲ့ မောင်က ကျွန်မအပေါ်ကို နားလည်စာနာပေးတတ်တဲ့ ခင်ပွန်းဖြစ်လာခဲ့သလို၊ သားကလည်း အမေ့ကို နားလည်စာနာပေးတတ်သော သားလေးဖြစ်လာခဲ့ရပါတယ်။ ကျွန်မကတော့ သူတို့ရဲ့ နားလည်မှုတွေ အားပေးဖေးမမှုတွေကို အသိအမှတ်ပြုပြီး ကျေးဇူးတင်ခြင်းကလွဲလို့သူတို့အတွက်လည်း ဘာကိုမှ မယ်မယ်ရရ လုပ်မပေးနိုင်ပြန်ပါဘူး။

`မောင် ကိုယ့်ကို ချစ်ရတာ သိပ်ရှုံးတယ်နော်`လို့ ကျွန်မ ပြောခဲ့ဖူးတယ်။ မောင်က ကျွန်မ ဆံပင်တို့ကို ခပ်ဖွဖွသပ်ရင်း `တစ်ခါမှ မတွေးဘူးဖူး`လို့ နူးနူးညံ့ညံ့ပြန်ပြောသားပဲ။ သို့ပေမဲ့ ကျွန်မ ရင်ထဲမှာတော့ မောင့်အဖြေကို မကျေနပ်နိုင်ဘဲနဲ့ ဒါဆို မောင်မျှော်လင့်ခဲ့တဲ့ ကိုယ်တို့ရဲ့ မိသားစု ဘ၀ကို ပြောပြလို့ အတင်းအကျပ်ဆိုတော့ မောင်က ခပ်ဖွဖွပြုံးရင်းနဲ့ စကားဆိုတယ်။

`မောင်က မေ့ကို စတွေ့ကတည်းက မေ့ဆီကနေ အများကြီး မျှော်လင့်လို့မရနိုင်ဘူး ဆိုတာ သိပြီးသားပဲ။ ခုလည်း မေတို့ အလုပ်က အလုပ်ချိန်သတ်မှတ်လို့မှ မရဘဲ မေရယ်၊ မောင်နားလည်ပေးရမှာပေါ့`
ကျွန်မကတော့ တစ်ခါတစ်ရံဆို သားနဲ့မောင်မျှော်နေမှာပဲ ဆိုတာကို သိလျက်သားနဲ့ပဲ မဂ္ဂဇငိးဖောင်ပိတ်ချိန်တွေမှာ အိမ်ကို စောမပြန်နိုင်ခဲ့တာ၊ မဂ္ဂဇင်းအလုပ် ဆိုတာ စိတ်ရော လူရော ပင်ပန်းလှပေမဲ့ အကျိုးအမြတ်မရှိဘဲ တစ်ခါတစ်ရံဆို အိမ်အသုံးစရိတ်ဖယ်ထားတဲ့ မောင့်ပိုက်ဆံတွေကိုတောင် ယူသုံးရတာ ဒါတွေကို မောင်တကယ်ပဲ ဘာမှ မခံစားရဘူးလားလို့လည်း မေးချင်လာတယ်။

မောင်ကတော့ အလုပ်ထဲ စိတ်ဝင်စားနေတဲ့ မောင့်မိန်းမအပေါ်ကို ဘာဖြစ်လို့ စိတ်ပျက်ရမှာလဲ မေရယ်၊ မောင့်ကိုအားနာစရာလည်း မလိုပါဘူး လို့ဆိုပေမဲ့ ကျွန်မ စိတ်ထဲ အားနာမိတာကတော့ အမြဲတမ်းပါပဲ။

အဲဒီကာလများရဲ့ နောက်ပိုင်းကာလမှာပဲ မောင်နဲ့ ကျွန်မကို ဝေးကွာစေမဲ့ နှစ်တို့ရောက်ရှိလာခဲ့ပြန်တယ်။

Check Also

ချစ်တဲ့ သူတွေအကြောင်းပြောရအောင်(၂၄)

အဲဒီခေတ်တုန်းကတော့စာပေစီစစ်ရေးနဲ့ ဆက်ဆံရတာ စိတ်ပျက်ပြီးတော့ မဂ္ဂဇင်းမထုတ်တော့ဘဲနဲ့ အခြားအလုပ်ပြောင်းကုန်တဲ့ စာနယ်ဇင်းသမားတွေလည်းအများကြီးပဲ။ သူတို့အနေနဲ့ စာနယ်ဇင်းလုပ်ငန်းက အသက်မွေးဝမ်းကျောင်းလုပ်ဖို့ မဖြစ်နိုင်တော့ဘူးဆိုပြီးတော့ အခြားအလုပ်တွေ ပြောင်းကုန်ကြတာပါ။ စာပေစီစစ်ရေးက ကျွန်မကို အယ်ဒီတာလုပ်ပိုင်ခွင့်ပျောက်ဆုံးပြီး …